ဧရာဝတီဘဏ်ကို အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်းသည် စစ်ကောင်စီက ဦးပိုင်ကုမ္ပဏီအဖြစ် အပိုင်သိမ်းခြင်းသာဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များသုံးသပ်

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်လီမီတက်ကို အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလိုက်ကြောင်း မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ-၅၈(ခ)အရ ကြေညာကြောင်း သိရသည်။
ထို့ကဲ့သို့ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ပြောင်းလဲရန် စီစဉ်ခြင်းသည် တနည်းအားဖြင့် ဦးပိုင်အဖြစ် စစ်ကောင်စီက အပိုင်သိမ်းခြင်းသာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောဆိုသည်။
“တကယ်တော့ ဦးပိုင်လို့ တိုက်ရိုက်မသုံးတာဘဲ ရှိမယ်။ ပြောရရင် စကစ(စစ်ကောင်စီ) အနေနဲ့ ဦးပိုင်အဖြစ်ပြောင်းလဲပြီး သိမ်းယူလိုက်တာနဲ့အတူတူပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အများပိုင်ကုမ္ပဏီ ပြောင်းလဲခြင်းနောက်တွင် ဧရာဝတီဘဏ်အသုံးပြုသူများ၏ ငွေကြေး ကိစ္စရပ်များနှင့်ပတ်သက်၍ ကန့်သတ်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“နောက်ဆက်တွဲအနေနဲ့ အဆိုးဆုံးပြောရရင် စကစလက်ထဲကို ရောက်သွားတာ ဖြစ်တဲ့အတွက် ကိုယ့်အကောင့်ထဲကငွေဟာ ကိုယ်မပိုင်တော့တဲ့အခြေအနေ ဖြစ်သွားနိုင်တယ်။ အဲ့ဒီလို မဖြစ်ရင်တောင် ကန့်သတ်ချက်တွေရှိနိုင်တယ်” ဟု အမည်မဖော် လိုသည့် စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ ရှေ့နေတစ်ဦးကို မဇ္ဈိမအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင်
“လတ်တလောတွင် ဖြေကြားပေးရန်အဆင်သင့်မဖြစ်သေးကြောင်းနှင့် သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိအချိန်တွင် အများပိုင်နှင့်သက်ဆိုင်သော ကုမ္ပဏီပြောင်းလဲရန် အတွက် အသေးစိတ် အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ဖြစ်သလို တရားရုံး၏အမိန့်ကို စောင့်ဆိုင်းနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မဇ္ဈိမအနေဖြင့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်း ထောင့်ရှိ ဧရာဝတီဘဏ်၏ Hot Line ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်း ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ဧရာဝတီဘဏ်ပိုင်ရှင် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နောက်ပိုင်း ကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်သည်။
တချို့သော သတင်းများက ဦးဇော်ဇော် ဖမ်းဆီးခံထားရသည်ဟုဆိုကြသော်လည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ် ၂၀၂၁ခုနှစ် ၊ ဒီဇင်ဘာလ၂၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ အားကစားကွင်းသို့ သွားရောက်စစ် ဆေးခဲ့ရာ စစ်ကောင်စီဥက္ကဋ္ဌ၏ နံဘေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဇော်ဇော်ရှိနေသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများအရ တွေ့ရှိခဲ့သည်။
၂၀၂၂ခုနှစ် ၊ ဧပြီ ၁ ရက်နေ့တွင် ထွက်ပေါ်လာသည့် သတင်းအရ ဧရာဝတီဘဏ်ပိုင်ရှင် ဦးဇော်ဇော်အနေဖြင့် စီးပွားရေးဆက်လုပ်လိုပါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂါရဝပြုရမည်ဟု ဖိအားပေးခြိမ်းခြောက် ခံရသည့်အတွက် စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ ချိတ်ဆက် စီစဉ်မှုဖြင့် သွားရောက်ဂါရ၀ပြုခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌအား သွားရောက်ဂါရ၀ပြုရာတွင် ဦးဇော်ဇော်နှင့်အတူ ဦးခင်မောင်အေး ၊ Asia World ဦးထွန်းမြင့်နိုင်(ခ)စတီဗင်လော ၊ ဦးသိမ်း၀ေ (ခ) Serge Pun ၊ ဧရာဟင်္သာကုမ္ပဏီပိုင်ရှင်ဦးဇော်ဝင်းရှိန် ၊ ဦးအိုက်ထွန်း ၊ ဦးကျော်ကျော်ဝင်း ၊ Alpha ဦးအောင်မြတ် ၊ ဦးခွန်နောင် ၊ ဦးစိုးနိုင် ၊ ဦးစိုးလှိုင် ၊ ရွှေသံလွင်ဦးကျော်ဝင်း ၊ ဒဂုံဦးဝင်းအောင် ၊ ဦးစိုင်းနောင် ၊ ဦးကျော်သောင်းနှင့် ဂျိုနသန်ကျော်သောင်းသားအဖ ၊ ဦးအောင်မျိုးမင်း ၊ ဦးစိုင်းမျိုးဝင်း ၊ မုတ္တမ ကုမ္ပဏီမှဦးယန်ဟို စသည့်သူဌေးကြီးများလည်း ပါဝင်ခဲ့ကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည်။
ဧရာဝတီဘဏ်ပိုင်ရှင် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် ၂၀၂၁ခုနှစ် ၊ မတ်လ၂၃ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ကြီးနှစ်ခုဖြစ်သည့် International Trade Union Confederation (ITUC)နှင့် Union Network International (UNI) Global Unionတို့မှထုတ်ပြန်လိုက်သည့် စစ်ကောင်စီအားကူညီနေသည့်လူစာရင်းတွင် မပါဝင်ခဲ့ချေ။mizzima