Monthly Archives: Dec 2022

မုံရွာနှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ Aung San Force – A.S.F က နိုဝင်ဘာ ၃၀ ရက် ညမှာ ထုတ်ပြန်ပါတယ်။

လေယာဉ်ဆီတွေတင်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ မော်တော်တွေကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီလောက်က Aung San Force – A.S.F မုံရွာခရိုင် အမှတ်-၅ တပ်ရင်း၊ SRA၊ SGF၊ Spring Dove Force၊ မုံရွာခရိုင် သံမဏိတပ်ရင်းနဲ့ မဟာမိတ် တပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ညနေ ၃ နာရီလောက်မှာတော့ မုံရွာဘက်ကနေ စစ်ကူအဖြစ် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေပါလာတဲ့ မော်တော်တွေကို ရှေ့ထွက်မိုင်းတွေဆွဲပြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မော်တော်တွေပေါ်မှာပါလာတဲ့ စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာလည်း ချင်းတွင်းမြစ်အောက်ဘက်ကနေ အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ မော် တော်တွေကို Aung San Force မုံရွာခရိုင် အမှတ်-၅ တပ်ရင်း၊ SRA၊ SGF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလမှာ စစ်ကောင်စီတပ်သားတွေရဲ့ အသေအပျောက်ကို မသိခဲ့ရဘဲ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ဆီကို စစ်ကြောင်းတွေပြန်ရောက်မှ မြစ်ထဲမှာ သေဆုံးတဲ့ အရေအတွက်ကို စုံစမ်းသိရတာလို့ အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။DVB

ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက လျှပ်စစ်မီးကြိုးဆက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်မြို့နယ်၊ ချောင်းကူရွာရဲ့ အရှေ့ဘက် ၆ ဖာလုံလောက်အကွာမှာ နိုဝင်ဘာ ၃၀ ရက် ညနေ ၄ နာရီလောက်က မဟာဓာတ်အားလိုင်း မီးကြိုးကို ဖောကား ၃ စီးနဲ့ ပြန်ဆက်ဖို့လာတဲ့ ကျော က.ပ.စ က စစ်(…)တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်(…) ၃ ယောက်နဲ့ ပျူ(…) ၂ ယောက် သေဆုံးကာ စစ်(…)တယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီ မဟာဓာတ်အားလိုင်းက မီးကြိုးတွေကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး က.ပ.စ ၂၄ နဲ့ ကျော က.ပ.စ စက်ရုံတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဗိုလ်လက်ယာက “လျှပ်စစ်မီးလိုင်းကတော့ အခုအထိ သူတို့ ပြန်မဆက်နိုင်သေဘူးဗျ။ သူတို့စစ်(…)၊ ပျူ(…)တွေကို မြွေပွေးပြောက်ကျားတပ်ဖွဲ့၊ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ အချိန် ၁ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိပြီး ကျေးရွာ ၃ ရွာက နေအိမ် ၉၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ DVB

ပွင့်ဖြူတွင် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင်နှင့် ကြံ့ဖွတ် ကိုယ်စားလှယ်တို့ လိုက်ပါလာသော ကားကို မိုင်းဆွဲ တိုက် ခိုက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင်နှင့် ကြံ့ဖွတ် ကိုယ်စားလှယ်တို့ လိုက်ပါလာသော ကားကို မိုင်း ဆွဲ တိုက်ခိုက် ခဲ့ကြောင်း Pwintbyu-PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ရှောက်တော-မဲဇလီ လမ်းပိုင်း တစ်နေရာ၌ စစ်ကောင်စီလက်အောက်ခံ ကျောင်းကုန်းကြီး ကျေးရွာ ပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် ကြံ့ဖွတ် လွှတ်တော် ကိုယ်စားလှယ်တို့ စီးနင်းလာသည့်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ရှောက်တော-မဲဇလီလမ်းပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်းဆောင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်တို့ စီးနင်းလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကားနဲ့ လူထိခိုက်မှု ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးပါဘူး” ဟု Pwintbyu-PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ထီးလင်းနှင့် ပေါက်မြို့နယ်တို့တွင် ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီး နှိပ်စက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ သရခါရွာက ဒေသခံ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၃၀ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသား ၃ ဦးဟာ ကျေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ကျေးရွာရဲ့‌ တောင်ဘက် ဘုန်းကြီးကျောင်းအနီးမှာ ပိတ်မိပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဆိုပါ သရခါကျေးရွာမှာ လူနေအိမ် ၁၃၀ ဝန်းကျင်ရှိပြီး ဒေသခံ ၅၀၀ ဝန်းကျင် နေထိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိစစ်ကြောင်းဟာ ကျေးရွာတွင်းက ထွက်ခွာသွားကာ အောင်မြင်ရွာမှာ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပြီး ဒေသခံအမျိုးသား ၄ ဦးကတော့ ရွာထဲကို စစ်ကြောင်းထိုးစဉ် ကျေးရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ ထီးလင်းနယ်က ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သရခါရွာက ဦးမင်းဇော်၊ ဦးဖိုးအေး၊ ဦးအေးလွင်နဲ့ ဦးသက်နိုင်ထွန်းတို့ ဖမ်းဆီးခံရတာ။ အခုထိ ပြန်မလွတ်သေးဘူး။ မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ အရင်လကလည်း ရွာကိုဝင်ပြီး မီးရှို့သွားသေးတယ်။ ဒေသခံတွေတော့ ထုံးစံအတိုင်း ပြေးနေရတာပေါ့ဗျာ။”

အောက်တိုဘာ ၇ ရက်ကလည်း သရခါကျေးရွာက ဒေသခံနေအိမ် ၆ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂၀၀ လောက် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာမှာလည်း ကိုသိန်းထွန်း၊ မဌေး၊ မအုံးမြင့်ကြည် (ခေါ်) မိဂျမ်းတို့ ၃ ယောက်ကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရွာမှာရှိတဲ့ ပျူစောထီးတွေက ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်နေတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၃ ယောက်ကို ဘာကြောင့် အခုလို ဖမ်းဆီးနှိပ်စက်တယ်ဆိုတာကို တိတိကျကျ မသိရပေမဲ့ သူတို့ ပျူစောထီးတွေကို မထောက်ခံလို့ နှိပ်စက်တာ ဖြစ်နိုင်တယ်။ တရွာတည်းသားတွေ အချင်းချင်း အခုလို ဖမ်းဆီးနှိပ်စက်တာကတော့ တော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲဗျ။ ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ သူတို့ ၃ ယောက်ကို ပြန်မလွှတ်သေးဘဲ ရိုက်နှက်နေကြတာ။”

ပေါက်မြို့နယ် တပ်ကုန်းရွာမှာလည်း ဇူလိုင် ၂၇ ရက်မှာ ပျူစောထီးတွေက NLD ထောက်ခံသူ အယောက် ၂၀ လောက်ကို PDF သတင်းပေးလို့ စွပ်စွဲပြီး ရွာတောင်ဘက်ကို ခေါ်ယူကာ ဝါးဆစ်ပိတ်၊ ဝါရင်းတုတ်တွေနဲ့ ရိုက်နှက်နှိပ်စက်ကြလို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့လို့ ကျေးရွာ ၉ ရွာက အိမ် ခြေ ၈၀၀ လောက် မီးလောင်ဆုံးရှုံးပြီး ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ DVB

တောင်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီကင်းတဲအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ စစ်ကောင်စီတပ် ကင်းတဲအား ဒီဇင်ဘာလ ၁ရက်နေ့ နေ့လယ် ၁နာရီ ၃၇မိနစ်အချိန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု သိရသည်။

“တစ်ကင်းမှာ နှစ်ကောင်( စစ်‌သားနှစ်ဦး) ရှိတယ်။ ကျနော်တို့ လက်ပစ်ဗုံးပစ်ခဲ့တဲ့ကင်းက လေးကောင်(စစ်သားလေးဦး) ရှိတယ်။ ပထမက ပြည်သူတွေရှိနေလို့ မပစ်ခဲ့ရဘူး။ အထိအခိုက်တော့ မသိရဘူး”ဟု Generation Y Guerrilla -GYG အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိုသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်မှု အခြေအနေကို မသိရှိရသေးပေ။

အောက်တိုဘာလ၂၁ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊သီရိမင်္ဂလာစျေးသစ်ရှေ့ရှိ KBZ Bank အား ကာကွယ်ရေးတပ်ဖွဲ့က အသံမိုင်းခွဲကာ သတိပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

မြန်မာနိုင်ငံခရီးစဉ်ပျက်ကြောင်း ကမ္ဘောဒီး ယားနိုင်ငံခြားရေးဌာန အတည်ပြု

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထူးကိုယ်စားလှယ်အနေဖြင့် တတိယအကြိမ် မြန်မာနိုင်ငံသွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက Myanmar Now ကိုအတည်ပြုသည်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် မြန်မာနိုင်ငံကို နိုဝင် ဘာ ၂၉ မှ ၃၀ ရက်နေ့အထိ သွားရောက်ရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းလိုက်ကြောင်း သံတမန်အသိုင်းအဝိုင်းမှ ကနဦးသိရှိရသည်ကို ဆက်သွယ်မေးမြန်းရာတွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက အထက်ပါအတိုင်း အတည်ပြုခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေပြန်ရောက်ရေး ကတိကဝတ်ပြုထားသည့်အတိုင်း တတိယအကြိမ် အလုပ်သဘော ခရီးစဉ်သွားရောက်လိုခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောသည်။

“အကြောင်းမလှစွာပဲ သူ့အနေနဲ့ ခရီးစဉ်ကို အကောင်အထည်မဖော်နိုင်တော့ပါဘူး။ အထူးသဖြင့် အချိန်အကန့်အသတ်အရ အာဆီယံ – အီးယူ ထိပ်သီးစည်းဝေးလည်း ရှိနေတဲ့အတွက်ပါ” ဟု ၎င်းက ပြောသည်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးပြီးနောက် ထွက်ပေါ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် ထပ်မံ ဖိအားပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုအခြေအနေတွင် အာဆီယံအထူးသံတမန်၏ နေပြည်တော်ခရီးစဉ်မှာ မျက်နှာပန်းမလှနိုင် ကြောင်း သုံးသပ် ချက်များထွက်ပေါ်နေချိန်တွင် ခရီးစဉ်ဖျက်သိမ်းသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ပြီးခဲ့သည့် မတ်လနှင့် ဇွန်လအတွင်း မြန်မာ နိုင်ငံသို့ နှစ်ကြိမ်တိုင်လာရောက်ခဲ့သော်လည်း စစ်ကောင်စီ တာဝန်ရှိသူများနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။ 

အာဆီယံအစည်းအဝေးနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးမှုများမြင့်တက်နေချိန် နိုဝင်ဘာ ၁၇ ရက် တွင် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးကြောင်း ကြေညာစဉ် အာဆီယံအထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံသို့ တတိယအကြိမ်သွားရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခြားသားလေးဦး အပါအဝင် နိုင်ငံရေးအကျဉ်း သားအချို့ ပြန်လွှတ်ပေးသည့်လုပ်ရပ်ကို ကြိုဆိုကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆံယံဘုံသဘော တူညီဆန္ဒ ၅ ရပ်ကို ဆက်လက်ကိုင်စွဲကာ တိကျသည့် အချိန်ဇယား၊ လက်တွေ့တိုင်းတာနိုင်သည့် အညွှန်းကိန်းများဖြင့် အကောင်အထည်ဖော်ရန် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

(အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအားလုံးအဆုံးသတ်ရေး နှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေး နွေးရေးစသည့် အချက်များပါဝင်သည်။) 

ထိပ်သီးအစည်းအဝေးအပြီး ပေါ်ပေါက်လာသော ဖိအားများနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား က မ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ၉ ကြိမ်မြောက် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM-Plus) သို့ စစ်ကောင်စီကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခွင့် မရခဲ့ပေ။ 

ယင်းဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီအပေါ် အာဆီယံဘက်က တိုးမြှင့်လိုက်သည့် နောက် ထပ် အရေးယူဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ယခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဦးဝဏ္ဏ မောင်လွင်ကိုသာ အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခွင့်မပြုရန် အာဆီယံခေါင်းဆောင်များက ကန့်သတ်ထားခဲ့သည်။ 

ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးရာတွင် မြန်မာ စစ်ကောင်စီကို အာဆီယံ၏ ဝန်ကြီးအဆင့် အစည်း အဝေးအားလုံး တက်ရောက်ခွင့်မပြုရန် တင်ပြမှုရှိခဲ့သော်လည်း ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့က ကန့်ကွက်သဖြင့် ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိဟုလည်း သံတမန်အသိုင်းအဝိုင်းမှ သိရှိရသည်။​

ကမ္ဘောဒီးယားနိုင်ငံမှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တစ်နှစ်တာအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ယခု ဒီဇင်ဘာလအကုန်မှစ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက ဆက်တာဝန်ယူမည်ဖြစ်သည်။ myanmar now

ဖရူဆိုတွင် စစ်ကောင်စီတပ်နှင့် KNDF ပူး ပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တရက်တည်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF တပ်ရင်း-၄ က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က လောဘူးဒါးရပ်ကွက်အတွင်းကို KNDF B04 နဲ့ Hpruso PDF တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြုလုပ်စဥ် စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့ကာ နေ့လယ် ၁၂ နာရီနဲ့ ညနေပိုင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ ဖရူဆိုမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး မြို့တွင်းမှာလည်း ကင်းပုန်းတွေဝပ်ကာ တွေ့သမျှ ရမ်းသန်း ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အသိပေး ထုတ်ပြန်ချက်တွေကို လိုက် နာပေးကြဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပြည် ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ တင်းမာနေပြီး ကူးသန်းသွားလာနေတဲ့ ပြည်သူတွေ၊ ဒေသခံတွေအနေနဲ့ စစ်ရေးအသိ သတိရှိကြဖို့နဲ့  လတ်တလော လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိတဲ့လို့ သတိလက်လွတ် အသွားအလာ မပြုလုပ်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗဟိုက ထုတ်ပြန်ထားပါတယ်။ DVB

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါဝင်သော တီရှပ်ဖြင့် ကမ်ပိန်းပြုလုပ်သည်မှာ မဟုတ်မှန်

ကာတာနိုင်ငံတွင် ကျင်းပနေသော ၂၀၂၂ ကမ္ဘာ့ဖလားလောလုံးပြိုင်ပွဲမှ ပေါ်တူဂီအသင်း၏ပွဲစဉ် တစ်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် Free Burma စာတန်း ပါဝင်သော တီရှပ်ဖြင့် ကမ်ပိန်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေသည်။ ထိုဖိုင်မှာ ၂၀၂၁ ခုနှစ်ကကျင်းပခဲ့သော Euro 2020 ဘောလုံးပြိုင်ပွဲမှရုပ်သံ ဖိုင်သာဖြစ်သည်။

Active Now အမည်ရှိ ဖေ့ဘုတ်ပေ့ချ်မှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် “ဘယ်သူမှသတိမထားမိတဲ့ ကမ္ဘာ့ ဖလား ပေါ်တူဂီပွဲကဖြစ်ရပ်လေး” ဟုရေးသားကာ ၂၆ စက္ကန့်ကြာ ဗီဒီယိုဖိုင်တစ်ခု ဖြန့်ဝေခဲ့သည်။ ထိုဖိုင် တွင် လူငယ်တစ်ဦးမှဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့် Free Burma စာတန်းပါဝင်သော တီရှပ်ကိုမြောက် ပြနေသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၅,၀၀၀ ကျော်နေပြီ ဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးချက်များအရ ထိုဖိုင်မှ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မဟုတ်ပဲ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Euro 2020 ပြိုင်ပွဲမှ ဖြစ်စဉ်ဖြစ်သည်။

ဤအကြောင်းကို Chan View UK ပေ့ချ်တွင် ၂၀၂၁ခုနှစ် ဇွန်လ ၂၆ ရက်က “မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့တဲ့ ပေါ်တူဂီပရိသတ်များ” ဟု ရေးသားဖြန့်ဝေထားသည်။ လင့် – t.ly/KMzn

ထို့ကြောင့် ယခု ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်သည် လက်ရှိကျင်းပနေသော ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရုပ်သံဖိုင် မဟုတ်ဘဲ ၂၀၂၁ ခုနှစ်က Euro 2020 ပြိုင်ပွဲမှ ဖိုင်အဟောင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

« Older Entries