စစ်ကောင်စီခြေကုပ်ယူထားသည့် ရန်ကုန်တွင် သပိတ်လှုပ်ရှားမှုများ နည်းပါးလာ

စစ်ကောင်စီက ပိုမိုခြေကုပ်ယူလာသည့် ရန်ကုန်မြို့တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြစ်သော လူထုသပိတ် ဆန္ဒပြမှုများသည် အာဏာသိမ်းမှုအပြီး နှစ်နီးပါးအကြာတွင် အနည်းငယ်သာ မြင်တွေ့ရတော့သည်။

အာဏာသိမ်း အစတုန်းကလို မြေပြင်သပိတ်ကို အင်အားအများကြီး ထွက်လို့မရတော့ဘူး။ အဲဒီအခြေအနေမှာ ပြောက်ကျားသပိတ်ကို ပြောင်းလာခဲ့ကြရတယ်” ဟု ရန်ကုန်မြေပြင် သပိတ်တာဝန်ခံ ကိုမင်းရတုထက်က သုံးသပ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနှင့်ချီသည့် လူများသည် ရန်ကုန်မြို့ရှိလမ်းများပေါ်တွင် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးတို့အတွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

သို့‌သော် စစ်တပ်ဘက်မှ အင်အား အလွန်အကျွံအသုံးပြု လူစုခွဲ၊ ဖမ်းဆီးခြင်းအပြင် လက်နက်များဖြင့်ပါ ပစ်ခတ်၊ သတ်ဖြတ်ခြင်းကြောင့် လမ်းမ‌‌‌ပေါ်တွင် ဆန္ဒပြသူများ တဖြည်းဖြည်း နည်ပါးလာခဲ့သည်။

လက်ရှိ ရန်ကုန်မြို့ရှိနေရာအချို့တွင် လူငယ်များ၊ ကျောင်းသားသမဂ္ဂများနှင့် အခြား အင်အားစုများ စုပေါင်း၍ ပြောက်ကျားသပိတ်အနေဖြင့်သာ လှုပ်ရှားမှုများပြုလုပ်နေကြသည်။

အဆိုပါသပိတ် လှုပ်ရှားမှုများကို အများပြည်သူသုံး ဘတ်စ်ကားများ၊ လူစည်ကားရာ နေရာများ၊ ဈေးများတွင် အလျင်အမြန် ပြုလုပ်နေရခြင်းဖြစ်သည်။

“ မြို့ပေါ်က သပိတ်တွေကို ဖြိုခွင်းတဲ့ ပုံစံကို ကြည့်လိုက်ရင် အကြမ်းဖက်ပြီးတော့ ရက်စက် ရမ်းကားပြတာတွေကို သတိပြုမိတယ်။ ဒီပေါ်မှာပြတာလည်းဆိုတော့ စစ်အုပ်ချုပ်ရေးကပေးတဲ့ ဒီမိုကရေစီတို့ ရွေးကောက်ပွဲတို့ဆိုတာက လွတ်လပ်စွာဆန္ဒဖော်ထုတ်မှုကိုတောင်မှပဲ အာမခံမပေးနိုင်ဘူးဆိုတာ သူတို့ကိုယ်တိုင် လက်တွေ့ပြနေတာ “ ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် လူငယ် အယောက်၂၀ ကျော် ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တွင် ယခင်ကာလကထက် သပိတ်များ ပိုမိုကျဲပါးခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်မှ ပိုမိုခြေကုပ်ယူလာသည့် ရန်ကုန်သပိတ်များတွင် ပါဝင်လေ့ရှိသည့် လူငယ်အချို့သည် ဆက်လက်နေထိုင်ရန်အဆင်ပြေနိုင်မည့် လွတ်မြောက်နယ်မြေနှင့် အခြားနေရာများသို့ ပြောင်းရွှေ့ပြီး တော်လှန်ရေးတွင် ဆက်လက်ပါဝင်နေကြသည်။

ထို့ကြောင့် ရန်ကုန်တွင်ဆန္ဒပြမှုများ နည်းရသည့် အကြောင်းအရင်းမှာ လုံခြုံရေးပြဿနာများအပြင် လက်နက်ကိုင်တော်လှန်ရေးကို အဓိကထားပြုလုပ်နေခြင်းကလည်း အကြောင်းအရင်းတစ်ချက် ဖြစ်နိုင်ကြောင်း တခြားသပိတ်သမားတစ်ဦးကလည်း သုံးသပ်သည်။

“ အကြမ်းမဖက် တော်လှန်ရေးကဆက်ရှိနေတယ်။ တစ်ချိန်တည်းမှ လက်နက်ကိုင်လို့ ခုခံစစ်ကိုဆင်နွှဲနေရတဲ့ အနေထားမှာ လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရေးကလည်း တစ်ပြိုင်တည်းမှာ အရင်ကရှိပြီးသားကို အားကောင်းအောင် ဆက်လုပ်လာကြတယ်။ တစ်ချိန်တည်းမှာပဲ အတွေးအခေါ် ပိုင်းဆိုင်ရာ တပ်ဆင်တဲ့လုပ်ငန်းတွေလည်း ဆက်ရှိနေတယ်။ အတွေးအ‌ခေါ်ပိုင်းဆိုင်ရာက အခြေပြုတဲ့ လက်နက်ကိုင် တော် လှန်ရေး၊ အတွေးအခေါ်အခြေပြုတဲ့ မြေပြင်သပိတ်တွေက အများကြီးဆက်ဖြစ်နေတယ်။ ဒီနှစ်ခုက ကျွန်းကိုင်မှီကိုင်း ကျွန်းမှီဖြစ်ပါတယ်။ ဒီနှစ်ခု မျှချေကျသွားမှသာလျှင် ကျမတို့ နိုင်ငံရေး အရွေ့က ရှေ့ရောက်မယ်။ မဟုတ်ရင် လက်နက်ကိုင်တဲ့တွေ ကြီးစိုးတဲ့ နိုင်ငံရေးပဲ ပြန်ဖြစ်မယ်” ဟု ဒီမိုကရေစီလှုပ်ရှားမှုတွင် သပိတ်များ၏အရေးပါပုံနှင့် ပတ်သက်၍ ACDD (acdvocacy coordinator ) မှ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ ခြေကုပ်ယူထားသည့်နေရာများတွင် သပိတ်လှုပ်ရှားမှုများ နည်းပါးနေသော်လည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များရှိနေသည့် ဒေသအချို့တွင်မှု ဆန္ဒပြလှုပ်ရှားမှူများ၊ ဟောပြောစည်းရုံးမှုများ ဆက်လက်ရှိနေသည်ကိုလည်းတွေ့ရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s