ဖားကန့်တွင် အရပ်သားကားတစီးကို စစ်တပ် ပစ်ခတ်၊ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီး ကောင်ဆန်ကျေးရွာမှာ အရပ်သားကားတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး စီးနင်းလာတဲ့ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အတွက် စစ်တပ်ဘက်က ပြည်သူတွေကို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကား အရင် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ အဲ့မှာ စစ်သားတွေသေပြီး ဒဏ်ရာရသူတွေရှိတော့ ပြည်သူတွေကားကို ပြန်ပစ်တာ။ နေ့လယ် ၁ နာရီလောက်က ဟုတ်တယ်။ ကား ၂ စီးက ရှေ့ဆင့် နောက်ဆင့် သွားနေတာ အပစ်ခံရတာ။ တယောက်သေတယ်၊ တယောက်က ဒဏ်ရာပြင်းတယ်။”

သေဆုံးသူဟာ ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးပါတဲ့ ကားတစီးဟာ‌ စဘော်မှော်နား သွားလာနေတဲ့အချိန် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ကားမောင်းတဲ့ စစ်ကောင်စီတပ်သား တယောက် သေဆုံးပြီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်ကလည်း ကောင်ဆန်ကျေးရွာအနီး သောင်းကော့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကာ အရပ်သား ၁ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

ကောင်ဆန်၊ သောင်းကော့နဲ့ ကရင်ချောင် ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် နေရာယူထားပြီး တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ဖားကန့်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကောင်ဆန်ရွာက ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကြားမှာရှိတဲ့ ဆုတောင်းတောင်နားမှာလည်း စစ်ကောင်စီတပ်တွေက က တုတ်ကျင်းတွေတူးထားပြီး စခန်းချထားတယ်။ အရပ်သားတွေကိုလည်း ပေါ်တာဆွဲပြီး ကတုတ်ကျင်းတူးခိုင်းတယ်။ အရပ်သားတွေကိုဖမ်းပြီး သူတို့နောက်လိုက်ခိုင်းပြီး လူသားတံတိုင်းလိုမျိုး လုပ်တယ်။ ရွာထဲတော့ အကုန်ကြောက်လို့ ထွက်ပြေးကုန်ပြီ။ ညကတော့ ဘုန်းကြီးကျောင်းမှာ စုအိပ်ကြတာ။ မနက်ပိုင်းတော့ အဆင်ပြေရာကို ပြောင်းကြတယ်။”

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ အနန့်ပါမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဖားကန့်နယ်မြေအတွင်း စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားတာတွေ လုံခြုံရေး တင်းကျပ်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s