Monthly Archives: Nov 2022

ဘော်လခဲ ထူးချောင်းရွာ စစ်ကောင်စီတပ်စ ခန်းကို စနိုက်ပါ ဖြင့်ပစ်ခတ် ၊ သေဆုံးသူရှိ

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ထူးချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ က စနိုက်ပါ ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု( KRU) မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ကင်းကို ရက်ရှည်ယူပြီးမှ သေချာ စနိုက်ပါ မစ်ရှင်လုပ်ခဲ့တာ။ တစ်ယောက်သေတယ် စနိုက်ပါမစ်ရှင် ဆိုတော့ စကုတ် နဲ့သေချာမြင်ရတယ်။ နှစ်ယောက်ကတော့ ထိတယ် လဲတယ် ပြန်ထမလာနိုင်ဘူး။ ဒါပေမဲ့ သေတယ် မသေဘူး အတည်မပြုနိုင်ခဲ့ဘူး “ ဟုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ဒေသကာကွယ်ရေးရဲဘော်များ ပြန် လည်ဆုတ်ခွာလာခဲ့ရကြောင်း ဆိုသည်။

“သူတို့ဘက်က ၇၉ တွေ အီနီဂါ တွေ ပွိုင့်ဖိုက်တွေ လျှောက်ပစ်လာလို့ သူတို့(ကာကွယ်ရေးရဲဘော်) တွေ ပြန်ပြီးတော့ချက်ချင်းပဲ ပြန်ဆုတ်လာရတယ် တိုက်ပွဲကြာချိန်က မိနစ် ၄၀ လောက်ပဲ ရှိတယ်။ စနိုက်ပါမစ်ရှင်ဆိုတော့ ပစ်ပြီး မစ်ရှင် အောင်ပြီ ဆိုတော့ ပြန်ဆုတ်လာလိုက်တာ“ ဟု KRU က တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ ထူးချောင်းတပ်စခန်းတွင် အင်အား ၅၀ မှ ၇၀ ကြားရှိပြီး ဖရူဆို နှင့် ဘော်လခဲ လမ်းပိုင်းတွင် လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လူ အင်အားလက်နက်အင်အားများ ဖြည့်တင်းနေကြောင်း ၊ ဒေသကာကွယ်ရေးအဖွဲ့များဘက်တွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သိရသည်။ mizzima

အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၅၄၆ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၄၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၆၂ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၉၉၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၂၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာ မြေသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတယောက်ဖြစ်တဲ့ ဦးဖိုးဖြူကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ခရိုင်တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ၁ သောင်း ပေးဆောင်စေဖို့ နို ဝင်ဘာ ၂၅ ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဖိုးဖြူကို  အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ မတ် ၂၃ ရက်က ရန်ကုန်မြို့မှာ ဖမ်း ဆီးခဲ့ပြီး ၈ လလောက်အကြာမှာ ခုလိုအမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာပဲ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နှစ်မှုနဲ့ ထပ်မံ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဦးမြင့်မောင်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခံခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ထားဝယ်အကျဉ်းထောင်မှာ တိုက်ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့များကို မကြာခဏ ပစ် ခတ်နေသဖြင့် ရပ်ကွက်ရုံးတွင် တိုက်ရိုက် ဧည့် စာရင်း တိုင်ခွင့် မပြုတော့ဘဲ စနစ်သစ် ပြောင်း လဲ

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ရပ်ကွက်ရုံးတွင် ဧည့်စာရင်း တိုက် ရိုက်တိုင် ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲလိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ ထံမှ သိရှိရသည်။

ယမန်နေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက်တွင် ဧည့်စာရင်းတိုင်မည် ဟုဆိုကာ ဝင်ရောက်ပစ်ခတ်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သန်း အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီးနောက် ဧည့်စာရင်းကို ရပ်ကွက်ရုံးသို့ တိုက်ရိုက် လာတိုင်ခြင်းမပြုရန်နှင့် အပြင် လူစိမ်းများ ရပ်ကွက်ရုံးသို့ မလာနိုင်စေရန် စနစ်သစ်ဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်အတွင်းမှ ပြည်သူများအနေဖြင့် ဧည့်စာရင်းတိုင်မည်ဆိုလျှင် ရာအိမ် မှူး၊ ဆယ်အိမ်မှူးများထံတွင် မူလ ထောက်ခံလက်မှတ် အရင်ယူရ မည် ဖြစ်ပြီး အဆိုပါ ထောက်ခံချက် လက်မှတ်ပါမှသာလျှင် ရပ်ကွက်ရုံးထဲသို့ ဧည့် စာရင်း တိုင်ရန် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများအနေဖြင့် ရပ်ကွက်အတွင်းမှ ပြည်သူများမှ အပ လူစိမ်းများကို ဧည့်စာရင်းထောက်ခံချက် ထုတ်မပေးရန် ၊ ထောက်ခံချက် လက်မှတ်မပါဘဲ ရပ်ကွက်ရုံးအတွင်းသို့ ဧည့်စာ ရင်း တိုင်မည်ဟု ပြောဆို ဝင်ရောက်မှုများကို လုံး၀ လုံး၀ ခွင့်ပြုမည် မဟုတ် ကြောင်း သိရှိရသည်။

“အုပ်ချုပ် ရေးမှူးရုံးမှလော်စပီကာနဲ့ လိုက်အော်နေပါတယ် ဧည့်စာရင်း ထောက် ခံစာ လုပ်ရင် အရင်လို ရုံးကို တိုက် ရိုက်လာလို့မရတော့ဘူး။ ရပ် ကွက် က အရင်တုန်းက ရွေးချယ်တင်မြှောက်ထားသော ဆယ် အိမ်မှူး ရာအိမ် မှူး တွေ ဧည့်စာရင်းထောက်ခံချက် လက်မှတ်အရင်ယူပြီးမှ ရုံးကို လာယူရမယ်။ အခု ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက လန့်နေပြီ။ အုပ်ချုပ်ရေးမှူး အပစ် မခံရဘဲ သူတို့က ကြားကဝင် အပစ်ခံရမယ့်ပုံစံဆိုတော့ လန့်နေကြတယ်။ လူစိမ်း တွေ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်ရုံးဝင်ပစ်တာမျိုးမဖြစ်အောင် လုပ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရပ်ကွက်ရုံးများတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များ မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးသည့် ဖြစ်စဉ်များ တောက် လျှောက် ဆိုသလိုဖြစ်ပေါ်လျက်ရှိပြီး လက်ရှိအချိန်အထိ ရပ်ကွက်ရုံးများတွင် သဲအိတ် များ၊ ဘယ်ရီယာများ၊ ၊ ဘန်ကာများ တည် ဆောက်၍ စစ်သားတချို့က လုံခြုံရေးယူထားမှုများ တစ်နိုင်ငံလုံး တွင် စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။ khit thit

ကလေး PDF အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၂၇ ရက်က ဒေသခံ PDF အဖွဲ့ဝင်တဦး မြို့ထဲကို သွားစဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

PDF အဖွဲ့ဝင် ကိုဇင်မျိုးဟိန်းဟာ တာဟန်းမီးပွိုင့်အနီးမှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ် ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကိုဇင်မျိုးဟိန်းအတွက် စိုးရိမ်နေတယ်ဗျ။ စစ်ကြောရေးကလည်း သိတဲ့အတိုင်းပဲ နှိပ်စက်ညှဉ်းပန်းတယ်။ တချို့တွေဆို ဒဏ်မခံနိုင်လို့ သေတာတွေရှိတယ်။ တချို့ဆို ပစ်သတ်တာတွေလည်း ရှိတယ်။ ကျနော်တို့အနေနဲ့ စိုးရိမ်စိတ်ပူနေရတယ်။”

ကိုဇင်မျိုးဟိန်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မနေ့က မနက် ၁၀ နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းမီးပွိုင့်အနီးမှာ အများပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးခဲ့ရာ ပန်းမွန်ချောင်းကျေးရွာအနီးမှာ PDF သင်တန်း တက်ရောက်ခဲ့တဲ့ ဇင်မျိုးဟိန်းကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ် ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ DVB

KNLA နှင့်တိုက်ပွဲဖြစ်ပြီးနောက် ပဲခူးတိုင်း ရွှေ ကျင်မြို့နယ်အတွင်းရှိ ကျေးရွာကို စစ်တပ်မီး ရှို့

ပဲခူးတိုင်း အရှေ့ခြမ်း စစ်တောင်းမြစ်ဘေးရှိ ရွှေကျင်မြို့နယ်အတွင်းမှ ကျေးရွာအချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်း ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာက နေအိမ်နဲ့ ဈေးဆိုင် ၇ လုံးကို မီးရှို့သွားတာပါ။ နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ မီးရှို့ခဲ့တာပါ။ အဲ့နားမှာ စစ်တပ်ပဲရှိတာ သူတို့ပဲ ရှို့ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မီးရှို့ခံရသည့် ပဒဲကော ကျေးရွာသည် ရွှေကျင်မြို့ မြောက်ဘက် ၁၀ မိုင်အကွာ ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ် ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် တည်ရှိပြီး လူဦးရေ ၅၀၀၀ နီးပါးခန့် နေထိုင်သည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက် ဘောကထာ၊ သံဆိပ်၊ တုံးတံတာစခန်းများကို KNU လက်အောက်ခံ တပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသည်။

ယခုမီးရှို့ဖျက်ဆီးခံရသည့် ပဒဲကောရွာ ဒေသခံများလည်း အဆိုပါ နေ့ကတည်းက စစ်ရှောင် နေခဲ့ရခြင်းကြောင့် ရွာမီးလောင်ချိန်တွင် ရွာအတွင်း၌ ဒေသခံများ နေထိုင်ခြင်း မရှိပေ။

လက်ရှိတွင် ရွှေကျင်မြို့နယ်အတွင်းရှိ ရွာပေါင်း ၁၈ ရွာခန့်မှ ဒေသခံများသည် အနီးအနားရှိ တောင်ယာများ၊ ဘေးလွတ်ကင်းရာ ရွာအချို့တွင် ခိုလှုံနေရကာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းအချို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်အထိ စစ်ကောင်စီတပ်နှင့် KNU တပ်များအကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ သုံးသိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက် လူတစ်သိန်းကျော်မှာ အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု KNU က သတင်းထုတ်ပြန် ထားသည်။myanmar now

မုံရွာတွင် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု ကျူးလွန်သူ ၂ ဦးအား ပလဖက ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း မုဒိမ်းမှု၊ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုခိုးမှု စတဲ့ ပြစ်မှုပေါင်းများစွာ ကျူးလွန်ထားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က နိုဝင်ဘာ ၂၇ ရက်မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

သူတို့ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေကို အသေးစိတ်ဝန်ခံထွက်ဆိုထားတာ ဖြစ်တဲ့အတွက် တရားဥပဒေအရ အပြစ်ပေး အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီကောင်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေက ရာချီရှိနေတယ်။ ဖမ်းမိထားတာက ၁၀ ရက်လောက် ရှိပြီ။ အခု စစ်ဆေးပြီး သူတို့ထွက်ချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်တာပါ။ စစ်လိုက်တော့ ဒီကောင်တွေကို စကစတပ်ရဲ့ လက်ပါးစေ မျိုးချစ်ဆိုတဲ့ အဖွဲ့က ခိုင်းစေတယ်လို့ သိရတယ်။ သူတို့ကို စစ်ကောင်စီတပ်က သတင်းပေးဒလန်လည်း လုပ်ခိုင်းတယ်လို့ ပြောတယ်။ နောက်ပြီး သူတို့တတွေကို စစ်တပ်က အရေးမယူဘဲ ကျူးလွန်ထားတဲ့ လုပ်ရပ်တွေကို PDF က လုပ်ပါတယ်ဆိုပြီး သတင်းလွှင့်ပေးဖို့ကိုလည်း စေခိုင်းထားတယ်လို့ ဝန်ခံထားတယ်။ မုံရွာ ပလဖ အနေနဲ့ ဆက်စပ်မှုအားလုံးကို ဖော်ထုတ်အရေးယူသွားမယ်။”

ဖမ်းဆီးရမိထားတဲ့ အသက် ၁၈ နှစ်အရွယ် စိုင်းရဲထွန်း ဆိုသူကို စစ်ဆေးရာမှာတော့ ဓားပြတိုက် အနုကြမ်းစီးမှု ၄ မှု၊ အမျိုးသမီးများအား ပစ္စည်းလုယက်/မုဒိမ်းကျင့်မှု ၈ မှုအပါအဝင် လုယက်မှု ၄၃ မှု နဲ့ ခိုးမှုပေါင်း ၇၈ မှု ကျူးလွန်ထားကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ စိုင်းရဲထွန်းမှာ စိုင်းရဲထွန်း (ခ) ရွှေမောင် (ခ) ကုလားဆိုတဲ့ အမည် ၃ မျိုးနဲ့ ရာဇဝတ်မှုများလှုပ်ရှားကျူးလွန်နေသူဖြစ်တယ်လို့ သိရပြီး မုံရွာမြို့ နန္ဒဝန် အမှတ် ၆ ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ဖမ်းဆီးရမိထားတဲ့ အသက် ၁၉ နှစ်အရွယ် ထက်ခိုင်ဦးဆိုသူကို စစ်ဆေးရာမှာတော့ ၈ နှစ်အရွယ် အမေတူ အဖေကွဲ ညီမဖြစ်သူကို အကြိမ်ရေ ၂၀ မုဒိမ်းကျင့်မှုနဲ့ ခိုးမှုပေါင်း ၃၉ မှုကျူးလွန်ထားကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေ ထွက်ဆိုချက်အရ ကျူးလွန်မှုအများဆုံးဖြစ်ပွားတဲ့နေရာတွေဟာ မုံရွာမြို့ရဲ့ စက်မှုဇုံနဲ့ နန္ဒဝန်ရပ်ကွက်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်ခြင်းခံရပါက မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)အပါဝင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အထောက်ထားအပြည့်စုံဖြင့် ဆက်သွယ် အကြောင်းကြားတိုင်ကြားနိုင်ကြောင်းလဲ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က အသိ ပေးနှိုးဆော်ထားပါတယ်။ DVB

ဧရာဝတီဘဏ်ကို အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်းသည် စစ်ကောင်စီက ဦးပိုင်ကုမ္ပဏီအဖြစ် အပိုင်သိမ်းခြင်းသာဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များသုံးသပ်

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်လီမီတက်ကို အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလိုက်ကြောင်း မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ-၅၈(ခ)အရ ကြေညာကြောင်း သိရသည်။

ထို့ကဲ့သို့ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ပြောင်းလဲရန် စီစဉ်ခြင်းသည် တနည်းအားဖြင့် ဦးပိုင်အဖြစ် စစ်ကောင်စီက အပိုင်သိမ်းခြင်းသာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောဆိုသည်။

“တကယ်တော့ ဦးပိုင်လို့ တိုက်ရိုက်မသုံးတာဘဲ ရှိမယ်။ ပြောရရင် စကစ(စစ်ကောင်စီ) အနေနဲ့ ဦးပိုင်အဖြစ်ပြောင်းလဲပြီး သိမ်းယူလိုက်တာနဲ့အတူတူပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အများပိုင်ကုမ္ပဏီ ပြောင်းလဲခြင်းနောက်တွင် ဧရာဝတီဘဏ်အသုံးပြုသူများ၏ ငွေကြေး ကိစ္စရပ်များနှင့်ပတ်သက်၍ ကန့်သတ်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“နောက်ဆက်တွဲအနေနဲ့ အဆိုးဆုံးပြောရရင် စကစလက်ထဲကို ရောက်သွားတာ ဖြစ်တဲ့အတွက် ကိုယ့်အကောင့်ထဲကငွေဟာ ကိုယ်မပိုင်တော့တဲ့အခြေအနေ ဖြစ်သွားနိုင်တယ်။ အဲ့ဒီလို မဖြစ်ရင်တောင် ကန့်သတ်ချက်တွေရှိနိုင်တယ်” ဟု အမည်မဖော် လိုသည့် စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ ရှေ့နေတစ်ဦးကို မဇ္ဈိမအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင်

“လတ်တလောတွင် ဖြေကြားပေးရန်အဆင်သင့်မဖြစ်သေးကြောင်းနှင့် သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် အများပိုင်နှင့်သက်ဆိုင်သော ကုမ္ပဏီပြောင်းလဲရန် အတွက် အသေးစိတ် အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ဖြစ်သလို တရားရုံး၏အမိန့်ကို စောင့်ဆိုင်းနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမအနေဖြင့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်း ထောင့်ရှိ ဧရာဝတီဘဏ်၏ Hot Line ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်း ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဧရာဝတီဘဏ်ပိုင်ရှင် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နောက်ပိုင်း ကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်သည်။

တချို့သော သတင်းများက ဦးဇော်ဇော် ဖမ်းဆီးခံထားရသည်ဟုဆိုကြသော်လည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ် ၂၀၂၁ခုနှစ် ၊ ဒီဇင်ဘာလ၂၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ အားကစားကွင်းသို့ သွားရောက်စစ် ဆေးခဲ့ရာ စစ်ကောင်စီဥက္ကဋ္ဌ၏ နံဘေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဇော်ဇော်ရှိနေသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများအရ တွေ့ရှိခဲ့သည်။

၂၀၂၂ခုနှစ် ၊ ဧပြီ ၁ ရက်နေ့တွင် ထွက်ပေါ်လာသည့် သတင်းအရ ဧရာဝတီဘဏ်ပိုင်ရှင် ဦးဇော်ဇော်အနေဖြင့် စီးပွားရေးဆက်လုပ်လိုပါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂါရဝပြုရမည်ဟု ဖိအားပေးခြိမ်းခြောက် ခံရသည့်အတွက် စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ ချိတ်ဆက် စီစဉ်မှုဖြင့် သွားရောက်ဂါရ၀ပြုခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌအား သွားရောက်ဂါရ၀ပြုရာတွင် ဦးဇော်ဇော်နှင့်အတူ ဦးခင်မောင်အေး ၊ Asia World ဦးထွန်းမြင့်နိုင်(ခ)စတီဗင်လော ၊ ဦးသိမ်း‌၀ေ (ခ) Serge Pun ၊ ဧရာဟင်္သာကုမ္ပဏီပိုင်ရှင်ဦးဇော်ဝင်းရှိန် ၊ ဦးအိုက်ထွန်း ၊ ဦးကျော်ကျော်ဝင်း ၊ Alpha ဦးအောင်မြတ် ၊ ဦးခွန်နောင် ၊ ဦးစိုးနိုင် ၊ ဦးစိုးလှိုင် ၊ ရွှေသံလွင်ဦးကျော်ဝင်း ၊ ဒဂုံဦးဝင်းအောင် ၊ ဦးစိုင်းနောင် ၊ ဦးကျော်သောင်းနှင့် ဂျိုနသန်ကျော်သောင်းသားအဖ ၊ ဦးအောင်မျိုးမင်း ၊ ဦးစိုင်းမျိုးဝင်း ၊ မုတ္တမ ကုမ္ပဏီမှဦးယန်ဟို စသည့်သူဌေးကြီးများလည်း ပါဝင်ခဲ့ကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည်။

ဧရာဝတီဘဏ်ပိုင်ရှင် ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် ၂၀၂၁ခုနှစ် ၊ မတ်လ၂၃ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ကြီးနှစ်ခုဖြစ်သည့် International Trade Union Confederation (ITUC)နှင့် Union Network International (UNI) Global Unionတို့မှထုတ်ပြန်လိုက်သည့် စစ်ကောင်စီအားကူညီနေသည့်လူစာရင်းတွင် မပါဝင်ခဲ့ချေ။mizzima

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများ ပြီးပြတ်တော့မည်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများအားလုံး ယခုနှစ်မကုန်မီ ပြီးပြတ် မည်ဟု နေပြည်တော်အချုပ်ထောင် တရားခွင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရ သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်နှစ်နီးပါးအတွင်း အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲကာ ၁၄ မှုဖြင့် ထောင် ၂၆ နှစ်ချပြီး ဖြစ်သည်။

လက်ကျန် အမှုငါးမှုမှာ သဘာဝဘေးကျရောက်လျှင် သုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် က ရဟတ်ယာဉ် ငှားရမ်း၊ဝယ်ယူသည်ကို အကြောင်းပြု၍ တစ်မှုလျှင် ထောင် ၁၅နှစ်အထိချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စွပ်စွဲထားသည့် အမှုများဖြစ်သည်။ https://myanmar-now.org/mm/news/12423

ထိုအမှုအားလုံးတွင် NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်းထွက်ဆိုထားပြီး မကြာမီတွင် အပြီးသတ်လျှောက်လဲ ချက်ပေးရန်ရှိကြောင်း၊ ထို့နောက်တွင် စွဲချက်တင်မတင် တရားရုံးက ဆုံးဖြတ်ပြီးနောက် တစ်လအတွင်း အမိန့်ချဖွယ်ရှိကြောင်း  တရားရုံး သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၉)တွင် နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တင်သွင်းသည့် သက်သေငါးဦး စစ် ဆေးရန်ရှိပြီး အသေးစိတ်ကိုမူ ထုတ်မပြောနိုင်ဟု ၎င်းတို့က ဆိုသည်။

“စွဲဆိုခံထားရတဲ့ အမှုတွေ အားလုံးပြီးရင်တော့ နေရာပြောင်းရွှေ့ထားမယ်ဆိုပြီး အကြမ်းဖျင်းတော့ သိထားတယ်၊ အကျယ်ချုပ်လား၊ အ ကျဉ်းထောင်ထဲပို့မလားတော့ တိတိကျကျ မသိရသေးဘူး”ဟု တစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ရှိ ကွန်ကရစ် အဆောက်အဦးငယ်တစ်ခုတွင် သီးသန့် ချုပ်နှောင်ထားသည်။ အသက် ၇၇ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ရာသီဥတု၊ ပိုးမွှားဒဏ်နှင့် နေရေး၊ စားရေး ဒုက္ခမျိုးစုံရင်ဆိုင်နေရကာ နိုင်ငံတကာကလည်း နေအိမ်၌ ပြန်လည်ထားရှိရန် စစ်ကောင်စီကို တောင်းဆိုထားသည်။

မကြာသေးမီတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည့် NLD  အစိုးရ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် အချုပ်ထောင် တွင် ယခင်ထက် သိသိသာသာပိန်သွားသည့် ပုံစံရှိသော်လည်း တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု နိုင်ငံတကာ သတင်းဌာနများကို ပြောထားသည်။

ရှောင်တာနယ်သည် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသူဖြစ်ပြီး လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး၊ ဒုဝန်ကြီး သုံးဦးနှင့် အတူ စစ်ကောင်စီက ထောင်သုံးနှစ်ချခဲ့သည်။ အမှုရင်ဆိုင်နေရချိန် တစ်နှစ်နီးပါး အတွင်း နေပြည်တော်အချုပ်ထောင်၌ရှိနေခဲ့ကာ အပတ်စဉ် တရားရုံးချိန်းများမတိုင်မီတွင် ရှောင်တာနယ်က ဒေါ် အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ခွင့်ရခဲ့သူဖြစ်သည်။

အမိန့်ချပြီးနောက် မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်၊ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တို့ သို့ ရှောင်တာနယ်ကို ပို့ကာ နှစ်ပတ်ကျော်အကြာ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက ပြည်နှင်ဒဏ် ပေးထားသည်။

“အရင်ကလည်း သူက ပိန်ပိန်ပါးပါးပါပဲ။ ဒါပေမယ့် အခုက အဲဒီထက်ပိုပိန်ပါတယ်။ သို့သော် သူမက သန်သန်မာမာပါပဲ။ အရင်အတိုင်းပဲ”ဟု အသက် ၅၈နှစ်အရွယ် ရှောင်တာနယ်က The Financial Times ကို ပြောသည်။

တရားရုံးချိန်း၌ ပထမဆုံးပြန်တွေ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြဿနာများထဲ ဆွဲသွင်းသလို ဖြစ်ခဲ့ရသည့်အတွက် သူနှင့် သူ့မိသားစုကို တောင်းပန်ကြောင်း ပြောခဲ့သည်ဟု ရှောင်တာနယ်က

The Australian သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများတွင် ပူးတွဲစွပ်စွဲခံထားရသည့် နိုင်ငံတော် သမ္မတ ဦးဝင်း မြင့်လည်း ပါဝင်ပြီး အပြစ်မရှိဟု ထွက်ဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ် အချို့ထံမှ သိရသည်။

လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင်က အာဏာသိမ်းသည့်နေ့ နံနက်မိုးမလင်းမီတွင် သမ္မတ အိမ်တော်၌ ရှိ နေသည့် ၎င်းကို ရာထူးမှနုတ်ထွက်ရန် စစ်တပ်က ခြိမ်းခြောက်သော်လည်း လက်မခံသည့် နောက်တွင် ဦးဝင်းမြင့်ကို စစ်ကောင်စီက လျှို့ဝှက်တစ်နေရာတွင် ဖမ်းဆီးထားကာ ပုဒ်မ ရှစ်ခုဖြင့် အမှုဖွင့်သည်။

ထိုအထဲမှ သုံးခုဖြင့် ထောင်နှစ်နှစ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နည်းတူ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ် ယူမှုဖြင့် အဂတိမှု ငါးမှုကို ဦးဝင်းမြင့်က ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်၊ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု ခြေလှမ်းပြင်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့ကဲ့သို့ နိုင်ငံ့အကြီးအကဲများကို ပြန်လွှတ်မည့် အရိပ်အယောင်များတွေ့မြင်လာရကြောင်း တရားရုံး ဆိုင်ရာ ဒုတိယ သတင်းရင်းမြစ်က ပြောသည်။

“အရင်အာဏာရှင်တွေကတော့ သူတို့ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေ ကျင်းပခါနီးရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ယုံကြည်အောင်လုပ်ခဲ့ တာတွေရှိတယ်။ ဒီလမ်းစဉ်ဘဲ လိုက်မလား၊ ဘယ်လိုလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက NLD ပြိုင်တိုင်း နိုင်လေ့ရှိသည့် မဲအများဆုံးသူ အနိုင်ရသည့် လက်ရှိရွေးကောက်ပွဲ စနစ်ကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် အစားထိုးကျင့်သုံးမည်ဟု ဆိုထားသည်။ ထိုစနစ်သည် ပါတီ ကိုသာ ကြည့်၍ မဲပေးရမည်ဖြစ်၍ NLD သာဝင်ပြိုင်မည်ဆိုလျှင် စစ်ကောင်စီ ဒုက္ခတွေ့လိမ့်ဦးမည်ဟု နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်ထားသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီထံမေး၍ မရပေ။ myanmar now

ကလေးမြို့နယ်၊ ရာဇဂြိုလ်လမ်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလမ်းခွဲတွင် တပ်စွထြားသော စစ်တပ်ကို PDF တပ်ပေါင်းများစုက နိုဝင်ဘာလ ၂၆ ရက်နေ့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် Voice of Kalay ထံမှ သိရှိရသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ရာဇဂြိုဟ်လမ်းခွဲတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Giant Revolution Force-GRF နှင့် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုသည် နာရီဝက်နီးပါး ကြာမြင့်ကြောင်း၊ GRF၊ Ranger Kalay Defend Force-RKDF၊ Harmonious Northern Brotherhood-HNB ၊ People Defence Army-PDA , Chin Secret Service -CSS, Chin National Defence Force (Sap Din Thuam-SDT), Urban Guerrilla Force Kalay S2 , ဒေါင်းသွေးဇာရာနှင့် မြောက်ပိုင်း ပကဖ ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် RKDF တပ်ဖွဲ့ဝင် ၂ ဦး ဦးခေါင်း၊ မေးရိုး၊ ဘယ်ဘက်ခြေဖမိုး၊ ပေါင်နှင့် လက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပူးပေါင်းတိုက်ခိုက်သည့် အထက်ပါအဖွဲ့များမှ GRF, HNB , PDA , CSS နှင့် CNDF(SDT) အဖွဲ့တို့သည် မြေပြင်မဟာမိတ်ဖွဲ့စည်းထားကြောင်း သိရှိရသည်။ khit thit

ကန့်ဘလူတွင် စစ်ကောင်စီတပ်က လူနေခြံဝင်းများအတွင်း မြေမြှုပ်မိုင်းထောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာတွေကို မီးရှို့ပြီး လူနေအိမ်ခြံဝင်းတွေထဲ  မြေမြှုပ်မိုင်းထောင်ထားတာတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “အိမ်မီးရှို့ခံရလို့ စိတ်ဆင်းရဲနေရပါတယ်ဆို ရွာထဲပြန်‌ရောက်တော့လည်း မိုင်းအန္တရာယ်ကပါ ကြောက်နေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း ပင့်သာရွာထဲက အိမ်ဝင်းထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် မိုင်းနင်းမိပြီး ခြေ ထောက်ပြတ်သွားသလို နိုဝင်ဘာ ၂၃ ရက်ကလည်း ပင့်သာရွာထဲမှာပဲ မြေမြှုပ်မိုင်းတလုံး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

တွေ့ရတဲ့ မိုင်းအမျိုးအစားတွေဟာ M-14 လူသတ်နင်းမိုင်း အမျိုးအစားဖြစ်တယ်လို့ CDM စစ်သားတဦးက ပြောပါတယ်။

“လူနေအိမ်ခြံဝင်းတွေထဲမှာ မိုင်းထောင်တာက တော်လှန်ရေးရေသောက်မြစ်ကို ဖြတ်ချင်လို့ မိုင်းတွေထောင်ထားခဲ့တာ။ မိုင်းအမျိုးအစားတွေဟာ M-14 လူသတ်နင်းမိုင်း အမျိုးအစားဖြစ်ပြီး ရန်သူဝင်လာနိုင်တဲ့လမ်းနဲ့ လူကင်းမချနိုင်တဲ့ နေရာတွေမှာ မိုင်းနဲ့ကာထားတဲ့ပုံစံ အသုံးပြုတာဖြစ်တယ်။”

အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကန့်ဘလူမြို့နယ် ကျွန်းလှနယ်မြေအတွင်း ၁ လနီးပါး စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူအများအပြား စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။DVB

« Older Entries Recent Entries »