Monthly Archives: Nov 2022

ထီးချိုင့်တွင် စစ်တပ်က လေကြောင်းမှပစ် ခတ်၊ ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊‌ လေသာကျေးရွာအတွင်းကို စစ်ကောင်စီက ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီကစတင်ပြီး တိုက်လေယာဉ် ၂ စီး အသုံးပြု ပစ်ခတ်နေတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

လာရောက်ပစ်ခတ်တဲ့ တိုက်လေယာဉ် ၂ စီးဟာ ရုရှားထုတ် တိုက်လေယာဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “မနေ့ကတော့ အလယ်တောရွာအနီးမှာ တိုက်ပွဲတော့ဖြစ်တယ်ဗျ။ ဒီနေ့မနက်ကျတော့ လေသာရွာမှာ ဘယ်တိုက်ပွဲမှမရှိဘဲကို လေယာဉ်နဲ့ လာပစ်တာဗျ။ တခါပစ်ရင် ၃ လုံး ၄ လုံးနှုန်းနဲ့ ပစ်တာဗျ။ လာပစ်တဲ့အကြိမ်ရေက ၆ ခေါက်ရှိနေပြီ။ ရွာထဲကို တည့်တည့်ပစ်တာ ထင်တာပဲ။ အဝေးကနေ လှမ်းမြင်နေရတာ။ အဲဒီလိုပစ်လို့ ရွာသားတဦးနဲ့ PDF တဦး ကျည်ထိမှန်ထားတယ်။ ရွာထဲက အပျက်အစီးကတော့ အတိအကျ မသိရသေးဘူး။ ရွာသားတွေကတော့ မနေ့ကတည်းက လူကုန် ထွက်ပြေးနေကြရတယ်ဗျ။ မနက်ခင်းက အင်ကြင်းကုန်းရွာကို မီးရှို့တယ်။ အခု နေ့လယ်ခင်းမှာ အလယ်တောရွာကို ထပ်ပြီး မီးရှို့နေပြီဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်မှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းနှစ်ခုလုံးဟာ အနီးကပ်ရွာတွေဖြစ်တဲ့ အလယ်တောရွာ၊ အင်ကြင်းကုန်း၊ ဆူးပုတ်ချောင်ရွာ၊ လေသာရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်က မန်းကျည်းတုံရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အင် အား ၈၀ ပါ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ People’s Army To Fight Dictatorship (ဝက်လက်) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မဟာမိတ်အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်။ နောက်ပြီး ပြောက်ကျား ခြုံခိုတိုက်ခိုက်ခဲ့လို့ အလစ်ခံရတော့ အတော်အထိနာသွားတယ်။ ရန်သူ့ဘက်မှာ အသေအပျောက် ရှိနိုင်ပါတယ်။”

တိုက်ပွဲအတွင်း စစ်တပ်က အထိနာကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ လှတောရွာဘက် ဆုတ်ခွာသွားလို့ သိရပါတယ်။

အခုတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ဝက်လက်မြို့အခြေစိုက် Acid Local Defence Force အဖွဲ့က ၆၀ မမ လက်နက်ကြီးတွေကို နည်းပညာပိုင်းတိုးမြှင့်ပြီး ထပ်မံထုတ်လုပ်ထားနိုင်တယ်လို့ Acid အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကိုယ်တိုင်ထုတ် လက်လုပ်သေနတ်တွေကိုသာ အဓိက အားကိုးနေရတာကြောင့် ၆၀ မမ လက် လုပ်လက်နက်ကြီးတွေ၊ ၉ လုံးကျည် တတောင့်ထိုး၊ ၅ ဒသမ ၅၆ တတောင့်ထိုး၊ ၇ ဒသမ ၆၂ တတောင့်ထိုး၊ စလစ်မိုင်း၊ ဆွဲမိုင်း၊ တိုက်မိုင်း၊ လက်လုပ်ဗုံး စတဲ့လက်နက်တွေကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာလို့လည်း Acid အဖွဲ့ဝင် ကိုဟယ်ရီက ဆိုပါတယ်။

၆၀ မမ လက်နက်ကြီးတခုကို ၅ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိပြီး Clicker တွေရဲ့ ထောက်ပံ့မှုကြောင့် လက်နက်တွေ ထုတ်လုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

ကိုဟယ်ရီက “ရန်သူက လက်နက်ငယ်ထက် လက်နက်ကြီးတွေ၊ မိုင်းတွေကို ပိုကြောက်တယ်။ မောင်းပြန်မရှိတော့ ဒါပဲအားကိုးနေရတာ။ ဒီလက်နက်တွေက ကျနော်တို့အတွက် အရေးပါဆုံးပါပဲ။ တိုက်ပွဲလည်းဝင်ရတယ်။ ရှောင်ရတိမ်းရ ပစ်ခတ်ရဆို​တော့ အရမ်းကြီး ပင်ပန်းပါတယ်” လို့ ပြောပါတယ်။ DVB

ပေါက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ယနေ့ တစ်ရက်တည်း မီးတင်ရှို့ ဖျက်ဆီးသ ဖြင့် နေအိမ် ၆၀ ကျော်ပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၆၀ ကျော်ပြာကျ သွား ကြောင်း ပေါက်မြို့နယ်-မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ပေါက် မြို့နယ်အတွင်းရှိ ဂဲဗင်အင်းကျေးရွာ၊ ညောင်ရင်းကျေးရွာနှင့် ဂွေးဂုံ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ ရွာ လုံးကျွတ် ထွက်ပြေးတိမ်း ရှောင် နေရခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ညောင်ရင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ ကျော် ပြာကျခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဂဲဗင်အင်း ကျေးရွာကို ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ် တွင် ဂွေးဂုံကျေးရွာကို အကြမ်းဖက် စစ်တပ်က ဆက်လက် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ စစ်တပ် ကင်းပုန်းများ ရှိနေသဖြင့် ပြည်သူများ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ သိရပေမယ့် လူတွေ အကုန်လုံးကို ပြန် မစု နိုင်သေးတယ် တိတိကျကျ မသိရသေးဘူး။ ကျေးရွာ ၂ ရွာရဲ့ အခြေအနေပဲ သိရ ဦးမယ်။ နောက် တစ်ရွာက အခုထိ ဝင်လို့မရသေးဘူး။ ခွေးကင်း ပုန်းတွေလည်း စိုးရိမ်နေရတယ်။ စစ်ခွေး စစ်ကြောင်းက ချောင်းကူးဘက်ကို ပြန်ထွက် ဖို့များ တယ်” ဟု ပေါက်မြို့နယ်-မြောက်ပိုင်း ကျေးလက်ဒေသ ပျောက် ကြား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit

အရာတော်မြို့နယ် နွားမသင်းရွာမှ လူနေအိမ် ၈၀ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်တောင်ပိုင်း နွားမသင်းကျေးရွာမှ လူနေအိမ် ၈၂လုံးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ရက် နံနက် ၅နာရီ ၃၀မိနစ်ခန့်အချိန်တွင် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) မှ စစ်ကောင်စီတပ်သားများနှင့် ငွေတွင်းကျေးရွာက ပျူစောထီး အင်အား ၅၀ခန့်ဖြင့် နွားမသင်းကျေးရွာသို့ သေနတ်များပစ်ဖောက် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ပျက်စီးဆုံးရှုံးသောစာရင်းမှာ လူနေအိမ် ၈၂လုံး နှင့်ပစ္စည်းများ ၊ လယ်ယာသုံး ကျွဲနွားများ၊ စိုက်ပျိုးရေးစက်မှုပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် ကျေးရွာရှိပြည်သူများ၏ ကျွဲနွားများ ၊ ရွှေထည် လက်ဝတ်ရတနာများ ခိုးယူ သွားခဲ့ပြီး မီးတင်ရှို့နေချိန်တွင် လေဖြန်းထားပြီး မျက်စိမမြင်သောကြောင့် မရှောင်တိမ်း နိုင်ခဲ့သော ဒေါ်ဌေး (အသက်၉၀) မှာ အရှင်လတ်လတ် နေအိမ်မီးထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

“ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၊ ရပ်ကျေး ပအဖအဖွဲ့နဲ့ ရွာခံများပူးပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးကော်မတီဖွဲ့စည်းပြီး ဆုံး ရှုံးမှုတန်ဖိုး အတိအကျ ကောက်ယူနေပါတယ် ။ မီးလောင်ပြင်တွေ ရှင်းလင်းနေတုန်းဖြစ်ပါတယ် ၊ ရွှေထည်လို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကို အဓိကထား ယူဆောင်သွားကြတာပါ” ဟု အရာတော်မြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမကို ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များသည် ရွာကို ဝင်လာပြီး တရပ်စပ်ပစ်ခတ်ခဲ့သည့်အတွက် ကိုယ်လွတ်ရုန်းထွက်ပြေးကြရသဖြင့် ပစ္စည်းများ သယ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဆုံးရှုံးမှုတန်ဖိုးများပြားနိုင်ကြောင်း ဆိုသည်။

နှစ်မိုင်ခန့်ကွာဝေးသည့် ငွေတွင်းကျေးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်များသည် ယခင်ကလည်း နွားမသင်းကျေးရွာမှ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်း ၊ ကာကွယ်ရေးစခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် စီးနင်းခြင်းများပြုလုပ်ခဲ့ကြောင်း တမန်တော်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

၎င်းတို့အနေဖြင့် လက်နက်မပြည့်စုံသော်လည်း ယခုကဲ့သို့ မီးရှို့ဖျက်ဆီးလုယက်ခံရသည့် ပြည်သူများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် ပိုမိုကာကွယ်သွားနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

တော်လှန်ရေးသမားများအနေဖြင့် မဟာမိတ်တပ်ပေါင်းစုကဲ့သို့ စုဖွဲ့မှုကောင်းကောင်း နှင့် ဒေသစွဲ ၊ အဖွဲ့စည်းစွဲများမရှိဘဲ ပြည်သူကို အ ကောင်းဆုံးကာကွယ်ပေးပြီး စစ်ကောင်စီတပ်များကို ထိထိရောက်ရောက် တိုက်ခိုက်သွားကြရန်လိုအပ်ကြောင်း ပြောက်ကျားတပ်ဖွဲ့ဝင်မှ သုံးသပ်ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်မှ ယနေ့အထိ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့မှုကြောင့် လူနေအိမ် ၁,၂၆၅လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၂၁ဦး ရှိခဲ့ပြီဖြစ်ကြောင်း ပအဖ ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို “အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်သော လူမဆန်သည့် အကြမ်းဖက်စစ်ရာဇဝတ်မှုများ” အဖြစ် မှတ်တမ်းတင်ထားရှိပြီး ၎င်းပြစ်မှုများအား International Court of Justice (ICJ) တွင် သက်သေအဖြစ် တင်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။

မြို့နယ်အတွင်း ထံမံတိုးပွားလာသော စစ်တပ် မီးဘေးသင့် ပြည်သူများအား ယာယီ နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အခြားတော်လှန်ရေးအဖွဲ့ အစည်းများပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ mizzima

ထောင် ၁၁ နှစ် ကျနေသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက တရားထပ်စွဲ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့  တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ပုဒ်မ ၂ ခုနဲ့ ထပ်ပြီးတရားစွဲဆိုလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။

ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တာ၊ ဘာသာရေး အကြောင်းပြ ဟောပြောတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) နဲ့ ၂ ခါ အမှုဖွင့်ခံထားရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဦးမြင့်မောင်ကို ဘာလို့ အခုလို ထပ်ပြီး ပုဒ်မတပ် တရားစွဲဆိုတာလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ထားဝယ်က နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေသူတဦးကတော့ “ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်က အပြီးသတ် အမိန့်ချတာ၊ နောက်ဆက်တွဲပုဒ်မက မရှိတော့ဘူး။ ဒါကို အခုမှ ကြံဖန်ပြီးထပ်စွဲတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထားဝယ်ထောင်တွင်း တရားရုံးကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူနိုင်တယ် ဆိုတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ဟာ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်​အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၃၀(က) နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရသူတွေအထဲ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် တနင်္သာရီတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးလည်း ဖြစ်ခဲ့သူ ဦးမြင့်မောင်ဟာ ဝန် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိမှုတွေနဲ့ တာဝန်ကနေ ရပ်စဲခံရပြီးနောက် ၂၀၁၉ မတ်လအတွင်းကမှ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင် ခဲ့သူတဦး ဖြစ်ပါတယ်။ DVB

ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာကို ယနေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အလယ်တောစံပြကျေးရွာအနီးတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်များ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အထိနာ ခဲ့ကြောင်း၊ စစ်တပ် တိုက်လေယာဉ်များဖြင့် အလယ်တောစံပြကျေးရွာကို ဗုံးကျဲ ချခဲ့ကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသည့်အပြင် အင်ကြင်းကုန်းကျေးရွာကို မီးတင်ရှို့ကြောင်း၊ ယနေ့မွန်းလွဲ ၂ နာရီတွင် စစ် တပ်က အလယ်တောကျေးရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ဗုံးကျဲပြီးတော့ အလယ်တောရွာကိုမီးရှို့နေတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတဲ့ ရွာကြီးပါ။ လေသာကျေးရွာဘက်မှာလည်း အကုန် ထွက် ပြေးနေရတယ်။ အင်ကြင်းကုန်း၊ လေသာရွာ၊ အလယ်တော ခွေးတွေက မီးပတ်ရှို့နေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြော သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ ဝန်းကျင်အချိန်တွင် စစ်တပ်က အိမ် ခြေ ၁၀၀ ဝန်းကျင်ရှိသော အင်ကြင်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး အိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းကုန်းကျေးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားသော အလယ်တောစံပြကျေးရွာနှင့်ကပ်လျက်ရွာဖြစ်ပြီး စစ်တပ် က ယနေ့ နံနက်ပိုင်း ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက် ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရသည်။

“မီးရှို့ခံရတဲ့ အင်ကြင်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့က မီးရှို့ခံရတဲ့ အလယ်တောစံပြကျေးရွာနဲ့ သိပ်မဝေးဘူး ကပ်လျက် ပဲ။ အလယ်တောမှာ မနေ့က တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က အထိနာလို့ လေ ယာဉ်တွေနဲ့ဗုံးလာကျဲတယ်။ မြစ်ကြီးနားဘက်ကို တက်တဲ့ လမ်းတွေ မနေ့က တည်းကပိတ်ထားတာ ထီးချိုင့်မှာ ဆီကားတွေရော ကုန်ကားတွေရော ပိတ်မိ နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ထီးချိုင့်တွင် နိုဝင်ဘာ၂၇ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားပြီး ယမန် နေ့ ညနေ ၅ နာရီကျော်အချိန် စစ်တပ်က ‌တိုက် လေယာဉ် ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့် တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ khit thit

မြိတ်မြို့ တုံးဗျောကြီးရွာရှိ ကရင်တိုင်းရင်း သား လူငယ်ကို စစ်ကောင်စီတပ်က အ ကြမ်းဖက် ရိုက်နှက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ တုံးဗျောကြီး ကျေးရွာတွင် အသက် ၁၇ နှစ် အရွယ် ကရင်တိုင်းရင်းသား လူငယ် တစ်ဦးကို စစ်ကောင်စီက PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ နေအိမ်အတွင်း ဝင်ရောက်၍ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း အ ဆိုပါ လူငယ်၏ မိသားစုဝင်များနှင့် ဒေသခံများထံက သိရသည်။

အဆိုပါ ကရင်တိုင်းရင်းသား လူငယ် စောဆေးနေမူးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့က နေ အိမ် အတွင်းသို့ ဝင်ရောက်၍ ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့(စောဆေးနေမူး)ကို PDF အဖွဲ့ဝင် ဆိုပြီး လာရောက် ဖမ်းဆီး သွားတာပါ။ ဖမ်းဆီးခံရတဲ့ အချိန်မှာ ရိုက်နှက်ပြီး ဖမ်းဆီးသွားတာ ”ဟု တုံးဗျောကြီး ကျေးရွာနေဒေသခံ တစ်ဦးက ပြောသည်။

စောဆေးနေမူးကို မြိတ်မြို့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရှိရသော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်းလည်း သိရသည်။

တုံးဗျောကြီးရွာ ကျေးရွာတွင် နိုဝင်ဘာ လဆန်းပိုင်းက တိုက်ပွဲငယ် တချို့ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည့် စောဆေးနေမူးကို PDF အဖွဲ့ဝင်ဖြစ် သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရေးသားထားပြီး လက်နက်နှင့် အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စောဆေးနေမူး သည် ဆေးဝါး ကျွမ်းကျင် ပညာကို သင်ကြားထားသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ mizzima

ရဟတ်ယာဉ်အမှု နိုင်ငံခေါင်းဆောင် ၂ ဦးကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နို၀င်ဘာ ၂၈ ရက်နေ့က နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိ ငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦး၀င်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးနေတာဖြစ်ပါတယ်။

“ဒီနေ့ အန်တီကို စစ်ဖို့ ကျန်တဲ့ လေးမှုဆက်စစ်တာ ပြီးသွားပြီ။ ပြီးသွားတော့ မနက်ဖြန်ရုံးချိန်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ် မသိသေးဘူး”လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံး ပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြု ပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက် တာ ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၅ နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံခေါင်းဆောင်တွေကတော့  ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စမှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲ ဆောင်ရွက်ဖို့  ညွန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံ ထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမိန့်ချပြီးသားအမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံတင်ထားတယ်လို့ သိရပါတယ်။DVB

တနင်္သာရီမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး၊ ဖောင်းပြင်တွင်လည်း တိုက်ပွဲဖြစ်ပွား စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာသို့ စစ်ကြောင်း ထိုးလာ သည့် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ် သား ၆ ဦး သေ ဆုံးကြောင်း တနင်္သာရီတိုင်းပျောက်ကျားတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် လယ်သစ်ရွာသို့ စစ် ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ် ရေး တပ် ပေါင်းစုများက ပြင်းပြင်းထန်ထန် ခုခံခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီကာကွယ်ရေးပျောက်ကျားတပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီကာကွယ်ရေးပြောက်ကျား(ပကဖ) က ဦးဆောင်၍ တပ်ရင်း(၂) တပ်ခွဲ(၂) pdf၊ မြိတ်/ကျွန်းစု(ပကဖ) ပူးပေါင်းတပ် တို့က ၃ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ဟာပါရွာ ဘုန်းတော် ကြီး ကျောင်းတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်စခန်းကို ဖောင်းပြင် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် ဟာပါရွာ ဘုန်းတော်ကြီး ကျောင်း တွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ဖောင် းပြင် PDF အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တစ်နေ့ကုန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်သားနှင့် ပျူစောထီးများ ဆိတ်ဆားဘုန်းကြီးကျောင်း အတွင်းမှ ခုခံတိုက်ခဲ့ပြီး လေယာဥ် ဖြင့် ပစ်ကူလာသောကြောင့် PDF ရဲဘော်များ ဆုပ်ခွာခဲ့ရကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက တင်ထားတဲ့ ဓာတ်ပုံတွေ အရ ပျူခေါင်းဆောင် ဝင်းမြင့် သေတယ်။ သူရဲ့ ညီတော်စပ်သူ အဲဘုန်းကြီးက အရှင်သုနန်ဒ (ရာဇမုနိစာသင်တိုက်) ဆိုတဲ့ ဘုန်းကြီး၊ ပို့စ်တင်ထားတယ်” ဟု ကာကွယ်ရေး ရဲဘော် တစ် ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ဟုမ္မလင်းမှ စစ်ကူများ ရောက်ရှိလာပြီး စစ်တပ် စစ်ကြောင်းသည် ဆိတ်ဆာဘုန်းကြီးကျောင်းအတွင်း အထိုင်ချကာ ရွာမရွာနှင့် ဟာပါရွာမှ PDF အိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိတ်ဆာ စာသင် ကျောင်း မှ စစ်သားနှင့် ပျူစောထီးများကို ရမ်းသမ်း ပစ် ခတ်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။khit thit

စစ်ကောင်စီအပေါ် ဖိအားပေးရန် ဂျပန်အစိုးရကို ဂျာနယ်လစ် ကူဘိုတာ တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးရန်နှင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို လက်ခံပေးရန် ဂျပန်နိုင်ငံသား ဂျာနယ်လစ် တိုရူ ကူဘိုတာက ဂျပန်အစိုးရကို နိုဝင်ဘာ ၂၈ ရက်တွင် တိုက်တွန်းလိုက်သည်။

တိုရူ ကူဘိုတာသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီး ထောင်ဒဏ်ချမှတ်ခံရပြီးနောက် မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ကူဘိုတာသည် ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုအနီး အခြားမြန်မာနိုင်ငံသားနှစ်ဦးနှင့်အတူ ဖမ်း ဆီးခံရပြီးနောက် အကျဉ်းထောင်၌ သုံးလခွဲကြာ နေထိုင်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက စစ်အာ ဏာ သိမ်းမှုအပေါ် ဆန့်ကျင်သူများကို သွေးထွက်သံယို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူထောင်ချီ ဖမ်းဆီး အကျဉ်းချခံထားရသည်။

အသက် ၂၆ နှစ်ရှိ ကူဘိုတာသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို ရုပ်ရှင်ရိုက်ကူးမှုအတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရသလို မြန်မာနိုင်ငံ၏ လူဝင်မှု ဥပဒေများ ချိုးဖောက်မှုအတွက် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။

ကူဘိုတာသည် ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်း၊ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ဩစတြေးလျ စီးပွား ရေးပညာရှင် ရှောင်တာနဲလ်တို့နှင့်အတူ နိုဝင်ဘာ ၁၈ ရက်က ပြန်လည်လွတ်မြောက်ခဲ့သည်။

မြန်မာနိုင်ငံအတွက် ကာလကြာ အဓိက အလှူရှင်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူနိုင်ငံ ဖြစ်ခဲ့သည့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ခိုင်မာတက်ကြွစွာ ချဉ်းကပ်တုံ့ပြန်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်ကောင်စီအပေါ် ပိုမိုတက်ကြွထက်သန်စွာ ဝေဖန်ရန် ကူဘိုတာက ဂျပန်အာဏာပိုင်တို့ကို တိုက်တွန်းသည်။

ယင်းကဲ့သို့သော ဘဏ္ဍာငွေကြေးများကို မြန်မာအာဏာသိမ်းစစ်တပ်က အသုံးပြုနေသလား၊ စစ်တပ်ထံ စီးဝင်နေသလားနှင့် ငွေကြေးများကို ပြည်သူကို ပြန်သတ်ရန် စစ်တပ်က အသုံးပြုနေသလား ဆိုသည်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရအနေဖြင့် တင်းတင်းကျပ်ကျပ် စစ်ဆေးသင့်ကြောင်း ကူဘိုတာက တိုကျိုတွင် ပြောသည်။  

ရှိရင်းစွဲ အစီအစဉ် ပရိုဂရမ်များအပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း အကူအညီ ပရောဂျက်သစ် အားလုံးကို ရပ်တန့်မည် ဖြစ်ကြောင်း မြန် မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်အစိုးရက ကြေညာခဲ့သည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှ အကြီးအ ကဲအရာရှိများအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားခြင်း မရှိပေ။

မြန်မာအာဏာသိမ်းစစ်တပ်မှ အရာရှိများကို လေ့ကျင့်သင်ကြားပေးသည့် အငြင်းပွားဖွယ် အစီအစဉ်တစ်ရပ်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလတွင် ကြေညာသည်။ mizzima

« Older Entries