လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင်မပေးနိုင်သေးသလို အချိန်ပိုင်းဖြင့်သာ ပေးဝေမည်ဟု လျှပ်စစ်ဝန်ကြီးဆို

လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင်မပေးနိုင်သေးသလို၊ အချိန်ပိုင်းဖြင့်သာပေးဝေမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဆိုသည်။
ထို့အပြင် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ အချိန်ပိုင်းပေးဝေမည့် အစီအစဉ်များ ချမှတ်ထားကြောင်း ၎င်းကဆိုသည်။
“ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမယ့် အစီအမံတွေကို ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ သင့်တော်တဲ့ နာရီကြားနဲ့ ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ လုပ်ဆောင်ထားပါတယ်” ဟု ဆိုသည်။
နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့် ဖြန့်ဖြူးပေးသွားရန် စီစဉ်လျက်ရှိပြီး လေးနာရီပေး လေးနာရီနား ပုံစံမျိုးဖြင့် စမ်းသပ်နေကြောင်းလည်း ၎င်းကဆိုသည်။
“လက်ရှိမှာ တစ်နိုင်ငံလုံး လျှပ်စစ်မီး အချိန်မှန်မရတာမျိုး ကြုံနေရတာပါ။ အရင်က ပြည်နယ် တိုင်းအလိုက် မြို့နယ်တွေမှာ အချိန်ဇယားအလိုက် မီးပေးတာမျိုးရှိပေမယ့် အခုက ပြတ်ချင်တဲ့အချိန်ပြတ်ပြီး လာချင်တဲ့အချိန်လာတာ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ဆို သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပုံမှန်မရဘဲ မကြာခဏဆိုသလို ပြတ်တောက်နေချိန်တွင် ပြည်သူများ လျှပ်စစ်မီးချွေတာကြရန်၊ ရေကို ချွေ တာကြရန်နှင့် စက်သုံးဆီကို ချွေတာရန် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ပြောဆိုထားသည်။ mizzima