တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ရက် စာမျက်နှာများတွင် ထောက်ခံမှုပြုလုပ်နေ သူများကို စစ်ကောင်စီက စောင့်ကြည့်နေပြီး ဖမ်းဆီးမှုများလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ကို အား ပေးထောက်ခံကြောင်းနှင့် အခြားတော်လှန်ရေးနှင့်ပတ်သက်သည့်အဖွဲ့များ၏ လုပ်ဆောင်ချက်များကို မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ပြုလုပ်သူများကို စစ်ကောင်စီက လိုက်လံစောင့်ကြည့်နေပြီး နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ ၎င်းတို့ ထုတ်ပြန်ထားသော စာရင်းများ အရပင် ၁၈ ဦးကို ဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လူမှုကွန်ရက်များတွင် ထောက်ခံနေသူများကိုပင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄- က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေးဥပဒေ ပုဒ်မ၃၃(က) တို့ဖြင့် အရေးယူများမှုကို ပြုလုပ်နေသည်ကို တွေ့ရသည်။
ထိုသို့စစ်ကောင်စီ၏လုပ်ရပ်နှင့်ပတ်သက်ပြီး NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက “ပြည်သူလူထုက ဒီလိုအရေးယူမှုကြောင့် ကြောက်ရွံ့ပြီး လူ့အခွင့်ရေးချိုးဖောက်မှုသတင်းတွေ ရာဇဝတ်မှု ကျူးလွန်မှုသတင်းတွေကို မပေးရဲအောင်လုပ်ဆောင်တဲ့ သတင်းတွေကိုအမှောင်ချတဲ့ အရာမျိုးဖြစ်ပါ လိမ့်မယ်။ နောက်တစ်ခုက ပြည်သူအစိုးရနဲ့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ အားပေးထောက်ခံမှု လျော့ သွားဖို့အတွက် ဒါကို စီစဉ်တာဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ယခုကဲ့သို့ဖမ်းဆီးရန်အတွက် စစ်ကောင်စီသည် အွန်လိုင်းတွင် ၎င်းတို့ဖွဲ့ထားသောအဖွဲ့များဖြင့် Facebook အကောင့်များကို စောင့်ကြည့်ခြင်း၊ သတင်းဌာနများ၊ တော်လှန်ရေးနှင့်သက်ဆိုင်သည့် စာမျက်နှာများ၊ လူပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက်များအပေါ် မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းများ ပြုလုပ် သည်အထိ စောင့်ကြည့်ပြီး ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ NUG ၊ CRPH ၊ PDF အဖွဲ့တွေရဲ့ စာတွေ ပုံတွေ ဗီဒီယိုတွေ သူတို့ကိုအားပေးထောက်ခံတဲ့သူတွေရဲ့ စာတွေပုံတွေဗီဒီယိုတွေကို Like တစ်ခုပေးလိုက်တာဖြစ်ဖြစ်၊ Share တာပဲဖြစ်ဖြစ်လုပ်ရင် အခုဇယားမှာပါတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ)နဲ့ ညိစွန်းပါတယ်။ ထောင်ဒဏ် သုံးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်” ဟု စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာများအပေါ်တွင် စစ်ကောင်စီ၏ စောင့်ကြည့်မှုများရှိနေသည့်အတွက် ပြည်သူများ အနေဖြင့် Facebookတွင် Profile Lock ချထားရန်တွက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်းပြောဆိုမှုများရှိသည်။
ပြည်သူလူထုသို့ စောင့်ကြည်သူများထဲတွင် ဟန်ငြိမ်းဦးအပါအဝင် အခြားစစ်ကောင်စီလက်အောက်ခံ လော်ဘီများလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များတွင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက်အကောင့်များ၊ စီးပွားရေးလုပ်ငန်းများနှင့် နေရပ်လိပ်စာများပါ တင်ပေးလေ့ရှိကြသည်။
အကယ်၍ ၎င်းတို့တင်သည့်အချိန်တွင် ဖမ်းဆီးမခံရသေးပါက အဆိုပါပုဂ္ဂိုလ်သည် ရှောင်းတိမ်းရန် အတွက် အရေးတကြီးလိုအပ်သည်ကိုတွေ့ရသည်။ တစ်ခါတရံတွင် ဖမ်းဆီးပြီးမှလည်း ၎င်းတို့၏ ချန်နယ် များတွင် တင်တတ်ကြသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် မဒီဟူသည့် ရန်ကုန်မြို့နေအမျိုးသမီးငယ်တစ်ဦးသည် ဟန်ငြိမ်ဦး ချန်နယ်တွင် ပါဝင်လာခဲ့သည်။ သိသိချင်းရှောင်းတိမ်းခဲ့သည့်အတွက် ဖမ်းဆီးမခံခဲ့ရကြောင်း သူမက ပြောပြသည်။
“ ညီမတုန်းက ဘညွှန့်မှာပါလာတာ။ ည ၉ နာရီမှာ ပါလာတယ်ဆိုတော့ ၁၁ နာရီမှာ လာရှာတာပေါ့။ ကြိုသိလို့ရှောင်လိုက်တဲ့အတွက် အဖမ်းမခံလိုက်ရဘူး။ ညီမသာအိမ်မှာရှိရင် ဖမ်းခံရမှာပဲ။ အခုဆို FB မှာ post တောင် မတင်ရဲတော့ဘူး” ဟု သူမကဆိုသည်။
အရပ်သားအစိုးရထံမှအာဏာသိမ်းထားသည့် စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာ သည့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဦးခေါင်းကိုပစ်သတ်သည်အထိ ရက်ရက်စက်စက် ဖြိုခွင်းမှုများ ပြုလုပ်သကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှုများအား ထောက်ခံသူများကို မြေပြင်မှာသာမက လူမှုကွန်ရက် စာမျက်နှာများတွင်ပါ ဖိနှိပ်မှုများကို ဆက်တိုက်ပြုလုပ်နေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်း သည့်နေမှ ယခု နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူမှာ ၁၆,၄၂၆ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။mizzima
Like this:
Like Loading...