တောပုကျေးရွာအထွက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း South Monywa PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများအားကောင်းသည့် တောပုကျေးရွာအထွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ မနေ့က ညနေ ၃ နာရီခွဲကစပြီး အခုအချိန်အထိ စစ်ဆင်ရေး တောက်လျှောက်လုပ်နေတုန်းပါ။ တောပုကျေးရွာအထွက်မှာ ဖြစ်တာ ဖြစ်ပါတယ်။ ဒီကောင်တွေ ရွာထဲကနေ အင်အား ၂၀ ယောက်နဲ့ ထွက်လာတဲ့ အချိန်မှာ ပစ်ခတ်တိုက်ခိုက်တာပါ” ဟု South Monywa PDF တာဝန်ခံ Daung Karyan က မဇ္စျိမကို ပြောသည်။

တောပုကျေးရွာမှ ထွက်လာသည့် အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၄၀ မမ များ၊ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွင် ပျူစောထီးနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ သုံးဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း South Monywa PDF ထံမှသိရသည်။

“ နှစ်ယောက် ပွဲချင်းပြီး သေပါတယ်။ သုံးယောက် ပြင်းထန်ဒဏ်ရာရပြီး မနည်း အသက်လုနေရတယ် ကြားပါတယ်။ လောလောဆယ်တော့ သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံတင်ဟန်ဆောင်ပြီး ရွာပြင်ခေါ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၊ Spring Dove၊ Garuda King၊ Special Forces 11 PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပွန်းပဲ့ ဒဏ်ရာရရှိသည်မှ လွဲ၍ အထိအခိုက်မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တောပုကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အနီးအနားရှိ ကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ်က တောပုကျေးရွာကို အင်အားထပ်မံဖြည့်တင်းရန် ပြင်ဆင်နေကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ ပျူတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေဆဲပါ။ အခုအချိန်အထိတော့ ရွာထဲက ထွက်မလာသေးပါဘူး။ ထွက်လာရင်တော့ တိုက်ပွဲက ဆက်ဖြစ်နေဦးမှာပါ။” ဟု South Monywa PDF တာဝန်ခံ Daung Karyan က ပြောသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများ အနေဖြင့် မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ယမန်နေ့ ည ၈ နာရီနောက်ပိုင်းမှ စတင်ကာ အသုံးပြုသွားလာမှု ရှောင်ကြဥ်ကြရန်လည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းအထိလည်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ကြား ထိတွေ့ တိုက်ခ်ိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် အဆိုပါလမ်းပိုင်းကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကာ ပြန်လည်ဖွင့်လှစ်ပါက အသိပေးသွားမည်ဖြစ်ကြောင်း South Monywa PDF ထံမှ သိရသည်။

“ စစ်ဆင်ရေးလုပ်နေတဲ့အချိန်တွေမှာ ပြည်သူတွေ ထိခ်ိုက်မှု မဖြစ်အောင်နဲ့ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့တပ်ဖွဲ့ရဲ့ သတိ ပေးထုတ်ပြန်ချက်တင်မဟုတ်ဘဲ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Daung Karyan က ပြောသည်။

မုံရွာမြို့နယ်ရှိ တောပုကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသူရွာသားများကို ပျူစောထီးသင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး အနီး အနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရာတွင် လိုက်ပါလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပျူစောထီးများက ကျေးရွာအတွင်းရှိ စစ်တပ်အာဏာသိမ်းဆန့်ကျင်သူများကိုလည်း ဖမ်းဆီးမှုနှင့် အကြောင်းမဲ့ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့ကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက တောပုကျေးရွာရှိ ပျူစောထီးများကို မကြာခဏ သွားရောက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s