စစ်တပ်က ဖားကန့်တွင် ဓားစာခံအများအပြားသုံးပြီး စစ်ကြောင်းထိုးနေ

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မှ ကာမိုင်းမြို့ဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်က လမ်းတစ်လျှောက်ရွာများမှ ဒေသခံ အများအပြားကို ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုနေကြောင်း ဒေသခံအချို့က ပြောသည်။
နိုဝင်ဘာ ၃၀ တွင် ဖားကန့်ဘက်မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုသည် ဖားကန့်-ကာမိုင်းလမ်းတွင် တံတားညီနောင်၊ ခွမ်စိုင်၊ ပျားအုံ စသည့် ကျေးရွာများမှာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း PDF အဖွဲ့နှင့် နီးစပ်သူ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ကျော်ခန့်အကွာတွင်ရှိသည့် နန့်ယားရွာသို့ ဒီဇင်ဘာ ၁ ညဦးပိုင်းတွင် ရောက်ရှိခဲ့ပြီး ဓားစာခံအားလုံးကို ထိုရွာအနီး စစ်စခန်းအတွင်း ထိန်းသိမ်း ထားသည်ဟု ဆိုသည်။
စစ်ရေးတင်းမာနေသည့် ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင် စစ်ကောင်စီတပ် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိ ပြီး ယခုကဲ့သို့ လူအင် အားအများအပြားကို ဖမ်းဆီးသွားခြင်းသည် ပေါ်တာ ခေါ် ပစ္စည်းသယ်ပိုးသူ အဖြစ် ခိုင်းစေ အသုံးပြုရန်သာမက တိုက်ခိုက်မှုမှ အကာအကွယ် ရစေရန် ဓားစာခံအဖြစ် အသုံးပြုခြင်းလည်းဖြစ်သည်ဟု အထက်ပါအမျိုးသားက ယူဆသည်။
“သူတို့က(စစ်ကောင်စီတပ်)လူသားတံတိုင်းအနေနဲ့လုပ်တာလေ၊ သူတို့စစ်ကြောင်း မခံရအောင်ပေါ့နော်၊ ဒီဘက် (KIA) ကနေ ဝင်တိုက်တာတွေ မခံရအောင် လူသားတံတိုင်းအနေနဲ့ သူတို့သုံးတာ” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ညက နန့်ယားရွာရောက်လာသည့် စစ်တပ်က နန့်ယားရွာတွင်လည်း တစ်အိမ်တက်ဆင်း လိုက်လံ ဖမ်းဆီးရာ ဒေသခံ ၁၆ ဦး အဖမ်းခံရသည်ဟု ရွာခံတစ်ဦးက ပြောသည်။
“ဖားကန့်က ဆင်းလာတဲ့ လှုပ်ရှားတပ်ပေါ့၊ အထိုင်တပ်မဟုတ်ဘူး၊ မနေ့ညက ၈ နာရီလောက်မှာ ရပ်ကွက်(၃)မှာ သွားပြီးတော့ အိမ်တွေကို လိုက် လံ မွှေနှောက်ရှာပြီးတော့မှ ရှိတဲ့ ယောကျ်ားတွေကို ဖမ်းသွားတာ၊ တချို့က လမ်းပေါ်မှာ တွေ့တာတွေကို ဖမ်းခေါ်လာတာလည်းပါတယ်” ဟု အထက်ပါ ရွာခံ အမျိုးသားက ပြောသည်။
၁၆ ဦးထဲမှ အသက်ကြီးသည့် ဒေသခံ ၃ ဦးကို ပြန်လွှတ်ပေးပြီး ကျန် ၁၃ ဦးကို ဖမ်းခေါ်ပြီး ကာမိုင်းမြို့သို့ စစ်ကြောင်းဆက်ထိုးသွားသည်ဟု သိရသည်။
ဖမ်းဆီးထားသည့် ဒေသခံများထဲမှ ကားသမားအချို့ကို ယမန်နေ့နံနက်က ပြန်လွှတ်လိုက်သည်ဟု သိရသော်လည်း ပြန်လွတ်လာသူ အရေအ တွက်၊ အမည်၊ အသက်အရွယ်တို့ကို မသိရပေ။
ယခုနှစ် ဖေဖော်ဝါရီလဆန်းက ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ နန့်ယားရွာအနီး ကပ်မှော်ရွာတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်းအချို့နှင့် KPDF များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အ များအပြား သေဆုံးခဲ့သည်။
တိုက်ပွဲသတင်းများကို စစ်ကောင်စီက အမှောင်ချထားတတ်သည်။
ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်လာသည့် တိုင်းရင်းသား ဒေသများတွင် ကချင်ပြည် နယ်လည်း ပါဝင်ခဲ့သည်။
ကျောက်စိမ်းတွင်းမှ အကျိုးအမြတ်မှာ စစ်တပ်အတွက်သာမက KIA အဖွဲ့အတွက်လည်း အရေးပါနေသည်။
နှစ်ဦးနှစ်ဘက်အကျိုးစီးပွား ရှိနေသည့် ဖားကန့်တွင် ပြုလုပ်သော KIA ၏ အောက်တိုဘာလ အခမ်းအနားတစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ထားသည်။ myanmar now