မုံရွာ – စစ်ကိုင်းလမ်းပိုင်း၌ ၄နာရီအတွင်း ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၂၅ဦးသေဆုံး ဟုဆို
စစ်ကိုင်းတိုင်း ၊ မုံရွာ – စစ်ကိုင်းကားလမ်းမပေါ်တွင် လေးနာရီအတွင်း လေးနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးကြောင်း Brave Heart Army(BHA) မှ နိုဝင်ဘာ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၅ရက် နေ့လယ် ၁နာရီ ၃၀မိနစ်အချိန်တွင် မုံရွာမှထွက်လာသည့် စစ်တပ်ကားကို မုံရွာ – ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၂၃ဦီးသေဆုံးသွားကြောင်း ဆိုသည်။
“ကျနော်တို့ သုံးခဲ့တဲ့မိုင်းက M18 ပါ၊ သူတို့လာမဲ့ ကားအပေါ်ကနေ ဆင်ထားတာ၊ မိုင်းပြင်းအားက ပေ ၁၀၀ အတွင်းမှာ ထိရင် သေနိုင်တဲ့ Damage ဗျ” ဟု BHA တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။
သတင်းကြိုတင်ရထားသဖြင့် စစ်ကောင်စီကားလာချိန်တွင် သစ်ပင်ပေါ်တွင် သေချာတပ်ဆင်ထားသည့် M-18 (Claymore Mine) ပဒေသာ သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများအခြေအနေကို မျက်မြင်တွေ့ရှိရသည့် ပြည်သူမှ သတင်းပြန်လည်ပေးပို့ခြင်းဖြစ်ကြောင်း ဆိုသည်။
သေဆုံးသွားသည့် စစ်ကောင်စီအလောင်းများကို သံပြားကာထားသည့် စစ်ကောင်စီ ကားတစ်စီး လူနာတင်ယာဉ်တစ်စီးတို့ဖြင့် လာရောက်သယ်ဆောင်သွားပြီး ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဖောက်ခွဲတိုက်ခိုက်မှုအပြီး လမ်းဘေးတွင် ကင်းချထားသော စစ်ကောင်စီတပ်များမှ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခဲ့သော်လည်း ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း အသိပေးထားသည်။
ထို့နောက် ညနေ ၄နာရီ ၅၀မိနစ်အချိန်တွင် မုံရွာမှ ချောင်းဦးသို့ ထွက်ခွာလာသော သံပြားကာ ဂျန်မာ (Jammer) တစ်စီးနှင့် စစ်ကောင်စီကား နှစ်စီးတို့အား ခင်မွန်ရွာ ဘက်စုံခြံအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် BHA နှင့်အတူ Special 7 Attack Force ၊ MSAF နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကား နောက်ပိုင်းထိခိုက်ပျက်စီးမှုရှိကာ သေဆုံးဒဏ်ရာ ရရှိသူများရှိနိုင်သော်လည်း အခြေအနေအသေးစိတ်ကို သိရှိနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထား သည်။
တစ်ဖန် ညနေ ၅နာရီ ၃၀မိနစ်အချိန်တွင် စစ်ကိုင်း တပ်မ (၃၃)မှ မုံရွာသို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်း ၁၅စီးအနက်မှ လေးစီးမြောက်ကားကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပဒေသာမိုင်း သုံးလုံးဖြင့် ချောင်းဦးမြို့ဆိုင်းဘုတ်အနီးတွင် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းအကြိမ်ဖောက်ခွဲတိုက်ခိုက်မှုတွင် ကားခေါင်းပိုင်းထိမှန်ပြီး ကားမှာ ထိုးရပ်သွားခဲ့ပြီး ကားပေါ်ပါသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေ ဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
ညနေ ၆နာရီဝန်းကျင်ခန့်တွင် မုံရွာမြို့ဘက်မှ ပျက်စီးသွားသော စစ်ကောင်စီတပ် ကားများကို ဆွဲရန်ထွက်လာသည့် စစ်ကားတစ်စီး ၊ လက် နက်ကြီးတင်ဆောင်လာသည့် ကရိန်းကားတစ်စီးကို စွမ်းရည်ထက် ဆီဆိုင်အနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကရိန်ကားပျက်စီးထိခိုက်မှုရှိပြီး လက်နက်ကြီး သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ mizzima