Monthly Archives: Nov 2022

ပုလဲ မြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်၊ ၃ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မ ရဲစခန်းနှင့်စုပေါင်းရုံးကို နိုဝင်ဘာလ ၂၄ရက်နေ့ ညပိုင်းတွင်ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ သုံးဦးခန့် သေဆုံးနိုင်ကြောင်း ကျားသစ်နက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ၇နာရီလောက်မှာ တိုက်ပွဲစတယ်၊ အဖွဲ့လေးဖွဲ့ခွဲပြီး မြို့ကိုလက်နက်ကြီးနဲ့ ဝိုင်းထုခဲ့ကြတာ၊ တစ်နာရီလောက် အဲလိုဝိုင်းထုပြီး မြို့တွင်းကို လက်နက်ငယ်တွေနဲ့ ရဲစခန်းရယ် စုပေါင်းရုံးရယ်ကို အနီးကပ် ဝိုင်းခဲ့ကြတယ်၊ ခံစစ်အားကောင်းကောင်းနဲ့ ပြန်ခုခံခဲ့လို့ မစီးနိုင်ခဲ့ဘူး၊ သုံးယောက်ကျတယ်လို့ အတွင်းသတင်းအရ သိရတယ်” ဟု ပြောသည်။

တိုက်ခိုက်ရာတွင် ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်(B.L.P.A) ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)၊ တွေ့ရာသင်္ချိုင်းဓားမဆိုင်း တပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၀)၊ ဗမာ့ဒေါင်းပြောက် ကျားတပ်ဖွဲ့ ၊ အညာဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊T.K.G.F ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ ရွှေဟင်္သာပြောက်ကျားတပ်ဖွဲ့ ၊ M.P.L အလယ်မြေပြောက်ကျားတပ်ဖွဲ့ ၊တမာမြေပြောက်ကျားတပ်ဖွဲ့၊ M.R.Gပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။ mizzima

လိပ်သိုဒေသ ၊ သံမိုးတောင်ရွာအနီးတွင် တိုက် ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းဖြင့် ကျေးရွာကို ပစ်ခတ်ဗုံးကျဲ၊ ပြည်သူများ ထိ ခိုက်သေဆုံးမှုရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာအနီး တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်က ရဟတ် ယာဉ် ၂ စီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထိခိုက်သေဆုံး မှုများ ရှိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်၆ နာရီမှစတင်၍ လိပ်သိုဒေသတွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွား ကြောင်း၊ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်ဘက်က ရဟတ်ယာဉ်များ၊ လေ ယာဉ် များဖြင့် ပစ်ခတ်ဗုံးကျဲမှုများ လုပ်ဆောင်သဖြင့် ပြည်သူများ ထိခိုက် သေ ဆုံးမှု များရှိကြောင်း သိရှိရသည်။

“လိပ်သို၊ သံမိုးတောင်မှာ ဒီနေ့နံနက်အစောပိုင်း လောက်ကတည်းက ဆော်နေ ကြတယ် ။ နံနက် ၁၀ နာရီမှာ ရဟတ်ယာဉ်၊ လေယာဉ် ၇ ကြိမ်ပျံပြီး ပစ်တယ်။ ဗုံးကျဲတယ်။ အရင်ရက်ပိုင်း လိပ်သိုဒေသဘက်မှာ စစ်ခွေး ၂ ကောင် အပစ် ခံရ ပြီး သေ တယ်။ တောင်ငူ လွိုင်ကော်ကားလမ်းမှာရှိတဲ့ သံမိုးတောင်ရွာကို စစ်တပ် က လေယဥ်နဲ့ဗုံးကျဲလို့ လူသေဆုံးမှုရှိပြီး ဒဏ်ရာရတဲ့ သူ အများ အပြား ရှိပါတယ်။ ရွာပတ်ပတ်လည်ကို ဗုံးကျဲလိုက်တာပါ။လောလောဆယ်မှာ လမ်း တွေကို ပိတ် ဆို့ထားပြီး ဖုန်းဆက်သွယ်ရေး တွေကိုဖြတ် တောက် ထားပါ တယ် ။ ရွာသူ ရွာသား တွေပိတ်မိနေတဲ့ သံမိုးတောင်ရွာဟာ တောင်ငူ -သံ တောင်- လိပ်သို-လွိုင်ကော် ကားလမ်းမှာတည်ရှိတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်က သံမိုးတောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခြင်း မှာ ယခင်ရက်ပိုင်း လိပ်သိုဂိတ်တွင် စစ်သားတချို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ ကြောင်း၊ ယင်းသေဆုံးချိန်ကတည်းက ရွာလုံးကျွတ် ကြိမ်းမောင်း သတ်ဖြတ် မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက အဲ့ဒီလိပ်သို ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သား ပစ်သတ် ခံခဲ့ရပြီးတော့ သူတို့လူတွေ ထိတာနဲ့ တစ် ရွာလုံးကို မီးရှို့ပစ်မယ်လို့ ကြိမ်းထား တဲ့ စစ်တပ်က ရွာသူရွာသားတွေ အလစ်ကို ချောင်းပြီး အခုလို လူမဆန်စွာ မင်း မဲ့ စရိုက်ဆန်စွာနဲ့ ရွာ​ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်လိုက်တာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် တောင်ငူ- သံတောင်လမ်း ၇ မိုင်မှ စစ်ကားအကြီးတစ်စီး တက် လာ နေပြီး စစ်အင်အားအများအပြား လာရောက် ဖြည့်တင်းနေကြောင်း သိရှိရသည်။

“တောင်ငူ-သံတောင်လမ်း- လိပ်သိုလ်လမ်း အသုံးပြုသွားသွားလာနေတဲ့ ဒေသ ခံ တွေ သတိထားသင့်ပါတယ်။ ဒီမနက် ၁၀နာရီ သံတောင်ကြီးမြို့နယ် သံမိုး တောင်ရွာ ရဟတ်ယာဉ်နှစ်စီးနဲ့ စစ်တပ်က လာရောက်ပစ်ခတ်ခဲ့လို့ အခြေ အနေ တွေ တင်းမာနေတယ်။ အားလုံး သတိထားကြပါ” ဟု လိပ်သိုမြို့မှ ပြည်သူတစ်ဦးက သတိပေးပြောဆိုသည်။

လတ်တလော KNLA ၊ PDF တပ်များနှင့် စစ်တပ်အကြား ဖြစ်ပွားနေသော တိုက် ပွဲနှင့်ပတ်သက်ပြီး KNLA ဘက်က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်သွယ်မေးမြန်းရန်လည်း ခက်ခဲလျက်ရှိသည်။khit thit

Myanmar Forjs Apparel စက်ရုံ ရုတ်တ ရက်ပိတ်၊ နစ်နာကြေးပေးရန် အလုပ်သမားများ တောင်းဆို

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ  Myanmar Forjs Apparel  အထည်ချုပ်စက်ရုံ ရုတ်တရက်ပိတ်လိုက်တာကြောင့် နစ်နာကြေးရရေးအတွက် အလုပ်သမားတချို့ အိမ်မပြန်ဘဲ စောင့်ဆိုင်း တောင်းဆိုနေကြတယ်။

အဲဒီစက်ရုံဟာ အထည်အော်ဒါမရှိတော့လို့ဆိုပြီး မနေ့က ပိတ်မယ့်အကြောင်း အသိပေး လာတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

“ဆင်းခဲ့တဲ့ရက်အတွက် လုပ်ပေးမယ်၊ စက်ရုံပိတ်ပြီ ပြောတယ်။ အလုပ်သမားတွေက ဒါဆို နို့တစ်ကြေးပေးလို့ပြောတော့ မပေးနိုင်ဘူးလို့ပြောတယ်။ အဲဒါကိုမကျေနပ်တဲ့ အလုပ်သမား ၂၇ ယောက်က မနေ့ညက အိမ်မပြန်ဘဲ စက်ရုံမှာ အိပ်စောင့်တယ်။ စက်တွေတော့ မသယ်သွားသေးဘူး။ နစ်နာကြေးရှင်းမပေးဘဲ စက်တွေသယ်သွားမှာစိုးလို့ စောင့်နေတာ။”

Myanmar Forjs Apparel  အထည်ချုပ်စက်ရုံဟာ ဖွင့်ထားတာ ငါးလ လောက်သာရှိသေးပြီး လုပ်သား ၁၀၀ လောက်နဲ့လည်ပတ်နေကာ လုပ်သက် သုံးလအောက် အလုပ်သမားတွေက စက်ရုံကပေးတဲ့ လစာယူပြီး ပြန်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိ စောင့်ဆိုင်းနေသူတွေက လုပ်သက် ၃ လကနေ ၅ လကြားရှိတဲ့သူတွေဖြစ်ပြီး နို့တစ်ကြေးပေးဖို့ ဆက်ပြီးညှိနိူင်းနေပေမယ့် အဆင်မပြေသေးဘူးလို့ အလုပ်သမားက ပြောပါတယ်။

“နို့တစ်ကြေးကို တလစာမဟုတ်တောင် ၁၅ ရက် စာပေးပါလို့ပြောတာလည်း လက်မခံဘူး။ ကျမတို့ကလည်း ကိုယ့်ရပိုင်ခွင့်မရမချင်း စောင့်နေမှာ။”

ရွှေပြည်သာမြို့နယ်မှာ ဒီလပိုင်းအတွင်း မိဘမေတ္တာအထည်ချုပ်စက်ရုံနဲ့ Yi Cai အထည်ချုပ်စက်ရုံတို့ အလားတူပိတ်သွားခဲ့ပြီး အခုတတိယမြောက်ပိတ်တဲ့ စက်ရုံဖြစ်လာပါတယ်။

အရင်ပိတ်သိမ်းတဲ့ စက်ရုံတွေမှာလည်း အလုပ်သမားတွေရသင့်တဲ့ နစ်နာကြေးမရရှိခဲ့ဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STU M) တာဝန်ရှိသူတဦးက ပြောပါတယ်။ DVB

ပေါက်မြို့နယ် စသိန်းကျေးရွာ မီးရှို့ခံရမှုကို ပေါ့ဆမီးကြောင့်ဟု သတင်းမှားဖြန့်

မကွေးတိုင်း၊ ပေါက်မြို့နယ် စသိန်းကျေးရွာတွင် မီးပေါ့ဆမှုကြောင့် တစ်ရွာလုံးနီးပါး မီးလောင် ကျွမ်းခဲ့သည်ဟုဆိုကာ စစ်ကောင်စီလော်ဘီချန်နယ်များမှ ဖြန့်ဝေလျက်ရှိသည်။ ယင်းမှာ မှားယွင်းနေ သည်။

“Naymin (အညတရစစ်သားအို) ဆိုသည့်တယ်လီဂရမ်ချန်နယ်မှ “ပေါက်မြို့နယ် စသိန်းရွာတွင် မီးပေါ ဆမှုကြောင့် မီးလောင်ကျွမ်း၍ တစ်ရွာလုံးနီးပါ ကုန်သလောက်ဖြစ်သွားကြောင်းသိရ” ဟု (မူရင်းအရေး အသားအတိုင်း) ရေးကာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။

အဆိုပါသတင်းအားဖတ်ရှုသူ ၄၃၀၀ ကျော်ရှိခဲ့သည်။ ထို့ပြင် အလင်္ကာစစ်နှင့် The Fighters Media(TFM) များမှလည်း ထပ်မံဖြန့်ဝေထား သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးချက်အရ နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်များသည် ပေါက်မြို့ နယ် စသိန်းကျေးရွာအားစစ် ကြောင်းထိုးလာပြီး နေအိမ် ၂၄၁ လုံး မီးရှိ့ခဲ့ကြောင်း RFA မြန်မာပိုင်းအစီ အစဉ်၏ သတင်းဖော်ပြချက်တွင် တွေ့ရှိရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ကြောင့် ထွက်ပြေးခဲ့ရသည့်ရွာသားများ ရွာအတွင်းသို့ပြန်လည်ဝင်ရောက်သည့်အခါတွင် တရွာလုံးမီးရှို့ခံ ထားရကြောင်းဆိုသည်။ သတင်းလင့် − http://bit.ly/3EB2KgG

ခေတ်သစ်မီဒီယာတွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စသိန်းကျေးရွာကို စစ်ကောင်စီတပ်မှ မီးတင်ရှို့ ကြောင်း ပေါက်ဒေသသတင်းရင်းမြစ်များနှင့် ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူနှင့်မေးမြန်းကာ သတင်းတင်ဆက်ထားသည်။ လင့် − t.ly/tewR

ထို့ပြင် ပေါက်မြိုနယ်−မြောက်ပိုင်းကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲ ဖြင့် ပေါက်မြို့နယ် ကျွန်းတိုင်းရွာမြောက်ဘက်အထွက်နှင့် ဂွေးဂုဏ်ရွာနှင့် စသိန်းရွာအကြားတွင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များမှ စသိန်းရွာကို ညအချိန်တွင် မီးရှို့နေပြီး ကျေးရွာသားများ ထွက်ပြေးနေရကြောင်း သတင်းထုတ်ပြန်ထားသည်။ လင့် − t.ly/Qddz

ထို့ကြောင့် ပေါက်မြို့နယ် စသိန်းကျေးရွာတွင် မီးပေါ့ဆမှုကြောင့် တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းခဲ့သည် ဆိုခြင်းမှာ ဖြစ်စဉ်အမှန်အပေါ်အခြေခံပြီး အချက်အလက်အမှားများဖြင့်ဖော်ပြထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

မတ္တရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

မန္တလေး၊ မတ္တရာမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းသူ ၁ ဦးနှင့် သုံးစွဲသူ ၁ ဦးကို ဖမ်းဆီးခဲ့ပြီး ပထမဆုံးအကြိမ် သတိပေး ပြောဆိုမှုများ ပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

” မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦးနဲ့ သုံးစွဲသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်။ ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ် သတိပေးပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေကို ဆက်လက် အရေးယူ လုပ်ဆောင်ဖို့ရှိပါတယ်” ဟု မတ္တရာမြို့ နယ် ကောင်းကင် တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးမှုများကို ကောင်းကင်တော်လှန်ရေး အင်အားစုခွဲ ၁ ၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မတ္တရာ၊ ဇမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Security&Special Task Force တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

ကာဒီနယ်ချားလ်းမောင်ဘို၏ ဇာတိရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ ဇာတိမြေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မုံလှရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ အိမ်ခြေရာပေါင်း များစွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း ဟောင်ကောင်အခြေစိုက် UCANews မှာ  ဖော်ပြပါတယ်။

ရွှေဘိုခရိုင်ခင်ဦးမြို့နယ်မှာရှိတဲ့ မုံလှရွာဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကက်သလစ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူယှဉ် တွဲနေထိုင်လာခဲ့ကြတဲ့ နေရာဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့သွားခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေဘယ်လောက်မီးရှို့ခံခဲ့ရတယ်ဆိုတာကို အတိအကျမသိရသေးသလို စိန့်မိုက်ကယ်ဘုရားကျောင်းလည်း မီးထဲပါသွားခြင်းရှိမရှိကိုတော့ မသိရသေးဘူးလို့ အဲဒီသတင်းကပြောပါတယ်။

မန္တလေးက ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကလည်း “ကျနော်တို့ရွာမှာ လောင်နေတဲ့ မီးတောက်တွေဟာ ကျနော့်ရဲ့ နှလုံးသားကိုလည်း လောင်ကျွမ်းစေတယ်” လို့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင် အမျိုးသမီးတစ်ယောက်ကလည်း “ကျမတို့ ရွာပြန်ရောက်ရင် နေစရာအိမ်မရှိတော့ဘူး၊ အမေရေ” လို့ ငိုကြွေးနေခဲ့ပါတယ်။

အဲဒီမတိုင်ခင်ရက်က မုံလှရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရပြီးနောက်  စစ်ကောင်စီတပ်က အခုလို ရွာကိုဝင်ရောက်မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ မုံလှရွာထဲကို ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မုံလှဟာ စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကက်သလစ်ဘာသာဝင်ရော ဗုဒ္ဓဘာသာဝင် ရွာသားတွေပါအကုန် တောထဲမှာပြေးပုန်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ကက်သလစ်ဘာသာဝင်တွေနေထိုင်ရာ ချမ်းသာရွာနဲ့ ချောင်းရိုးရွာတွေကိုလည်း မေလနဲ့ ဇွန်လတွေမှာ စစ်ကောင်စီရဲ့တပ်တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ UCANews သတင်းက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက သမိုင်းဝင်ကက်သလစ်ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံလှ၊ ချောင်းရိုးနဲ့ ချမ်းသာရွာတွေဟာ ၁၆ ရာစုနဲ့ ၁၇ ရာစုနှစ်တွေတည်းကမြန်မာနိုင်ငံကို ရောက်လာခဲ့ကြတဲ့ ပေါ်တူဂီတွေနွယ်ဖွားတွေရဲ့ နယ်မြေတွေဖြစ်သလို ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေရဲ့ နယ်မြေလည်းဖြစ်ပါတယ်။

အဲဒီဒေသကနေ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ အမြောက်အမြားပေါ်ထွက်ခဲ့ကြပြီး မုံလှရွာဟာ ကက်သလစ်သာသနာပိုင်ဘုန်းတော်ကြီး မာကိုတင်ဝင်းနဲ့ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်မောင်ဘိုတို့ရဲ့ ဇာတိဖြစ်ပါတယ်။

ကက်သလစ်သာသနာပိုင်ဘုန်းတော်ကြီး မာကိုတင်ဝင်းက “အဲဒီရွာတွေဟာ အခု အိမ်တွေသစ်ပင်တွေမရှိတော့တဲ့ ပြာတွေနဲ့အပြည့် မီးလောင်ပြင်ဖြစ်နေပြီ။ ကိုယ့်အိမ်မှာ ကိုယ်မနေနိုင်တော့ဘဲ ယာယီတဲတွေနဲ့ ဖြစ်သလိုနေပြီး ဆာလောင်မှုကိုခံစားနေကြရတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှစ်မတွေအတွက် အလွန်ပဲစိတ်ထိခိုက်ကြေကွဲရပါတယ်”လို့ ဇူလိုင်လအတွင်းမှာ ပြောခဲ့ဖူးပါတယ်။

ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ခရစ္စမတ်ကိတ်ကို အတူခွဲခဲ့ကြတာကြောင့် ကက်သ လစ် ဘာသာဝင်တွေသာမကဘဲ အခြားဘာသာရေးအဖွဲ့အစည်းတွေကပါ ဝေဖန်ခဲ့ကြပါတယ်။

ချားလ်စ်မောင်ဘိုအပါအဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာနဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင် တချို့ကို စစ်ခေါင်းဆောင်က ဆုတံဆိပ်တွေ ပေး အပ်ချီးမြှင့်ထားပါတယ်။ DVB

ဆားလင်းကြီးမြို့ ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ရဲ သေဆုံး

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၅ရက် နေ့လယ် ၁၂နာရီ ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြော သည်။

“ကျနော်တို့ တိုက်ခဲ့တာကတော့ ရဲစခန်းမှာ ရှိတဲ့ ဘန်ကာတွေကို အဓိကထားပြီး တိုက်ခဲ့တာ ဖြစ်တယ်။ ဒရုန်းခြောက် စီးနဲ့ ပစ်မှတ်တွေကို ချိန်သားကျကျ တိုက်ခိုက်နိုင်ခဲ့တယ် ။ ဒရုန်းအပျက်အစီး ကတော့ မရှိခဲ့ဘူး။ အတွင်းသတင်း အရတော့ ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိထားတယ်” ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Super Fighter PDF ( ရေစကြို) ၊ Zarmani PDF ၊ Myanmar Revolution Army( MRA) ၊ Salingyi Special Task Force ( SSTF) နှင့် ငဘ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ mizzima

တောင်ဥက္ကလာပရှိ စစ်တပ်ပိုင် ရွှေမန်းသူကားဝင်းအတွင်း ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ မြန်မာ့ စီးပွား ရေး ဦးပိုင် ကုမ္ပဏီပိုင် ရွှေမန်းသူကားဝင်းအတွင်းတွင် ယမန် နေ့ညပိုင်း ဗုံး ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့Last Battle (PDF)မှ တာဝန်ခံ ဗိုလ်သက္ကရာဇ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၆ မိနစ်အချိန် တောင် ဥက္ကလာပမြို့နယ် ပါရမီလမ်းရှိ စစ်ကောင်စီလက် အောက် ခံ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ ရွှေမန်းသူကား၀င်း ကို အဝေးထိန်းဗုံးဖြင့် သတိပေးဖောက် ခွဲတိုက် ခိုက်ခဲ့ ကြောင်း၊ ထိုတိုက်ခိုက်မှုနှင့် ပတ်သတ်၍ ထိခိုက်မှုတစ် စုံတစ်ရာ သိရှိရခြင်း မရှိ သော်လည်း အဖွဲ့၀င်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ် ခွာ နိုင်ခဲ့ကြောင်း Last Battle(PDF)မှ တာဝန်ခံ ဗိုလ်သက္ကရာဇ်က ပြော သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ ရွှေမန်းသူ ကား ဂိတ် ရုံးခန်းသို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆက်သွယ်မေး မြန်းရာ ဗုံး ပေါက်ကွဲမှုကို ငြင်းဆိုခြင်းမရှိဘဲ ရုံးသို့ လူကိုယ်တိုင် လာရောက်သတင်းယူ ရန် ပြောဆိုသည်။

“သိချင်ရင် ရုံးကိုလာစုံစမ်းပါ။ ဖုန်းနဲ့ပြောလို့မရပါဘူး” ဟု ရွှေမန်းသူကားဂိတ်ရုံး မှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ khit thit

အရာတော်နှင့်ဝက်လက် ကျေးရွာအချို့ မီးရှို့ခံရ၊ နေအိမ် ၁၅၀ ခန့်ဆုံးရှုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မူးကြီးရွာက နေအိမ်တွေကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ လောက် မီးလောင်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားအို ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကြောင်းဝင်လာတော့ ရွာက ပြေးရတယ်။ မီးရှို့သွားတာ ညနေထိပဲ။ ရွာထဲပြန်ဝင်တော့ မီးက ငြှိမ်းမနိုင်တော့ဘူး။ အသက် ၈၀ အဘွားအိုလည်း မပြေးနိုင်လို့ မီးထဲပါသွားရှာတာ။ အခုနေစရာလည်း မရှိတော့ အကုန်ဒုက္ခရောက်ပြီ။” 

ဘုရားပျံရွာမှာ နိုဝင်ဘာ ၂၃ ရက်က ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မူးကြီးရွာရောက် လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်နွားအကောင်ရေ ၈၀ ကျော် မီးလောင်သေဆုံးခဲ့ပြီး သိုလှောင်ထားတဲ့ သီးနှံတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ဖြစ်ပြီး မူးကြီးရွာကို မီးရှို့ပြီးနောက် လိန်ပင်ရွာမှတဆင့် ဝက်လက်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

မူးကြီးရွာဟာ အိမ်ခြေ ၃၇၅ အိမ်ရှိပြီး မီးဘေးသင့်ပြည်သူတွေအနေနဲ့ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ ခိုကပ်နေကြရသလို လယ်ကွင်းတွေမှာလည်း မိုးကာတွေနဲ့ တဲထိုးနေထိုင်ကြရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက် ၈ နာရီလောက်ကလည်း  အရာတော်မြို့နယ်၊ နွားမသင်းကျေးရွာ စာသင်ကျောင်းဆောင်ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အရာတော်မြို့ကနေ စစ်ကားအကြီး ၂ စီးနဲ့ ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ နွားမသင်းကျေးရွာကို အရာတော် ငွေတွင်းရွာက ပျူစောထီးတွေပါ‌ ရောက်နေတယ်လို့ အရာတော်ပြည်သူ့ကာ ကွယ် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက ပြောပါတယ်။

“ရွာသားတွေ အကုန်အပြင်ရောက်အောင် ကျနော်တို့အဖွဲ့သားတွေ ကယ်ထုတ်နေကြတယ်။ ပိတ်မိသူ မရှိလောက်တော့ဘူး။ လတ်တလောတော့ ရွာကိုပါ မီးရှို့နေပြီ။ စစ်ရေးအခြေအနေ ကတော့ တင်းမာနေပြီလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ရွာတွေကို မီးရှို့တာကို  လက်ပိုက် ကြည့်မနေနိုင်ဘူး။”

လတ်တလော စစ်ကောင်စီတပ်က ရွာထဲမှ ပြန်မထွက်သေးတာကြောင့် ရွာအတွင်း အဖြစ်အပျက် အသေးစိတ်ကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွာတွေကို စစ်တပ်က ဒေသခံပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အကြိမ်ကြိမ် မီးရှို့နေတာကြောင့် ဒေသခံတွေဟာ ရွာထဲမနေရဲတော့ဘဲ တောတောင်တွေနဲ့ တိုင်းရင်းသားအများစုရှိတဲ့ ဖားကန့် ကျောက်မှော်၊ ရွှေမှော်တွေဘက် ပြောင်းရွှေေနေထိုင်သူ တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

« Older Entries