Monthly Archives: Dec 2022

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမပေါ်မှာ  မြိတ်ကနေ ဘုတ်ပြင်းဘက်  စစ်ကူ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို  KNLA-TCSJF တပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် ညနေမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KNLA-TCSJFအဖွဲဝင် တဦးက ပြောပါတယ်။

ရေဖြူရွာအလွန် ထုံခါရွာသင်္ချိုင်းနား (ဒေသအခေါ် မပိုက်ချောင်) ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲတွေက ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“စစ်ကောင်စီယာဉ်တန်းထဲက ပထမ ၃ စီးကို တိုက်ခိုက်တာ။ ကျန်နှစ်စီး ပြန်လှည့်သွားတယ်။ စစ်ကောင်စီဘက်ကတော့ အထိအခိုက်အကျ အဆုံးများတယ်။ ကျနော်တို့ဘက်က အကျအရှုံး မရှိ ဆုတ်ခွာလာနိုင်တယ်။ ”

စစ်ကား ၅ အနက် ၃ စီး ပစ်ခတ်ခံရပြီး ချောင်းလမုဘုန်းကြီးကျောင်းဘက်ကို မောင်းသွားကာ ၂ စီးက နောက်ပြန်လှည့်ပြီး ရေဖြူဘက်ကို ပြန် သွားတယ်လို ဆိုပါတယ်။

တနင်္သာရီဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေအနေနဲ့လည်း ဒေသတွင်းတိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ရွာတွေအနေနဲ့ စစ်ကြောင်း ဝင်လာရင် ကျေးရွာထဲမှာ မနေဘဲ ဘေးလွတ်ရာနေဖို့ သတိပေးထားပါတယ်။ DVB

မြန်မာစစ်တပ်က အတိုက်အခံများကို ‘ချေမှုန်းရန်’ သေဒဏ်ကို အသုံးပြုနေဟု ကုလသမဂ္ဂ ပြော

မြန်မာစစ်တပ်သည် ၎င်း၏ အုပ်ချုပ်မှုကို အတိုက်အခံပြုမှုများအား ချေမှုန်းရန် လက်နက်အဖြစ် သေဒဏ်အပြစ်စီရင်ခြင်းကို အသုံးပြုနေပြီး ၂၀၂၁ ဖေဖော်ဝါရီမှစကာ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင့်သူ ၁၃၀ ကျော်အား သေဒဏ်ချမှတ်ထားကြောင်း အကြီးတန်း ကုလသမဂ္ဂ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ 

တက္ကသိုလ်ကျောင်းသားကျောင်းသူ ခုနစ်ဦးကို တံခါးပိတ်တရားရုံး၌ ဗုဒ္ဓဟူးနေ့က သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီး လူငယ်တက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း ကြာသပတေးနေ့တွင် ပြစ်ဒဏ်ချမှတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာ တက်ခ်က သောကြာနေ့တွင် ပြောသည်။ 

သေဒဏ်ပေး စီရင်ခြင်းများ အားလုံး ရပ်ဆိုင်းရန်နှင့် မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် သေဒဏ်အပြစ်ဒဏ်ကို တရားဝင်ဆိုင်းငံ့ထားရန် တက်ခ်က တိုက်တွန်းသည်။ 

“စစ်တပ်ဟာ မျှတတဲ့ တရားစီရင်ရေး အခြေခံမူဘောင်ကို ချိုးဖောက်ပြီး လျှို့ဝှက်တရားရုံးမှာ တရားစီရင်ခြင်းတွေကို ဆက်လက်ကျူးလွန်နေတယ်၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အဓိက တရားစီရင်ရေး အာမခံကို ဆန့်ကျင်ဖီလာနေတယ်”ဟု ထုတ်ပြန်ချက်၌ တက်ခ်က ပြောဆိုသည်။ “စစ်တပ်တရားရုံးဟာ ပွင့်လင်းမြင်သာမှု ဘယ်လိုမှ မရှိဘဲ မျှတတဲ့ တရားစီရင်ရေး အာမခံချက်တွေကို ဆန့်ကျင်နေတာ ဖြစ်တယ်”ဟု ၎င်းက ထုတ်ပြန်ချက်၌ ဆိုသည်။  

စစ်တပ်သည် “အတိုက်အခံများကို နှိမ်နင်းရန် နိုင်ငံရေးလက်နက်အဖြစ် သေဒဏ်အား အသုံးပြုနေခြင်း” ဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ငြိမ်း ချမ်းရေး ကြိုးပမ်းမှုများကို မထီမဲ့မြင်ပြုခြင်းအား ပြသနေကြောင်း ၎င်းက ပြောသည်။ 

ဧပြီ ၁၂ ရက်က ဖမ်းဆီးခံရသော အသက် ၁၈ မှ ၂၄ နှစ်ကြား တက္ကသိုလ်ကျောင်းသားကျောင်းသူ ခုနစ်ဦးကို ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှိ စစ်တရားရုံးတစ်ရုံးက ဗုဒ္ဓဟူးနေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြာသ ပတေးနေ့တွင် ၎င်းတို့၏ ဖေ့ဘုတ်၌ ကြေညာသည်။  

အဆိုပါ ခုနစ်ဦးသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့နှင့် ချိတ်ဆက်သည် စွပ်စွဲကာ ဧပြီလအတွင်းက ဘဏ် ရုံးခွဲမန်နေဂျာတစ်ဦးကို ပစ်ခတ်မှုဖြင့် စွဲဆိုလျက် လူသတ်မှုဖြင့် စီရင်ခြင်းဖြစ်ကြောင်း သမဂ္ဂ အမှုဆောင်တစ်ဦးက ပြောသည်။  

စစ်တပ်က အာဏာသိမ်းကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချချိန်မှစပြီး လူပေါင်း ၂,၀၀၀ ဝန်း ကျင် သတ်ဖြတ်ခံရကြောင်း စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ထူထောင်ထားသော အရပ်သားအစိုးရ၏ အကြီးအကဲ ဒူဝါလရှီးလက ပြော ထားသည်။  mizzima

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား များ လိုက်ပါလာသော ကား ၂ စီးကို PDF က မိုင်းဆွဲ တိုက်ခိုက်ရာတွင် စစ်သား ၃ ဦးသေဆုံးကြောင်း Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ချောင်းဦးရဲစခန်းမှ စစ်ကောင်စီ တပ်သား ၅ ဦး လိုက်ပါလာ NOAH အမျိုးအစား အိမ်စီးကားသည် မုံရွာမြို့ တွင်း သို့ ဝင်ရောက်သွား​ပြီးနောက် မအူဂိတ်(စစ်တပ်ဂိတ်) မှ အပြန်ကို စောင့် ဆိုင်း၍ မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးပွဲချင်းပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို မအူဂိတ် (စစ်တပ် ဂိတ်) အတွင်းမှ စစ်သား ၂ ဦးက NOAH ကား ၁ စီးဖြင့် သွား ရောက် ခေါ် ဆောင်ပြီး ချောင်းဦးဘက်သို့ ထွက်ခွာလာစဥ် ဒီဇင်ဘာလ ၂ ရက်နေ့ ည‌နေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်း၊ ဘက်စုံ‌စိုက်ပျိုးရေးခြံ အနီး ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

” ပထမအကြိမ် မိုင်းဆွဲခဲ့တုန်းက စစ်ခွေးကို ကျွန်တော်တို့ သိမ်းဆည်း နိုင်ခဲ့တယ်။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားတယ်။ ခွေး ၂ ကောင် သေသွားတယ်။ ဒုတိယ အကြိမ် မိုင်းဆွဲတာကတော့ ခွေး ၁ ကောင်သေတယ်” ဟု Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army(BHA)နှင့် Special 7 Attack Force (MSAF)တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit

မသန်စွမ်းသူများအပါအဝင် မည်သူမျှ အ ကြမ်းဖက်ခံရခြင်းမရှိရေး ဆက်ကြိုးပမ်းမည်ဟု အန်ယူဂျီ ဝန်ကြီးပြော

အနာဂတ်မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်တဲ့အချိန်မှာ မသန်စွမ်းသူများအပါအဝင် မည်သူတဦးတယောက်မှ အခွင့်အရေးကို ဖယ်ရှားခံရတာ၊ ခွဲခြားခံရတာ၊ အကြမ်းဖက်ခံရတဲ့ဟာတွေ မရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အန်ယူဂျီအစိုးရ လူ့အခွင့် အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်မှာ  လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်တာပါ။

မသန်စွမ်းတဲ့သူတွေဟာ မြန်မာပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသလို ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ အန်ယူဂျီ အစိုးရအနေနဲ့ မသန်စွမ်းတဲ့သူတွေအပေါ်မှာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ ပုံသေကားချပ် အဆိုးမြင်စေတဲ့ အမြင်တွေ ပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ တဆက်တည်းမှာလည်း မသန်စွမ်းတဲ့သူတွေက နိုင်ငံရေးအပါအဝင် လူမှုဂဏ္ဍအသီးသီးမှာ ပါဝင်လာဖို့အတွက် အထူး လုပ်ငန်းအစီစဉ်တွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ မသန်စွမ်းတဲ့သူတွေပေါ်မှာ ခွဲ ခြားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီးတော့ တန်းတူညီမျှမှု လူသားပီပီသသနဲ့ အခွင့်အရေးတွေ ရရှိခံစားဖို့ အထူးလုပ်ဆောင်ပေးချက်တွေ လုပ် ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ တဖက်မှာလည်း စစ်အာဏာရှင်ကို တွန်းလှန်နေသလို တဖက်မှာလည်း မသန်စွမ်းသူများအပါ အဝင် တခြားခွဲခြားခံ၊ ဖယ်ခြားခံနေရတဲ့ လူအုပ်စုဝင်တွေ တန်းတူ အခွင့်အရေးရရှိဖို့ နိုင်ငံ့ရဲ့အကျိုးပြုလုပ်ငန်းနဲ့ အသိုက်အဝန်းမှာ တက်ကြစွာ ပါဝင်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားပါမယ်။” လို့ ဦးအောင်မျိုးမင်းက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်  အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်တဲ့အချိန်မှာ မသန်စွမ်းသူများအပါအဝင် မည်သူတဦးတယောက်မှ အခွင့်အရေးကို ဖယ်ရှားခံရတာ၊ ခွဲခြားခံရတာ၊ အကြမ်းဖက်ခံရတဲ့ဟာတွေ မရှိဖို့အတွက်ကြိုးပန်းသွာမယ်လို့လည်း ဂတိပေး ပြောဆိုခဲ့ပါတယ်။

မသန်စွမ်းတဲ့သူများအနေနဲ့လည်း မသန်ပေမယ့်စွမ်းသောသူများအဖြစ် သက်သေပြတဲ့အနေနဲ့ စစ်အာဏာရှင်တွန်းလှန်တဲ့ နေရာမှာဖြစ်ပါစေ၊ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဖြစ်ပါစေ၊ လူမှုအသိုင်းအဝိုင်းလုပ်ငန်းတွေမှာဖြစ်ပါစေ၊ တက်ကြွစွာ ဆက်လက်ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်အပါအဝင် တချို့မြို့ကြီးတွေမှာ အားကစားပြိုင်ပွဲတွေအပါအဝင် စွမ်းရည်ပြိုင်ပွဲတွေ ပြုလုပ်ကြပါတယ်။

အန်ယူဂျီအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းပြီးတော့လည်း  အနုပညာစွမ်းရည်ပြိုင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အနုပညာစွမ်းရည် ပြိုင်ပွဲအမျိုးအစား (၅) မျိုးဖြစ်တဲ့  ကဗျာ၊ ကာတွန်း၊ မသန်စွမ်းသူများအား ပန်းချီ၊ ဆောင်ပါး၊ ဝတ္တုတို ပြိုင်ပွဲတွေကို ကျင်း ပခဲ့ပြီး ဆုရရှိသူတွေကို ကြေညာခဲ့ပါတယ်။

ဒီနှစ် ၂၀၂၂ ခု အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ကတော့ “အသွင်ပြောင်းလဲဖြေရှင်းနည်းများဖြင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုး တက်မှုအတွက် အားလုံး လက်လှမ်းမှီနိုင်သော သာတူညီမျှ ကမ္ဘာ ဖြစ်ထွန်စေဖို့ ဆန်းသစ်တီထွန်းမှု၏ အခန်းဂဏ္ဍကို တိုးမြင့်စို့” ဆိုပြီး ချမှတ်ထားပါတယ်။ DVB

မြန်မာပလာဇာတွင် ခရစ္စမတ်နေ့အကြို အလှဖန်တီးမှုများဖြင့် လူထုကိုဆွဲဆောင်ပြန်

ရန်ကုန်နေပြည်သူများက လူမှုပြစ်ဒဏ်ခတ်ထားဟော ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာတွင် ခရစ္စမတ်နေ့အကြို အလှဖန်တီးမှုများဖြင့် လူထုကိုဆွဲဆောင်လျက်ရှိသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် မြန်မာပလာဇာအတွင်း လာရောက်လည်ပတ်သူအချို့ ရှိနေပြီး၊ ခရစ္စမတ် အလှဖန်တီးထားသော Unicorn Photobooth များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးသူများ ရှိနေသည်။

ခရစ္စမတ်ပွဲတော်အတွက် မြန်မာပလာဇာဘက်မှလည်း Christmas Decoration များအပါအဝင် Unicorn လေးများဖြင့် အလှဆင်ထားသော ပေ ၃၀ ကျော် အမြင့်ရှိသည့် Giant Christmas Tree တစ်ပင်ကို ဖန်တီးထားရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် Myanmar Plaza အတွင်း စစ်ကောင်စီအားအလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော လူငယ်တချို့အား Myanmar Plaza ၏ လုံခြုံရေးဝန်ထမ်းများက ရိုက်နှက်ကန်ကျောက်၍ ဖမ်းဆီးပြီး စစ်တပ်ထံသို့ လူငယ်များအား အပ်နှံခဲ့သည်။

ယင်းနေ့မှစတင်၍ ရန်ကုန်နေပြည်သူလူထုက Myanmar Plaza အားအကြမ်းဖက်စစ်တပ်ဒေါက်တိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် သတ် မှတ် ကာ လူမှုပြစ်ဒဏ်ခတ်ခဲ့သည်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၅ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

လူမှုပြစ်ဒဏ်ခတ်သည့် တစ်နှစ်ပြည့်နေ့တွင် ရေဘဝဲပြည့်သူ့အကျိုးပြုအဖွဲ့နှင့်အခြားသော ဒီမိုကရေစီ‌အရေးလှုပ်ရှားသူများက တက်ကြွစွာပါဝင်ခဲ့သော ပြည်သူလူထုအား ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ခဲ့သည်။

“စစ်အာဏာရှင်အလိုကျ ရမ်းကားပြီး ပြည်သူအားဖိနှိပ်ခြင်းပြုသော အရာမှန်သမျှကို ဆက်လက်တော်လှန်ပုန်ကန်၍ အမှန်တရားဘက်တော်သားများအဖြစ်ခံယူကာ လိပ်ပြာသန့်သန့် ရှင်သန်နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။” ဟု ရေးသားဖော်ပြထားသည်။mizzima

ဂန့်ဂေါတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မြိတ်နှင့်ရွှေဘိုတွင် စစ်ကောင်စီ ယာဥ်တန်းများ မိုင်းဆွဲခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံး ခဲ့ကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပျားရွာနှင့် အောင်မြင်ရွာ တံတားသို့ အရောက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ရတွင် တိုက်ခိုက်ခံရကြောင်းနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မင်းရွာသို့ ဝင်ရန်ပြင်လာစဉ် မင်းရွာမြစ်ကူးတံတားအနီး၌ ပဒေသာမိုင်း ၄ လုံးဖြင့်ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။

” ၃၀ ရက်နေ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူးဗျ။ ခု ခလရ ၅၀ စစ်ကြောင်းက မင်းရွာရဲစခန်းကနေ ဒီမနက် ၈ နာရီ ၅၀ မိနစ်လောက်က ပြန်ထွက်သွားတယ်ဗျ။ ဂန့်ဂေါကို ပြန်ထွက်တယ်လို့ ယူဆရတယ်ဗျ။ ၃၀ ရက်နေ့ ထွက်ထွက်လာတုန်းက ပျားရွာနဲ့ အောင် မြင်ရွာကို ဝင်သွားသေးတယ်။ အောင်မြင်ရွာမှာ အနည်းငယ်တော့ မွှေသွားသေးတယ်ဗျ” ဟု PDF ဂန့်ဂေါမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း(၇)နှင့် တပ်ရင်း(၁၁)မှရဲဘော်များမှ စလစ်ပြောင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိ ခိုက်ကျဆုံးမှုများနိုင်သည်ဟုခန့်မှန်းရပြီး အသေးစိတ်မသိရသေးကြောင်းနှင့် တိုက်ခိုက်မှုများအတွင်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေဘိုမြို့နယ် အုန်းပေါက်ရွာ အနောက်ဘက်တွင် ရွှေဘိုမြို့ လကရ (၈)မှ ပျူစောထီးသင်တန်းသားများ လိုက်ပါလာသည့် မိုးကာအုပ် ၁၂ ဘီးကားကို ဒီဇင်ဘာ ၂ ရက်နေ့၌ ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers(Shwe Bo) တပ်ဖွဲ့ထံမှ သိရသည်။

“ထိခိုက် သေဆုံးမှု စုံစမ်းဆဲပါ။ ချက်ချင်းအလောင်းဖျောက်တယ်ကြားတယ်။ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းပါတယ်။ လက်နက်မတပ်ဆင်သေးခင် ကြားဖြတ်ပြီး မိုင်းဆွဲတာပါ။ သူတို့ဘက်က ပစ်ခတ်မှု မရှိပါဘူး” ဟု Burma Rangers(Shwe Bo) က ရန်ကုန်ခေတ်သစ်သို့ ပြော ကြားသည်။

မိုင်းဆွဲခံရပြီး ကားမှာ နေရာတွင် ၅ မိနစ်ခန့် ထိုးရပ်သွားပြီး လူလဲကာ ဆက်လက် မောင်းနှင်သွားကြောင်း အထိအခိုက်အကျအဆုံးများနိုင်ကာ ထိခိုက်ကျဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထုံခါကျေးရွာ သင်္ချိုင်းအနီးတွင်လည်း ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်း ၅ စီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း KNLA – TCSJF တပ်ဖွဲ့က သတင်းထုတ် ပြန် သည်။

စစ်ကောင်စီယာဉ်တန်းသည် အင်အား ၁၀၀ ကျော်ခန့်ပါပြီး ၂၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီယာဉ်တန်း ၅ စီးအ နက် ၃ စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် နှစ်စီးမှာ နောက်ပြန်လှည့်ပြေးသွားခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ပြီး တော်လှန်ရေးရဲဘော်များအနေနှင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit

ထန်းတပင်ဂိတ်၌ စစ်ကောင်စီတပ်က ကုန်တင်ကားသမားများထံမှ ပိုက်ဆံတောင်းရမ်း၊ မရပါက ဆဲဆိုပါးရိုက်

ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကုန်ကားမောင်းသူတွေထံက  အဓမ္မပိုက်ဆံတောင်းရမ်းနေသလို  မရပါက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားနေတယ်လို့  ကုန်တင်ကားမောင်းသူတွေဆီက သိရပါတယ်။

ကုန်ကားမောင်းသူတွေဟာ ဧရာဝတီတိုင်းကနေ ဖြတ်လာပြီး ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့အချိန်မှာ ငွေကြေးအဆမတန်ပေးရတယ်လို့ ကန်ကြီးထောင်မြို့က ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

“လိုင်စင်ပါတယ်၊ Wheel Tax ပါတယ်၊ ကိုဗစ်စာရွက်ရော ထောက်ခံစာရောပါတယ်။ မရဘူး ပိုက်ဆံကို မရမက တောင်းတာ၊ အနိမ့်ဆုံး သုံးထောင်ပေးရတယ်။ ပေးရတာပြဿနာမဟုတ်ဘူး၊ ဆဲဆိုတာ ငါနဲ့ကိုင်တုတ်တာ။”

ငွေကြေးမရပါက ကိုယ်ထိလက်ရောက်ကျူးလွန်လာတာအပြင် ဓားနဲ့ထိုးတဲ့အဆင့်ထိပါ စစ်ကောင်စီတပ်က ကျူးလွန်လာလို့ ကုန်ကားမောင်းသူတချို့ အလုပ်မှရပ်နားသွားတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။

“ကျမတို့ကုန်ကားဆိုရင် တညင်းကုန်းကို ကုန်ပစ္စည်းတွေပို့တာ ကုန်တွေကို လှန်လှောကြည့်ပြီး မှန်ကန်နေတာတောင် ပိုက်ဆံမရလို့ ယာဥ်မောင်းကို စစ်သားက ဓားနဲ့ထိုးဖို့လုပ်တာ၊ မနည်းတောင်းပန်လို့ ပါးပဲရိုက်လိုက်တာ။ အခုအိမ်က ယာဥ်မောင်းဆို ထန်းတပင်ဂိတ်ကိုကြောက်ပြီး အလုပ်နားသွားပြီ။” 

ဘုရင့်နောင်ပွဲရုံ ကုန်သွားပို့ရာမှာ  ကုန်ပစ္စည်းတွေကို ဖွင့်ပြရပြီး ဥပဒေနဲ့အညီ လုပ်ကိုင်နေတဲ့ ကုန်ကားမောင်းသူတွေဆီကလည်း စစ်ကောင်စီတပ်နဲ့ရဲက ပိုက်ဆံကို လှည့်ပတ်တောင်းရမ်းတယ်လို့ ညောင်တုန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“စစ်ဆေးတာမှန်နေရင်တောင် စစ် (–) တွေက မရဘူး၊ ဖုန်းကိုယူပြီး စစ်တယ်၊ သတင်းဌာနတွေက သတင်းတွေကို ရှဲလ်ထားရင် ပါးခေါ်ရိုက်တယ်။  ပိုက်ဆံသိန်းနဲ့ချီ တောင်းတယ်။”

ဒီလိုစစ်ကောင်စီတပ်က ပြုမူတာတွေကို အရပ်သားပြည်သူတွေအပြင် စစ်မှုထမ်းဟောင်းတွေလည်း ခံနေရတာလို့ အငြိမ်းစားတပ်ကြပ်ကြီးတဦးက ပြောပါတယ်။

“ယူနီဖောင်းဝတ်ထားပြီး ရှက်ဖို့ကောင်းတယ်။ သူတောင်းစားပုံစံဖြစ်နေပြီ၊ စစ်တပ်က တိုင်လည်း အလကားပဲ၊ လက်ရှိမှာ သူကတာဝန်နဲ့ ကိုယ်ကတာဝန်မဲ့နေတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးရေးယူရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်တွေ ခြံတွေ ဝယ်နိုင်ပြီး ကုန်ကားမောင်းနှင်သူတွေကတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ DVB

“ဖက်ဆစ် ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက်” စာတန်း ကိုင်ဆောင်ကာ လက်ပံတောင်း လူထု သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

စစ်တပ် အာဏာသိမ်းပြီး ၂၂လအတွင်း ချင်း ပြည်နယ်တွင် ချင်းလူမျိုး ၃၅၅ဦး အသက်ဆုံးရှုံးပြီး ၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၂၂လအတွင်း (နိုဝင်ဘာ ၃၀ရက် ၂၀၂၂အထိ) စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၅ ဦးအသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၉၀,၀၀၀ (ကိုးသောင်း) ကျော် စစ်ဘေးရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ဒီဇင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

အသက်ဆုံးရှုံးခဲ့ရသူ ၃၅၅ဦးထဲတွင် အပြစ်မဲ့ပြည်သူ ၁၆၇ဦး (ကျား ၁၃၂ ၊ မ ၃၅) ပါဝင်ပြီး ထိုအထဲတွင် အသက် (၁၈)နှစ်အောက် ကလေး သူငယ် ယောက်ျားလေး ၁၉ဦး နှင့် မိန်းကလေး ငါးဦး စုစုပေါင်း ၂၄ဦး နှင့် ခြောက်လနှင့် ခုနစ်လ အရွယ် နို့စို့ကလေးငယ်နှစ်ဦး ပါဝင်ကြောင်းဆိုသည်။

ထို့အပြင် သေဆုံးခဲ့သူများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ဦးနှင့် ဓမ္မအမှုတော်ဆောင် ဆရာတော် လေးပါး ပါဝင်ကြောင်းသိရသည်။

၂၂လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ ၃၅၅ဦး ထဲတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေစဉ် သေနတ်ဖြင့် ပစ်ခံရသူ ၁၀ဦး ၊ မုဒိမ်းကျင့်၊ ညှဥ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရသူ ၃၃ဦး ၊ ဖမ်းဆီး နှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ခံရသူ ကိုးဦး နှင့် အ လောင်းကိုပင်ပြန်ရှာမရနိုင်တော့သူ ခုနှစ်ဦး ရှိကြောင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးမကုသနိုင်၍ အသက်ဆုံးရှုံးသူ ၁၇ဦး ၊ လူသားဒိုင်းအဖြစ် ကိုးဦး ၊ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် သုံးဦး ၊ အကျဉ်းထောင်ထဲတွင်၌ ပစ်သတ်ခံရသူ သုံးဦးနှင့် နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ ၁၇ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းအပြင် ချင်းပြည်နယ်အတွင်း၌ လူနေအိမ်ခြေ စုစုပေါင်း ၁,၅၀၅ လုံး ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြပြီး စစ်ဘေးရှောင် ၉၀,၀၀၀ ကျော် ထဲတွင် ပြည်တွင်း၌ တိမ်းရှောင်နေရသူ ၄၀,၀၀၀ ကျော်နှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ် နှင့် မဏိပူပြည်နယ်သို့ ၅၀,၀၀၀ကျော် ထွက် ပြေးခိုလှုံနေရကြောင်း ဆိုသည်။

“အချက်အလက်တွေကို ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ကျွန်တော်တို့ ချင်းရေးရာအဖွဲ့ ချုပ်က ပြုစုထားတာပါ ၊ နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့အ စည်းများတွေက လက်ပိုက်ကြည့်နေတာမျိုး ၊ ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာချက်မျိုးလောက် တင်မဟုတ်ဘဲ တကယ့်ထိရောက်တဲ့ အရေးယူမှု ၊ ထိရောက်တဲ့လုပ်ဆောင်မှု တစ်ခုခု အမြန်ဆုံးလုပ်ပေးဘို့ တိုက်တွန်းချင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီ၏ ပြည်သူများ လိုလားခြင်းမရှိမှန်းသိလျှက်နှင့် ၎င်းတို့အာဏာတည်မြဲရေးအတွက် လုပ်ရပ်များကို ရပ်တန်းကရပ်နိုင်ရေးအတွက် ၎င်းတို့ အနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

အကယ်၍ စစ်ကောင်စီက အာဏာမသိမ်းခဲ့ပါက ကျောင်းတက် ၊ အလုပ်လုပ် (သို့မဟုတ်) မိသားစုကိုအေးချမ်းစွာ ပြုစုပျိုးထောင်မည့်လူငယ်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှတစ်ဆင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင်း တောခိုခဲ့ကြကြောင်း ရေးသားဖော်ပြထားသည်။

ပြုစုထားသော စာရင်းဇယားအချက်အလက်များအရ မတရားစစ်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေး အ တွက် ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်လျက် ရှိကြောင်းဆိုသည်။

ချင်းပြည်နယ်တွင် လူဦးရေး ၅၀၀,၀၀၀(ငါးသိန်း) ခန့်ရှိပြီး မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်ပြီး သတ်ဖြတ်ခံရသူ လူဦးရေ အချိုးအစားမြင့်မားပြီး ပျက်စီးဆုံးရှုံးခဲ့သည့် အိုးအိမ်အဆောက်အဦီ ပစ္စည်းတန်းဖိုးလည်း များပြားကြောင်း Salai Van Sui San ကဆက်လက်ပြောဆိုသည်။

ယင်းသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း ၊ အပြစ်မဲ့ ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် က လေးသူငယ်များအပေါ် တိုက်ခိုက် သတ်ဖြတ်ခြင်းများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီးငယ်များ အသုံးပြု၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကျဉ်ရန် စစ်ကောင်စီအား အလေးအနက် တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ် သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူအလား လေကြောင်း ၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုများအား အမြန်ဆုံး လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း ICA ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ချင်းရေးရာအဖွဲ့ချုပ် ICA ကို ၂၀၂၁ ခုနှစ်တွင် ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများနှင့် ဖွဲ့စည်းထားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ICA သည် မီဇိုရမ်တက္ကသိုလ် MZU နှင့် နားလည်မှုစာချုပ်လက်မှတ်ရေးထိုးပြီး မြန်မာဘာသာစကားသင်တန်းအပါအဝင် ပညာရေးကိစ္စများ ၊ စစ်ဘေးရှောင်စခန်း အချို့တွင် ကျောင်းနှင့် ဆေးခန်းဖွင့်လှစ်ပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ mizzima

« Older Entries