Monthly Archives: Nov 2022

အုန်းတောရွာရှိ စစ်ကောင်စီအမြှောက်တပ် စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊အုန်းတောကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အား ၄၀ မမ လက်နက်ကြီးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)ထံက သိရသည်။

စစ်ကိုင်း-ရွှေဘ်ိုကားလမ်းပေါ် ရှိ ထိုစစ်ဆေးရေးဂိတ်အားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အုန်းတောရွာမှာရှိတဲ့ အမြောက်တပ်ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်။ အဲ့ဒီဂိတ်ကို ကျွန်တော်တို့က ၄၀ မမနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့တပ်ထိအောင် ခြိမ်းခြောက်နိုင်တယ်ဆိုတာကို ပြသခြင်းလည်း ဖြစ်ပါတယ်” ဟု PAFD တာဝန်ခံက မဇ္စျိမကို ပြောသည်။

အုန်းတောရွာအမြောက်တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ရှိနေသည့်အချိန် ကာကွယ်ရေးတပ်ဖွဲ့က လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို ထုလိုက်တဲ့အချိန် တပ်အပေါက်ဝကအမြောက်ကြီးဘေးမှာ ငါးယောက်လောက်ရှိတယ်။ ကင်းစောင့်နေကြတာပေါ့။ ကျွန်တော်တို့ ပစ်လိုက်တဲ့ဟာက ဂိတ်အပြင် တပ်ထဲမှာလည်း ကျတာရှိတော့ အထိအခိုက်ကတော့ မသိရသေးဘူး” ဟု PAFD တာဝန်ခံက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ Phonex (SGG) နှင့် D.B.B.F-MMU အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အုန်းတောရွာအမြောက်တပ်ရှိ စစ်ကောင်စီတပ်သည် တပ်အနီးတွင် ကင်းပုန်းဝပ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအား ချိန်ရွယ်ခြင်းအပြင် တပ်ရှေ့တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ ပြည်သူများကို စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးရန် လာရောက်သည့် တပ်မ (၃၃)မှ စစ်ကားများသည် စစ်ကြောင်းမထိုးမီအချိန်တွင် အုန်းတောရွာအမြောက်တပ်အတွင်း လာရောက် စခန်းချ နေထိုင်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း စစ်ကိုင်းမြို့နယ် မြောက်ဘက်ခြမ်းနှင့် ဝက်လက်မြို့နယ် အနောက်ခြမ်းများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။mizzima

ခင်ဦးတွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး ကိုထွန်းထွန်းဝင်းကို လည်ပင်းဖြတ် သတ်ဖြတ်၊ ကြံ့ခိုင်ရေးပါတီ လူငယ် ၆ ဦးအပါဝင် ပြည်သူ ၁၀ ဦးကို စစ်တပ်က ဓားစာခံ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် မောင် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အသက် ၂၇ နှစ်အရွယ် ကို ထွန်းထွန်းဝင်းကို လည်ပင်းဖြတ်၍ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ခင်ဦးမြို့နယ်မြောက်ဘက်ပိုင်းမှ လာ သော စစ်ကြောင်းသည် ကံသာယာရွာ နတ်ကြီးကုန်း ထန်းတောတဲဝင်၍ အသက် ၂၇ နှစ်အရွယ် ကိုထွန်းထွန်းဝင်းကို လည်ပင်းဖြတ်၍ လည်းကောင်း ၊ အသက် ၁၄ နှစ်အရွယ် မောင်ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ လည်း ကောင်း သတ်ဖြတ်သွားကြောင်း ၊ ကံသာယာမြောက်ရွာမှ ပြည်သူ ၄ဦး ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဗအိုးကျေးရွာတွင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က ခင်ဦးမြို့နယ် အိုင်ပေါက်ကြီးကျေးရွာမှ စစ်ရှောင် လူငယ် များ ဖြစ်ကြသည့် ကြံခိုင်ရေးပါတီဝင် ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး သွား ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သည်ဟု ရှင်းလင်းပြောဆိုသော်လည်း ရိုက်နှက် ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသည့် အိုင်ပေါက်ကြီးကျေးရွာမှ ကြံ့ခိုင်ရေးပါတီ လူငယ် ၆ ဦးမှာ ကိုအောင်ကျော်ဆန်း၊ ကိုချစ်သူ၊ ကိုစိုးခိုင်၊ ကိုဝင်းတင့်၊ ကိုဖိုးဝိုင်း၊ အခြား လူငယ်တစ်ဦးမှာ နာမည်စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

“တစ်ရွာလုံး စစ်ရှောင်နေတာ။ ခင်ဦးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင် ရခဲ့တဲ့ ကြံဖွတ်ရွာ ၅ ရွာရှိတယ်။ အဲဒီအထဲမှာ အိုင်ပေါက်ကြီး ကျေးရွာ ပါတယ်။ ကြံ့ဖွတ်မဲနိုင်တဲ့ရွာတွေက အင်ကြင်းပင်ရွာ၊ အိုင်ပေါက်ကြီးရွာ အလည်ရှို ရွာ တွေပဲ။ စစ်ခွေးတွေက အစိမ်း၊ အနီ မခွဲဘူး ။ အကုန်ဖမ်းတယ်။ အကုန် သတ် တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ခင်ဦးမြို့နယ်မှ PDF ရဲဘော်တစ်ဦးက အိုင်ပေါက်ကြီးကျေးရွာသည် ကြံ့ဖွတ် မဲနိုင် ခဲ့သည့် ကျေးရွာဖြစ်သော်လည်း လက်ရှိအချိန်တွင် အားလုံးသော ကြံ့ ဖွတ်များမှာ နေအိမ်များ မီးရှို့ခံရခြင်းနှင့်စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် စစ် တပ်ကို ရသည့်နည်းလမ်းဖြင့် ပြန်လှန်တော်လှန်နေကြသည်ဟု ပြောဆိုသည်။

“အရင်ကတော့ ကြံ့ဖွတ်နဲ့ ခွပ်ဒေါင်း တစ်ဝက်စီလောက်ပဲ အားကောင်း ခဲ့ ဖူး တယ်။ အခုတော့ PDF စိုးမိုးနယ်မြေဖြစ်သလို ပအဖ ပကဖ ဖွဲ့စည်း နိုင်ထား ပါတယ်” ဟု ခင်ဦး PDFရဲဘော်က ပြောသည်။ khit thit

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းမဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမောဆိုက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲကို နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေ ဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ-၃ နဲ့ DMO အမှတ် ၁၁၀၆ တပ်ရင်းရှိ တပ်ဖွဲ့ဝင်တွေ ပူး ပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ အတွဲလိုက် စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိ ပြည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။DVB

ခင်ဦးမြို့နယ် မုံလှကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မုံလှ ကျေးရွာကို နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စ တင် မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၀၀ ခန့်ပါသည့် အဆိုပါစစ်ကြောင်းမီးရှို့ခဲ့သည့် မုံလှကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ကျောက်တိုင်ကျေးရွာကို လက်နက်ကြီးတွေ နဲ့ စပစ်ကတည်းက ကျမတို့ ရွာက အကုန်လုံး ရှောင်နေရတာ ဖြစ်ပါတယ်။ ရွာကိုတော့ မနေ့က ညပိုင်းက ရောက်ပြီး ယနေ့ နံနက်ခင်း ၁၀နာရီလောက်မှာ မီးစရှို့ပါတယ် ။ လက်နက်ကြီးသံတွေ ၊ သေနတ်သံတွေက ဆူညံ့နေတာပါပဲ ။ ကျမတို့ ရွာတင်မဟုတ်ပါဘူး။ နီးစပ်ကျေးရွာတွေ အကုန်ထွက်ပြေးနေရတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည် ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တိုင်-ကျီစု ကျေးရွာကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်ကစစ်ကြောင်းထိုးနေသောကြောင့် ကျောက်တိုင်၊ ကျီစု ၊ မုံလ၊ သာဝတ္ထိ၊ သရက်ကုန်းစသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ စစ်ရှောင်နေရကြောင်းသိရသည်။ mizzima

မြ၀တီ ၊ မုံရွာ၊ ထားဝယ်နှင့် မြင်းခြံတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီ တပ် ဘက်မှ ၁၇ ဦးသေဆုံး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးကြောင်း သိရှိရသည်။

မြ၀တီတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်သား ၈ ဦးသေဆုံး

===============================

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေ လမ်း ပိုင်း ဘလက်ဒိုရွာအနီးတွင် စခန်းချနေသည့် ခမရ (၁၀၂) စစ်ကောင် စီတပ်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီဝင် ၈ ဦးသေဆုံးကြောင်း၊ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရကြောင်း Federal Wings အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈) တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Federal Wings တပ်ဖွဲ့အနေဖြင့် ပျံသန်း တိုက်ခိုက် မှု ၁၂ ကြိမ်တွင် ဗုံး ၃၇ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Federal Wings အဖွဲ့က ဆိုသည်။

မုံရွာတွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်

================================

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တောပုကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်း ဖက်စစ်ကောင်စီဝင်များနှင့် ပျူစောထီးများ စခန်းချထားသည့် နေရာသည် နိုဝင် ဘာ ၂၃ ရက်‌နေ့ ညနေ ၅ နာရီ ၁၄ မိနစ်အချိန်တွင် ၉၀ မမ တာဝေး ပစ်လက်နက်ကြီးများဖြင့် သုံးချက်ပစ်ခတ်ခံရကြောင်း Aera 71 people defense force Monywa က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။

ထို့ပြင် တောပုကျေးရွာအတွင်းသို့လည်း နိုဝင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီ ၃၇ မိနစ်အချိန်တွင်လည်း ထပ်မံ၍ တာဝေးပစ် ၉၀ မမ လက်နက် ကြီးဖြင့် အချက် ၂၀ တိတိထပ်မံပစ်ခတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက် အကျ အဆုံး မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ ကဆက် ပြောသည်။

ထားဝယ်-ရေးကားလမ်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

=======================================

တနင်္သာရီတိုင်း ထားဝယ်-ရေးကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ ကြားတွင်လည်း နိုဝင်ဘာ ၂၂ ရက်‌နေ့ ညနေ ၄ နာရီအချိန်တွင် မိုင်းရှင်းလင်း ရန် ရောက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၆ ဦး သေ သွားကြောင်း DGRF အဖွဲ့က သတင်းထုတ် ပြန်သည်။

မိုင်းရှင်းလင်းရန် ရောက်လာသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ၆၀ မမ ၂ လုံး၊ မိုင်း ၃လုံးနဲ့ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မိုင်းမြုပ် ထား သည့် အပေါ်တွင် တက်ထိုင်နေသည့် စစ်ကောင်စီတပ်သား ၆ ဦးခန့် လွင့်စင် တက် သွားကြောင်း၊ ၃ ဦးမှာ မြေတွင်ပုံကျသွားခဲ့ပြီး ကို အရေးပေါ်ကား ၅ စီး နှင့်လာရောက်တင်ဆောင်သွားကြောင်း၊ နောက်ဆက်တွဲ စုံစမ်းချက်အရ ၆ ဦး ခန့် သေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မောင်မယ်ရှောင်ကျေးရွာအုပ်စု၎င်း နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ် (ပကဖ) DGRF ရဲဘော်များ ၈ မိနစ်ကြာ ထိတွေ့ပြန်လှန်ပစ်ခတ်ကြရာ၌ တော်လှန် ရေး ရဲဘော်(၂)ဦး သံစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီ တပ်များကို DGRF ရဲဘော်များက ၄၀မမ လက်နက်ငယ်များနှင့်ထပ်မံ မိုင်းခွဲ တိုက် ခိုက်ရာ စစ်ကောင်စီစစ်သား ၃ ဦးသေ၊ ၄ ဦးအပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြင်းခြံတွင် စစ်ကား ၂ စီးကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

==================================

မန္တလေးတိုင်း၊ မြင်းခြံ-မန္တလေး ကားလမ်းမပေါ်တွင် နိုဝင်ဘာ ၂၂ ရက်‌နေ့ ညပိုင်း အကြမ်းဖက်စစ်ကောင်စီ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၈ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၂၃ ရက်နေ့ညပိုင်း ဗိုလ် တစ်ဦး အပါအဝင် ၃ ဦး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း နဂါးနီ ပြောက် ကျားတပ်ဖွဲ့ (မြင်းခြံ) က သတင်းထုတ်ပြန်သည်။khit thit

မကွေးတိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်တပ်က ရွာသားများကိုဖမ်းဆီး၊ နေအိမ်များအား မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူများပြားကာ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပ.က.ဖနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

စသိန်းကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းဟာ မနေ့ မနက် ၈ နာရီခွဲလောက်မှာ ညောင်ရင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၆ လုံးကို မီးရှို့ပြီးတဲ့အချိန်မှာ နေအိမ်ထဲတွေမှာ ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ စတင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖ တပ်ရင်း ( ၁) တပ်မှူး ဗိုလ်လက်ယာက  ပြောပါတယ်။

“မီးရှို့ပြီး ပြန်ထွက်လာတော့လည်း နင်းမိုင်းမိပြီး စစ်(…)တယောက် လဲကျသွားကာ ဒဏ်ရာရရှိသူတွေရှိပြီး လဲကျသွားတဲ့သူကိုတော့ ကားပေါ်ဆွဲတင်သွားပြီး နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်(…)တွေက ရွာမြောက်ဘက်ကို ထွက်လာတော့ အသင့်စောင်နေတဲ့ ရဲဘော်တွေနဲ့ ၁ နာရီနီးပါးလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်(…) ၄ ယောက် လဲကျသွားတာ လှမ်းမြင်ရပြီး ကျန်တဲ့(…)တွေလည်း ဒဏ်ရာရပြီး ထွက်ပြေးကြတယ်။ မနေ့က မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အထဲမှာ ကားတစီး ပက်လက်လန်သွားပြီး ထိခိုက်ဒဏ်ရာရသူ များပြားနိုင်တယ်။”

ဒါ့အပြင် မြိုင်မြို့နယ် ဗဟင်းရဲစခန်းနဲ့ ဗဟင်းရွာကို မီးရှို့ပြီး စခန်းစွန့်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်လောက်က ကြောင်ကန်ရွာနားမှာ ရဲမိသားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ကားတစီး ထွက်သွားပြီး နောက်ကားတစီးပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တက်ဖို့လုပ်တဲ့အချိန်မှာ ပေပါမိုင်း ၂ လုံးနဲ့ တိုက်ခိုက်လိုက်လို့ စစ်သားတွေသေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြောင်ကံကျေးရွာက နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ည ၁၂ နာရီလောက်မှာ မြိုင်မြို့မရဲစခန်းရှေ့မှာ တားထားတဲ့ ဘယ်ရီဂိတ်တွေကို ဝင်တိုက်ပြီး စခန်းထဲကို ဝင်သွားကြတယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ဒီနေ့ ၂၄ ရက်နေ့အထိ မီးဘေးသင့် စစ်ဘေးရှောင်အရေအတွက် ၇,၀၀၀ လောက်ရှိနေပြီး မြိုင် ပ.က.ဖ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသထွက် ချဉ်ပေါင်ကြော်၊ ဝက်သားဟင်းတွေနဲ့ ဆန်အိတ် ၁၀၀ လောက် ထောက်ပံ့ကူညီထားတယ်လို့ ဆိုပါတယ်။

စသိန်းကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ စသိန်းကျေးရွာကို နိုဝင်ဘာ ၂၂ ရက်နေ့ ညမှာ စစ်ကောင်စီစစ်ကြောင်းက ကျွန်းတိုင်းရွာဘက် ကနေ စစ်ကြောင်းထိုးလာပြီး ရွာတောင်ဘက်ထိပ်ကနေ တညလုံး ပတ်ချာလည် မီးရှို့ဖျက်ဆီးခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းကျတော့ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိတဲ့အနက် အိမ် ၃၀ လောက်သာ ကျန်တော့လို့ နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရွာထဲကို စစ်ကြောင်းမဝင်ခင် ပြည်သူတွေကို ကယ်ထုတ်ပေးပြီး ရိက္ခာတွေကို နိုင်သလောက်သယ်ဖို့ ပြောတဲ့အတွက် လှည်းတွေနဲ့ တနိုင်တော့ သယ်ယူလာနိုင်ခဲ့ပြီး ရွာထဲမှာရှိတဲ့ စားနပ်ရိက္ခာအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက် ဆီးခဲ့လို့ ရိက္ခာပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဆက်လက်ပြီး အဲ့ဒီဒေသခံက “သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကတော့ တောထဲတွေမှာ ​မိုးကာတဲတွေ ထိုးပြီး ဖြစ်သလို နေနေကြရတယ်။ ရွာထဲမှာလည်း အသက် ၇၀ လောက်ရှိမယ့် အဘိုးအိုတယောက်နဲ့ အဘွားအိုတယောက် မပြေးနိုင်လို့ ကျန်နေခဲ့ပြီး ပျောက်ဆုံးနေကာ သူတို့နေထိုင်ခဲ့တဲ့ အိမ်တွေက မီးလောင်ကျွမ်းသွားပြီဆိုတော့ မီးထဲကိုပါသွားပြီလို့ ယူဆရတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းပြီးသွားရင်တောင် ပြန်စရာအိမ်မရှိတော့သလို ဘာမှမရှိတော့လို့ နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြပြီး စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သရွေ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

“စစ်ကောင်စီရဲ့ လူမဆန်တဲ့ ယုတ်မာမှုတွေကြောင့် ကျနော်တို့ ဒုက္ခရောက်ရင်လည်း ရောက်ပါစေ၊ နယ်မြေအသီးသီးမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ အားမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်ပေးကြဖို့ တောင်းဆိုချင်တယ်” လို့ စသိန်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ မြိုင်မြို့နယ် ဗဟင်းကျေးရွာက နေအိမ် ၇၀ ခန့်၊ ပေါက်မြို့နယ် ကျွန်းတိုင်းရွာက အိမ်ခြေ ၂၃၀ ကျော်ခန့်၊ စသိန်းကျေးရွာက အိမ်ခြေ ၃၀၀ ကျော်ခန့်၊ ဂွေးဂုဏ်ရွာက နေအိမ် ၆ လုံးခန့်၊ ညောင်ရင်းကျေးရွာက နေအိမ် ၆ လုံးခန့်နဲ့ ကြောင်ကန်ကျေးရွာက နေအိမ် ၁၂ လုံးခန့် စုစုပေါင်း အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး‌ ဒေသခံအမျိုးသား ၃ ဦးဟာ ကျေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်စဉ် ကျေးရွာတွင်းမှာ ပိတ်မိပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဆိုပါ ဝါးရင်းချိုင်ကျေးရွာမှာ လူနေအိမ် ၄၀ ဝန်းကျင်ရှိပြီး ဒေသခံ ၂၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကြောင်းဟာ ကျေးရွာတွင်းက ထွက်ခွာသွားပြီဖြစ်ပြီး ဒေသခံတွေကတော့ ကျေးရွာတွင်းကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေကို မီးငြိှမ်းသတ်နေကြရတယ်လို့ ထီးလင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း ကျားခဲကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂၀၀ လောက် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ DVB

ဗဟိုလမ်းမပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဧည့်စာရင်း ဝင်စစ်ကာ စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်း

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဗဟိုလမ်းမပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီးနောက် စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်းမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

လှိုင်မြို့နယ်၊ အနောက်ပေ ၅၀ ကားမှတ်တိုင်မှ သီရိမြိုင်ဘူတာအထိ ဗဟိုလမ်းမပေါ်တွင် တည်ဆောက်ထားသည့် နေအိမ်များအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် မနက် ၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းမှာ ဗဟိုလမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ရထားရယ်၊ ရဲကားရယ်လာပြီးတော့ ဗဟိုလမ်းရဲ့ အနေအထားကို တိုင်းတယ်။ ပြီးတော့ ၂၃ ရက် မနက်တစ်နာရီမှာ ဗဟိုလမ်းရဲ့လမ်းတစ်ဖက်ဆီမှာရှိတဲ့ အိမ်တွေကို ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လို ဝင်စစ်တယ်ဆိုတာ ရပ်ကွက်ထဲကို ဝင်စစ်တာ မဟုတ်ဘူး။ ဗဟိုလမ်းမပေါ်မှာရှိတဲ့ အိမ်တွေကိုပဲ ဝင်စစ်တာ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဗဟိုလမ်းမပေါ်ရှိ ရထားသံလမ်း မျက်နှာချင်းဆိုင်မှ နေအိမ်များကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာတွင် စာရွက်အဖြူပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဧည့်စာရင်းဝင်စစ်ကာ စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်းခြင်းသည် ဗဟိုလမ်း ဧရိယာအား ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်များကို ဖယ်ရှားရန် စစ်ကောင်စီတပ်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

“ထိုးရတာက စာရွက်အဖြူပေါ်မှာ ထိုးရတာ။ ဘာကြောင့် ထိုးရတာလဲ ဘယ်လိုလဲဆိုတာ မသိဘူး။ လူတွေကတော့ စိုးရိမ်နေကြတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ထို့အပြင် ဗဟိုလမ်းစတင်ဆောက်လုပ်စဉ်က လမ်းဧရိယာနှင့် မလွတ်ကင်းသည့် နေရာများကို လျော်ကြေး ပေးထားသော်လည်း ပြန်လည်နေထိုင်မှုများ ရှိသည့်အတွက် အဆိုပါ ကျူးကျော်နေထ်ိုင်သူများကို ဖယ်ရှားရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း မြို့နယ်အတွင်း ပြောဆိုမှုများ ရှိနေသည်။

“လက်ရှိတော့ ဒေသခံတွေ ပြောတာက ဗဟိုလမ်းပေါ် ကျူးထားတဲ့ သူတွေပဲ ဖယ်ပေးရမှာ။ အဲ့လိုမျိုးပဲကြားတယ်။ အဲ့ဒါက လူပြောများတယ်။ ပြီးတော့ ဧည့်စာရင်း ဝင်စစ်တဲ့အချိန် ဘာကို လက်မှတ်ထိုးခိုင်းလို့ လက်မှတ်ထိုးခိုင်းမှန်း မသိတာတွေကို ကြောက်နေကြတာ။ လာဖယ်တာတွေ ဘာတွေတော့ မရှိသေးဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

လှိုင်မြို့နယ် ၁၄ ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ” ဗဟိုလမ်းကို ပေ ၁၀၀ ချဲ့မယ်ဆိုပြီး ကြားတယ်။ အဲ့ဒါကြောင့် တိုင်းတာမှုတွေ လုပ်နေတာလို့ သိရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ် အမှတ် (၁) နှင့် အမှတ် (၃)ရပ်ကွက် အတွင်းရှိ နေအိမ်များကို ကျူးကျော်နေထိုင်သည်ဟုဆိုကာ သတ်မှတ်ထားသည့် ရက်အတွင်း အပြီးသတ်ဖျက်သိမ်းပေးရန် ခေတ္တအုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် စာထုတ်အကြောင်းကြားမှုများ ရှိခဲ့သည်။

ထို့နောက် မရမ်းကုန်းမြို့နယ်အမှတ် (၃) ရပ်ကွက်အတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ဘူဒိုဇာများဖြင့် လာရောက်ဖြိုဖျက်သွားခဲ့ပြီး ထပ်မံဆောက်လုပ်ခြင်းမပြုလုပ်ရန် သတိပေးသွားခဲ့ကြောင်း သိရသည်။

ယခုနိုဝင်ဘာလအတွင်းမှာပင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ နေအိမ်များကို ဖယ်ရှားပေးရန် စစ်ကောင်စီတပ်၏ ဖိအားပေး အကြောင်းကြားမှုများကြောင့် အိမ်ပိုင်ရှင်နှစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဒေသခံများက မဇ္စျိမကို ပြောကြားထားသည်။mizzima

စစ်တပ်က ခင်ဦးမှ ၁၄ နှစ်သားနှင့် ပကဖလူ ငယ်တစ်ဦးကို သတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းဝင်နေသော  စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၃) ၌ ကံသာယာကျေးရွာမှ ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသားနှင့် ကျေးရွာကာကွယ်ရေးအဖွဲ့ ဝင်တစ်ဦး သတ်ဖြတ်ခံရသည်။

ခင်ဦးမြို့မှ လာသည့် စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် မြို့မှ ၂ မိုင်ခွဲခန့်အကွာ ကံသာယာရွာကို ယမန်နေ့ညနေက ရောက်ရှိလာကြသည်။ 

စစ်ကြောင်း ရောက်လာ၍ ထွက်ပြေးသည့် ငါးတန်းကျောင်းသား  မောင်ရဲမင်းနောင်သည် ရွာမှ တစ်မိုင်ခန့်အကွာ ယာတောထဲတွင် စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကံသာယာရွာသားတစ်ဦးက Myanmar Now  ကို ပြောသည်။

“ကြောက်အားလန့်အားနဲ့ တောထဲမှာ ပုန်းနေကြတာဗျာ၊ စစ်ကောင်စီက သေနတ်ဖောက်သံကြားတော့ ကြောက်အားလန့်အားနဲ့ ပြေးတဲ့အချိန် ကလေးကို ပစ်လိုက်တာ”ဟု သူက ဆိုသည်။

အဆိုပါယာတောနှင့် မနီးမဝေးတွင် စစ်ကြောင်းကို ကင်းထောက်ရန် ရောက်နေသည့် ကံသာယာကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အသက် ၂၅ နှစ် အရွယ် ကိုထွန်းထွန်းဝင်း ဖမ်းဆီးခံရသည်၊ 

သူ၏ အလောင်းတွင် ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေ့ရသလို ဖြတ်ထားသည့်ခေါင်းမှာ ခန္ဓာကိုယ်နှင့် တကွဲ တပြား ရှိနေကြောင်း ထိုကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။ 

“ရဲဘော်ကတော့ စစ်ကြောင်းသတင်း အသွားအလာကို စောင့်ကြည့်ရင်း (စစ်ကြောင်းနဲ့) တည့်တည့် တိုးပြီး အဖမ်းခံလိုက်ရတာ” ဟု သူက ဆိုသည်။

ထိုညနေမှာပင် စစ်ကြောင်း ပြန်ထွက်သွားသဖြင့် သတ်ဖြတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းများကို ချက်ချင်း ကောက်ယူသဂြိုလ်ခဲ့ကြောင်း သိရသည်။

ခေါင်းဖြတ်ခြင်းမှာ  ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သွားခြင်းသာဖြစ်ကြောင်း အထက်ပါ ကံသာယာရွာသားက မှတ်ချက်ပြုသည်။

“ပြည်သူပြည်သားတွေကို အကြောက်တရားကြီးအောင်ရက်ရက်စက်စက် သတ်ဖြတ်တာကို ကျွန်တော်တို့ကတော့ လက်ခံစရာအကြောင်းမရှိဘူး” ဟု သူက ပြောသည်။

သတ်ဖြတ်မှူကျူးလွန်ခဲ့သည့် အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍  ရေဦးမြို့မှ တစ်ဆင့် ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းတစ်လျှောက် စီးနင်းနေခြင်းဖြစ်ပြီး ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့သည်။

ထို့အတူ ခင်ဦးနှင့်ကန့်ဘလူမြို့နယ်အစပ်တွင် အင်အား ၁၅၀ခန့်ပါ အခြားစစ်ကြောင်းတစ်ခုရှိပြီး ကျေးရွာ ၄ ရွာကို နှစ်ရက်အတွင်းမီးရှို့ခဲ့သည်။ 

ယမန်နေ့ နံနက်တွင် ခင်ဦးမြို့နယ်မြောက်ပိုင်း မုံလှရွာအနီးတွင် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လေကြောင်းပစ်ခတ်မှုအတွင်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တချို့သေဆုံးပြီး အဆက်အသွယ်ပြတ် နေသူများလည်း ရှိကြောင်း ခင်ဦးမြို့နယ် PDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရဲဘော်တစ်ယောက်နဲ့ပြည်သူတစ်ယောက်ကျသွားတယ်။ ဒီထက်ပိုများနိုင်ချေရှိတယ်၊ စစ်သားတွေ မထွက်သေးတော့ တိတိကျကျမသိရသေးဘူ”ဟု သူက ဆက်ပြောသည်။

ခင်ဦးမြို့နယ်ရှေ့မြောက်ပိုင်း ရွှေဘို-မြစ်ကြီးနားလမ်းတစ်လျှောက်တွင်လည်း အင်အားရာနှင့်ချီပါ စစ်ကြောင်း တစ်ကြောင်းရှိနေပြီး သောက်ကန်ကျေးရွာကို ယမန်နေ့ကစ၍ မီးတင်ရှို့နေကြောင်း သိရသည်။

စစ်တပ်က ခင်ဦးမြို့နယ်မှ ကျေးရွာ ပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု နိုဝင်ဘာလ ဒုတိယပတ်အထိ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြုစုထားသော စာရင်း အရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်နီပါးကာလအတွင်း ခင်ဦးမြို့နယ်မှတိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၁၈ ဦး သေဆုံးပြီး ဖမ်းဆီးခံရသူ ၁၄၃ဦး ရှိကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မှတ်တမ်းများအရ သိရသည်။ myanmar now

ကာမိုင်းထွေအုပ်ရုံးအတွင်း လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး ဝန်ထမ်း ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၂၄ ရက် မနက်က လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဝန်ထမ်းတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက “နေ့လယ် ၁၂ နာရီမထိုးခင်ဖြစ်တာ။ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ ၆၀ မမ လက်နက်ကြီးကျည် ကျလာတာ။ ဝန်ထမ်းအမျိုးသားတဦးသေပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရတယ်။ ဘယ်အဖွဲ့ကပစ်လဲတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး ထွေအုပ်ရုံးရဲ့ ရုံးအဆောက်အဦမှန်နဲ့ မျက်နှာကြက်တွေ ပျက်စီးခဲ့ကာ ဒဏ်ရာရသွားတဲ့ အမျိုးသားဝန်ထမ်းကတော့ ဒဏ်ရာပြင်းထန်ပေမဲ့  အမျိုးသမီးဝန်ထမ်းရဲ့ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်း လမ်းဆုံတွေနဲ့ မြို့ပြင် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအင်အား အများအပြားနဲ့ စစ်ဆေးရှာဖွေနေပါတယ်။ DVB

« Older Entries