မြန်မာပလာဇာသပိတ် ၁ နှစ်ပြည့်ပြီ

လွန်ခဲ့သောနှစ်က ယနေ့လို ညနေခင်းမျိုးတွင် ရန်ကုန်မြို့ ၊ မြန်မာပလာဇာ၌ လူငယ်များအဖမ်းခံရသော သတင်း နှင့် ဓာတ်ပုံများ Facebook လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အများအပြား ပေါ်ထွက်ခဲ့သည်။ အဖမ်းခံရ သည့်အကြောင်းအရင်းမှာ မြန်မာပလာဇာ၏ အတွင်းဘက် ပရိုမိုးရှင်းဧရိယာတွင် လူငယ်တစ်စုမှ စစ်ကောင်စီကို သပိတ်မှောက် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့်ဖြစ်သည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့များမှ စင်တာအတွင်းထိ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းလားဟု လူအများက တွေးထင်ကြသော်လည်း အမှန်တကယ်မှာ မြန်မာပလာဇာအတွင်းရှိ လုံခြုံရေးများက ထိုလူငယ်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင်လည်း ထိုးကြိတ်ဖမ်းဆီးခြင်းကြောင့် အမျိုးသမီးတစ်ဦး၏ မျက်နှာတွင် ဒဏ်ရာများရရှိခဲ့သည်ကို လူမှုကွန်ရက်တွင် ပေါ်ထွက်လာသော ဓာတ်ပုံ အထောက် အထားများအရ သိရသည်။
အဆိုပါဖြစ်စဉ်သည် ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းမှစ၍ ပြည်သူများသည် မြန်မာပလာတွင် ဈေးဝယ်ခြင်း မပြုလုပ်ခဲ့ကြပေ။ မြန်မာပလာဇာအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်အားလုံးနီးပါးသည်လည်း ပြည်သူနှင့် တသားတည်းရပ်တည်၍ ဈေးရောင်းချမှု မပြုခြင်းဖြင့် မြန်မာပြည်သူလူထုတရပ်လုံးမှ သပိတ်မှောက်ခြင်း (Boycott) စတင်ခဲ့ကြသည်။
ထိုအချိန်က မြန်မာပလာဇာ၏ စက်မှု(၁) လမ်းမဝင်ပေါက်အနီးပတ်ဝန်းကျင် ပလာဇာနှင့် မီလီယာဟိုတယ်ကြားတွင် စစ်ကောင်စီတပ်၏ စစ်ကားများ၊ စစ်ကောင်စီ လက်အောက်ခံ ရဲကားများက အင်အားအများအပြားဖြင့်စောင့်ကြပ်မှုများရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလတွင် စတင်၍ ပလာဇာအတွင်း၌ ဆိုင်ခန်းယူ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပိုင်ရှင်များကို ပြန်လည်ဖွင့်လှစ်ရန် ဖိအားပေးအကျပ်ကိုင်မှုများ လုပ်ဆောင်ခဲ့ သော်လည်း မြန်မာပလာဇာသို့ လာရောက် သူနည်းပါးဆဲသာဖြစ်သည်။
ယခုအခါတွင်မူ မြန်မာပလာဇာ၌ လစဉ်ပြုလုပ်လျက်ရှိသော မြန်မာလ၏ ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပလျက်ရှိသလို ပြည်သူများသည်လည်း စစ်ကောင်စီ အာဏာ မသိမ်းခင် နေ့ရက်များကဲ့သို့ပြန်လည် သွားလာလည်ပတ်နေပြီဖြစ်သည်။
ထိုသို့သွားရောက်လည်ပတ်နေသူများသည် အချိန်ကာလအားဖြင့် ၁ နှစ်သာ ကြာမြင့် သေးသည့် မြန်မာပလာဇာတွင် ဆန္ဒပြလူငယ်များ ဖမ်း ဆီးခံရမှု ဖြစ်စဉ်ကို သတိရဟန် မရှိတော့ပေ။
လွန်ခဲ့သည့်တစ်နှစ်က “ပြည်သူ၏ ညီညွတ်မှုကို ပြသခဲ့ဖူးသည်” ၊ “ဉာဏ်နှင့်တော်လှန်ရန်လည်း ကြိုးစားခဲ့ကြသည်”
သို့သော် ယနေ့ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၂၅ ရက်တွင် တွေ့ရသော မြင်ကွင်းမှာမူ မြန်မာပလာဇာသည် ယခင်အတိုင်း စည်ကားနေဆဲဖြစ်သည်။ ထိုသို့ စည်းကားလျက် ရှိနေသော်လည်း မြန်မာပလာဇာသပိတ်တွင်ပါဝင်ခဲ့သော မေလျော့ခံ ဆန္ဒပြလူငယ် တချို့နှင့် တခြားသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ လူငယ်များမှာမူ စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခံရမှုကြောင့် ရက်စက်ကြမ်းတမ်းသည့် စစ်ကြောရေး ကာလများကိုဖြတ်ကာ ယနေ့တိုင် အင်းစိန်ထောင်ထဲတွင် ရှိနေဆဲဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁) လမ်းထောင့်ရှိ “မြန်မာပလာဇာသပိတ် ၁ နှစ်ပြည့်ပြီ” …။ mizzima