PDF အမျိုးသမီးရဲဘော်များက စစ်ကောင်စီသတင်းပေးဆိုသူကို ပစ်သတ်ပြီးနောက် ပခုက္ကူမြို့တွင် ဆိုင်ကယ်၂ဦးစီးခွင့် ပိတ်ပင်

မကွေးတိုင်း ၊ ပခုက္ကူမြို့တွင် PDF အမျိုးသမီးရဲဘော်များက စစ်ကောင်စီသတင်းပေးဆိုသူကို ပစ်သတ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ရက်နေ့မှစ၍ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ဆိုင်ကယ်နှစ်ယောက်ပူး စီးနင်းခွင့်ပိတ်ပင်လိုက်ကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ယနေ့နိုဝင်ဘာလ ၂၄ရက်နေ့တွင် ပခုက္ကူ -မြိုင်ကားလမ်း၊ မြိုင်လမ်းနှင့် မြို့ရှောင်လမ်းဆုံရှိ ပခုက္ကူတက္ကသိုလ်အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသည့်စစ်သားများက ရွာဘက်မှ ဆိုင်ကယ်နှင့် လာသည့်ပြည်သူများအား ဆိုင်ကယ်တစ်စီးချင်းတားပြီး ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်ကစပြီး ယောက်ျားလေးဖြစ်ဖြစ် ၊မိန်းကလေးဖြစ်ဖြစ် ဆိုင်ကယ် နှစ်ယောက်ပူး လုံးဝစီးခွင့်မရှိတော့ကြောင်း၊ ဒီနေ့နောက်ဆုံးဟု မှာလွှတ်နေကြောင်းကြားသိရပါတယ်။” ဟု ပခုက္ကူမြို့နေ ဒေသခံသတင်းရင်းမြစ်မှ မဇ္ဈိမကို ပြောသည်။

ထို့အပြင် ညီအမ၊ မောင်နှမဖြစ်နှစ်ယောက်စီးခွင့်မရှိ၊ တစ်စီးလျှင် တစ်ဦးသာစီးခွင့်ရှိပြီး ဆိုင်ကယ်လိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ် မပါခဲ့ပါက ဒဏ်ငွေ ငါးသောင်းအထက် ပေးဆောင်ရမည်ဟုလည်း ကြားသိရသည်ဟု ၎င်းဒေသခံက ဆိုသည်။

“ပြည်သူတွေအတွက် ဆိုင်ကယ်နှစ်ယောက်စီးဖို့က တချို့အခြေအနေတွေမှာ လိုကိုလိုအပ်တာမို့ သူတို့ တွေ့ရင် ဘယ်လိုအရေးယူမယ်မှန်းတော့ မသိရသေးပေမယ့် အဲလိုကန့်သတ်လိုက်တဲ့အတွက် တော်တော်များများတော့ အခက်အခဲဖြစ်သွားမှာပါ။ ပြောက်ကျားအဖွဲ့တွေအနေနဲ့ကတော့ ဒီလိုကန့်သတ်လိုက်တာကြောင့် ထူး‌ပြီးတော့တော့ ပိုခက်ခဲသွားတာမျိုး ရှိမှာ မဟုတ်ပါဘူး။ ပြည်သူတွေပဲ အခက်ကြုံရမှာပေါ့” ဟု Pakokku People Defence Force(PPDF) မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ရက်နေ့တွင် ပခုက္ကူမြို့၌ စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသူ အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို ၎င်း၏နေအိမ်ရှေ့၌ Earthquake People’s Defence Forceမှ အမျိုးသမီးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ပေးရန် အကြိမ်ကြိမ် သတိပေးစာများ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိသေးသည့် အုပ်ချုပ်ရေးမှူးများကို ဆက်လက်သုတ်သင်သွားမည်ဖြစ်ကြောင်း Earthquake People’s Defence Force အဖွဲ့က ဆိုသည်။

ယခုလက်ရှိတွင် ပခုက္ကူမြို့နယ်၌ Pakokku People Defence Force(PPDF)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)တပ်ခွဲ ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ – တပ်ဖွဲ့(၂)၊ Young Force UG ၊ Earthquare’s People’s Defence Force ၊ RSO(PKU) ၊ PKU N PDF ၊ PKU Ranger ၊ Black Cobra Force နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) စသည့်အဖွဲ့များမှ စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s