ကော်ဘရာစစ်ကြောင်း ရိက္ခာယာဥ်အား စစ်ကောင်စီတပ်ပစ်ခတ်မှုဖြစ်စဥ်တွင် DKBA တပ်ဖွဲ့ကားနှင့် အရပ်သားကားများပါ ပစ်ခတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘလက်တိုကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၂ရက် ညနေက ဖြစ်ပွားခဲ့သည့် ကော်ဘရာစစ်ကြောင်း ရိက္ခာယာဥ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့မှုတွင် DKBAတပ်ဖွဲ့ကားနှင့် အရပ်သားကားများပါ ပစ်ခတ်ခံခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းက နိုဝင်ဘာ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

KNUတပ်မဟာ(၆)နယ်မြေတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာ အနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ ကြားဖြတ် ထိုးဖောက် နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အဆိုပါပစ်ခတ်မှု ဖြစ်စဥ်အတွင်း မြဝတီ – ဝေါ်လေ ကားလမ်းမ‌‌ေပါ်ရှိ DKBA တပ်ဖွဲ့၏ ကားတစ်စီး၊ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာယာဉ်၊ ပြည်သူပိုင် ကားတစ်စီး၊ ဒေသထွက် ပြောင်းဆန်များ သယ်ဆောင်လာသော ကုန်တင်ယာဉ် လေးစီးတို့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

DKBA တပ်ဖွဲ့ယာဉ်‌ပေါ်ရှိ တပ်ဖွဲ့ဝင်များ နှင့် ပြည်သူပိုင်ကားပေါ်မှ အရပ်သားများ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ယာဉ်ပေါ်ရှိ ရဲဘော်တစ်ဦး၊ ရဲမေ နှစ်ဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့ရပြီး အသက်ရှင် ကျန်ရစ်သည့် ကျည်ထိမှန်ဒဏ်ရာရရှိသော ရဲဘော် ရှစ်ဦးအား နိုဝင်ဘာလ ၂၃ ရက် မနက်ပိုင်းတွင် ကော်ဘရာစစ်သည်များက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းနေ့ ည‌နေ ၃ နာရီခွဲမှ တစ်ညလုံးနီးပါး နောက်တစ်နေ့ မနက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အမတ(၄၀၂)နှင့် ဒတရ (၆၀၈) တို့မှ အတွဲလိုက်ပစ် ဒုံးကျည်များ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူပေးခဲ့ပြီး မော်လမြိုင်‌ (ရတခ) ဌာနချုပ်တွင် အခြေစိုက်သော Mi – 35 ရဟတ်ယာဉ်ဖြင့် ညနေ ၄ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်အား ပစ်ကူပေး ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်ခဲ့သော်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် တောင်ကုန်းတစ်ခု‌ေပါ် တက်ရောက်ရာတွင် ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသော မိုင်းများကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီ နည်းဗျူဟာ (၄၄၁)အခြေစိုက်သော မြွေသုံးကောင် ဘုရားကုန်းမှ အတွဲလိုက်ပစ်ဒုံးများ၊ (၁၂၀) မမ လက်နက်ကြီးဖြင့် သတင်းထုတ်ပြန်သည့် ည၇ နာရီခွဲ အချိန်အထိ ပစ်ခတ်မှုများရှိနေကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဘလက်တိုကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များ အများအပြား ထိခိုက်ပျက်စီးကြောင်း သိရသည်။

ဘလက်တို ကျေးရွာ အတွင်းသို့ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့ ညနေပိုင်းတွင် ထိပ် တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား သေဆုံး၊ ထိခိုက်မှု ရှိသည်ဟု သိရသည်။

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အရေအတွက် အတိအကျအား အတည်မပြုနိုင်သေးကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား နို ဝင် ဘာလ၂၁ ရက်နေ့မှ စတင်၍ ယနေ့ နိုဝင်ဘာ၂၄ရက်နေ့အထိ လေးရက်ကြာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s