မတူပီမြို့ စစ်ကောင်စီတပ်အနီးရှိခြံ အသွား မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းအနီးရှိ ၎င်း၏ ခြံသို့ သွားရာ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဇနီးသည်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၉ရက် ယနေ့နံနက် ၉နာရီအချိန်က သေဆုံးသွားခဲ့သူ ဦးရာပဲန်း (အသက် ၅၆နှစ်) နှင့် ဇနီးဖြစ်သူတို့ စစ်ကောင်စီတပ် ခလရ (၃၀၄) နှင့် စစ်ဆေးရေးစခန်းအနီးရှိ ၎င်းတို့ ခြံသို့သွားရောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ အဲဒီတပ်နဲ့ နီးနီးလေး သူ့ခြံက အရင်တုန်းက နွားနောက်တွေလည်း မွေးတယ်၊ ဝဥ တို့ တခြား သီးနှံတွေစိုက်ထားတဲ့ သူ့ခြံကိုအသွားမှာ နင်းမိတာ၊ အဲဒါ စစ်ကောင်စီက ထောင်တာပဲနေမှာ ၊ သူ့နွားနောက်တွေလည်း အဲဒီအကောင်တွေ ဖမ်းသတ်စားလို့ ကုန်သလောက်ဖြစ်နေပြီ” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူမှ ပြောဆိုသည်။
မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွား၍ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် မတူပီ ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရကြောင်း သိရသည်။
စစ်အာဏာမသိမ်းမီက ဦးရာပဲန်းသည် နွားနောက် အကောင် ၄၀ခန့် မွေးထားခဲ့ပြီး ၎င်း၏ ခြံတွင် စားပင်သောက်ပင်နှင့် စီးပွားဖြစ် ဝဥ များလည်း စိုက်ပျိုးထားကြောင်း သိရသည်။
သို့သော် ၎င်း၏ နွားနောက်များကို စစ်ကောင်စီတပ်သားများက ဖမ်းယူ သတ်ဖြတ် စားသောက်ခဲ့ကြောင်းနှင့် ယင်းခြံအတွင်းရှိ နေအိမ်အဆောက်ဦလည်း မီးရှို့ခဲ့ကြောင်း ဆိုသည်။
သေဆုံးသွားသူသည် ဆက်သွယ်ရေးဌာနတွင် ဝန်ထမ်းတစ်ဦးဖြစ်ပြီး ယခင် ရေဇွာ မြို့တွင် တာဝန်ကျခဲ့ပြီး နောက်မတူပီမြို့တွင် ပြန်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။
ဦးရာပဲန်းသည် မတူပီမြို့ ဗန်လောင်းရပ်ကွက်တွင် နေထိုင်ပြီး ကွယ်လွန်ချိန်တွင် သား နှစ်ယောက်နှင့် ဇနီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ mizzima