ရခိုင်တွင် ကုန်းလမ်း ရေလမ်းတချို့ကို ပိတ်ထားဆဲဖြစ်၍ လမ်းပြန်ဖွင့်ပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်အတွင်း ယာယီ အပစ်အခတ်ရပ်စဲပြီးသော်လည်း စစ်ကောင်စီဘက်မှ တချို့သော ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားဆဲဖြစ်သောကြောင့် လမ်းပြန်ဖွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။
နိုဝင်ဘာလ ၂၆ ရက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်ထားမည့်အချက်ကို အလွတ်သဘော သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကို အဓိကထားရှေ့ရှုကာ ယာယီအပစ်ခတ်ရပ်စဲထားခြင်း ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် AA ဘက်မှပြောဆိုခဲ့သည်။
ထို့နောက်တွင် စစ်ကောင်စီတပ်ဘက်မှ ပိတ်ပင်ထားသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့တွင် ရေလမ်းများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့၌ ကုန်းလမ်း၊ ရေလမ်းတို့ကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့ရှိ ပြည်သူများ စစ်တွေမြို့သို့ သွားလာရန် အဓိကအားထားနေရသည့် ကုန်းလမ်း၊ ရေလမ်းများကို ပြန်လည် ဖွင့်ပေးစေချင်သည်ဟု စစ်တွေ-မြောက်ဦး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။
“ ကျနော်တို့က ဒီကားလေးနဲ့ပဲ လုပ်စားနေရတာ။ ကားလမ်းကိုပိတ်ထားတော့ အကျပ်အတည်းတွေ ရှိပါတယ်။ ကျနော်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကားသမားအကုန်လုံး အခက်အခဲဖြစ်ကြတာပါပဲ။ စစ်တွေကိုသွားနေတဲ့လမ်းကို ပြန်ဖွင့်ပေးစေချင်ပါတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါ မြို့နယ်များရှိပြည်သူများသည် ကျန်းမာရေးကိစ္စရပ်များ ကြုံတွေ့လာရပါက စစ်တွေမြို့ရှိ ဆေးရုံ၊ ဆေးခန်းများကို အားထားနေရသည့်အတွက် လမ်းပြန်ဖွင့်ပေးစေချင်သည်ဟု မြောက်ဦးဒေသခံ တစ်ဦးကလည်းပြောသည်။
“ အခုတော့ အပစ်အခတ်ရပ်စဲထားတော့ တခြားမြို့က လမ်းတွေပြန်ဖွင့်ပြီလို့ တော့ သိရတယ်။ စစ်တွေကိုသွားတဲ့ ကားလမ်းကိုလည်း ပြန်ဖွင့်ပေးစေချင်ပါတယ်။ ကျနော့်အမျိုးထဲက တစ်ယောက်ဆို စစ်တွေကို နှစ်လ တစ်ကြိမ် ဆေးခန်းသွားပြရပါတယ်။ လမ်းတွေပိတ်ထားတော့ ဆေးခန်းသွားမပြရဘူး။ တခြားအခက်အခဲတွေလည်းရှိပါတယ်“ ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
စစ်တွေ- ပုဏ္ဏားကျွန်း-ကျောက်တော်၊ မြောက်ဦး ကားလမ်း ၊မြောက်ဦး-စစ်တွေ ရေလမ်း၊ စစ်တွေ-ပေါက်တော- မင်းပြား-မြေပုံ ရေလမ်းနှင့် မင်းပြား-မြေပုံ ကားလမ်း တို့ကို စစ်ကောင်စီမှ လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်သည်။ mizzima