Monthly Archives: Dec 2022

မြင်းခြံတွင် PDF များ၏ တိုက်ခိုက်ခြင်းခံရပြီး သေနတ် ၉ လက် ဆုံးရှုံးခဲ့သည့် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီကပင် ထောင်ဒဏ်နှစ် ၉၀ ချမှတ် ဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြကျေးရွာတွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ တိုက်ခိုက်ခြင်းခံရပြီး သေနတ် ကိုး လက် ဆုံးရှုံးခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီမှပင် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“ယခင်က ဒေသခံPDF တွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီး သေနတ် ကိုး လက်ဆုံးရှုံးခဲ့ရတဲ့ စံပြ ကျေးရွာအုပ်ကြီးကို စခ(စစ်ကောင်စီတပ်)များမှ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ် ၉၀ အထိ ချခဲ့တယ်လို့သိရ” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ်၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ပထမအကြိမ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့စဉ် ပျော်ဘွယ်စံပြကျေးရွာရှိ အုပ်ချုပ်ရေးမှူး သည် စစ်ကောင်စီ တပ်သား များနှင့် အတူရှိနေပြီး ထွက်ပြေး သွားကာ ၎င်းတို့ကိုင်ဆောင်သည့် ရှော့ဂန်းတစ်လက်နှင့် ကာဘိုင် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားများကို Natogyi- PDFမှ ဒုတိယအကြိမ် ထပ်မံ ဝင်ရောက် စီးနင်းပစ်ခတ်ရာတွင် ၎င်းတို့ကိုင်ဆောင်သည့် MA1- သုံးလက်၊ ရှော့ဂန်း-တစ်လက်၊ ကာဘိုင်- သုံးလက်အပါအဝင် ကျည်ဘောက်နှင့် ကျည်ဆန်များအား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျော်ဘွယ်ရွာက အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းရန် Natogyi-PDF မှ တိုက်ခိုက်မှု နှစ်ကြိမ်တိုင်လုပ်ဆောင်ခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ၎င်းတို့ဘက်မှ ပြန်လည်ခုခံခြင်းမျိုး မရှိဘဲ ထွက်ပြေးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာတွင် ပျူစောထီးများအတွက် ထုတ်ပေးထားသည့် သေနတ် လေးလက်နှင့် ကျည်ဆန်များကို ဒေသခံ PDF များမှ စစ်ကောင်စီလက်အောက်ခံ ရဲဝတ်စုံများဝတ်ဆင်၍ သိမ်းယူခဲ့ သည့်အတွက် အဆိုပါအုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ mizzima

မင်းအောင်လှိုင်က လျှပ်စစ်မီးချွေတာရမည်ဟု ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ၂၄ နာ ရီပါး မီးပြတ်တောက်နေပြီး ပြည်သူများ အတိ ဒုက္ခရောက်နေရ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီး ချွေတာရမည်ဟု စစ်ကောင်စီ အစည်း အဝေးတွင် ထုတ် ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများ ၂၄ နာရီနီးပါး ပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ် စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ကြီးမားလာနိုင်၍ အလေ အလွင့် ဖြစ် စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း၊ ချွေတာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်

ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နယ်မြို့ကြီးများနှင့် မြို့နယ်အများစုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက် ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။

“မနက်လည်း မီးက ပြတ်တယ်။ ညလည်းမီးက ပြတ်တယ်။ ဘယ်အချိန်လာတာလဲမသိဘူး။ မနက် ဆိုရင် ၁ နာရီ လောက်လာပြီး ၅ နာရီလောက်ပြတ်သွားတယ်။ ညဆိုရင်လည်း ည ၁၀ နာရီလောက် ကပြတ်တာ မနက် ၈ နာရီ အထိ မလာဘူး။ အထပ်မြင့်တိုက်ဆိုတော့ ရေလည်းမရဘူး။ မအလ ပေးတဲ့ ဒုက္ခတွေ ပြည်သူတွေ ခါးစည်းခံနေရတယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ ဧရာ၀တီတိုင်းတို့တွင်လည်း မီးများ ပြတ် တောက်မှု အခြေအနေ ဆိုးဝါးလာကြောင်း သိရှိရသည်။

“မီးကတော့ မလာတာများတယ်။ ညပိုင်းလေးတွေ ခဏလာတာမျိုးပဲရှိတယ်။ နေ့လည်း တြပ်တယ်။ ညလည်း ပြတ် တယ်။ အမြဲပြတ် ။ မီးလာတဲ့အချိန်က တစ်နေ့မှာ ၂၄ နာရှိရရင် နာရီ ၂၀ ကျော် လောက် မီးပြတ်နေတာ” ဟု မန္တလေး ဒေသခံတစ်ဦးကလည်းပြောဆိုသည်။

ယခုကာလသည် ဆောင်းတွင်းဟုဆိုသော်လည်း ညအချိန် အမြဲလိုလို ရာသီဥတု ပူအိုက်နေသဖြင့် မြို့ပြ ပြည်သူများမှာ မီးပြတ်ချိန် အတိဒုက္ခရောက်ကြပြီး ရေလည်း မရရှိကြောင်း သိရှိရသည်။

“ရေသန့် ၂၀ လီတာ ဗူးကြီးတွေပဲ ဗူး ၂၀ ၊ ၃၀ မှာပြီး သုံးနေရတယ်။ ဂျိုးဖြူရတဲ့အချိန် မီးကမလာ၊ အဝီစိရေကလည်း မီးလာချိန် ၀ိုင်းပြီး ရေ တင်ကြတော့ ရေကြောခမ်းတယ်ထင်ပါတယ်။ အတော် အဆင်မပြေဘူး။ နယ်မှာ အိမ်မီးရှို့ခံနေရပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့စာရင်တော့ ကျနော်တို့ ဒုက္ခက အဲဒီလောက်မဟုတ်ပါဘူး” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ထုတ် ဖော်ပြောဆိုနေပြီး ယခုလည်း ထပ်မံ၍ ၎င်း၏ အိပ်မက်ကို ယမန်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုထားပြန်သည်။ khit thit

မင်းကင်းမြို့နယ်၌ နေအိမ် ၁၁ လုံးကို စစ်တပ်က ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများကို ယူ ဆောင်

စစ်ကိုင်းတိုင်း  ကလေးခရိုင်၊ မင်းကင်းမြိုနယ်ထဲက ပွင့်လျှက်ရွာနဲ့ စသာ(အောက်)ကျေးရွာက နေအိမ် ၁၁ လုံးကို စစ်ကောင်စီတပ်က ဒီဇင် ဘာ ၄ ရက် မနက် ၉ နာရီမှာ ဖျက်ဆီးကာ အဖိုးတန်ပစ္စည်း တချို့ကို ယူသွားတယ်လို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ စစ်ကား ၃ စီး၊ ဆိုင်ကယ် ၂၁ စီးနဲ့ရောက်လာပြီး ပွင်လျှက်ရွာက နေအိမ် ၁၀ လုံးနဲ့ စသာ (အောက်) ရွာက နေအိမ် ၁ လုံးတို့ကို ရိုက်နှက်ဖျက်ဆီးပြီး ပရိဘောဂအပါအဝင်  ဆိုက်ကယ် ၅ စီး၊ ငွေကြေးနဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားတာလို့ မင်းကင်းဒေသခံ တဦးက ပြောပါတယ်။ 

“မနက် ၉ နာရီလောက်က အကြမ်းဖက် လာလုပ်တာ။ သူတို့က ရုတ်တရက် ရွာထဲ ဝင်လာတာဆိုတော့ အကုန်အလွတ် ထွက်ပြေးရတယ်။ ဘာမှ မယူနိုင်ခဲ့ဘူး။” 

မင်းကင်းမြို့နယ်အတွင်းက ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီက ဖျက်ဆီးသလို တောင်ဖြူ၊ ပန်းဆက်ရွာက ပျူစောထီးတွေကပါ ဖျက် ဆီးတာကို နေစဉ်ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို စစ်ကောင်စီနဲ့ ပျူစောထီးတွေ အနိုင်ကျင့်ခံနေရတာကြောင့် ဒေသခံတွေ ကျေးရွာတွေအတွင်း နေထိုင်တာမျိုး မလုပ်ကြတော့ဘဲ တော၊ တောင်တွေနဲ့ ရွှေမှော်၊ ကျော်မှော် တွေဆီ ပြောင်းရွှေ့သွားသူတွေလည်း အများအပြား ရှိနေပြီဖြစ်တယ်လို့လည်း မင်းကင်းဒေသခံ တွေက ပြောပါတယ်။ DVB

တနင်္သာရီမြို့ လယ်သစ်ကျေးရွာတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာမည်ကိုစိုးရိမ်၍ ဒေသခံ ၂၀၀၀ ခန့် ပြန်လည်ဝင်ရောက် ရဲခြင်းမရှိ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူ ၂၀၀၀ ခန့်သည် လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များ ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်၍ နေအိမ်သို့ ပြန်လာရဲခြင်း မရှိသေးကြောင်း စစ်ရှောင် ပြည်သူများထံက သိရသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာရှိ အရှေ့ကမ်းနှင့် အနောက်ကမ်းတို့တွင် စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

“အခု တိုက်ပွဲက နှစ်ဖက် စလုံး ငြိမ်နေတယ်။ စစ်ကောင်စီတပ်ကလည်း သူတို့ ပြန်ဆုတ်သွားပါပြီ”ဟု လယ်သစ်ကျေးရွာနေ စစ်ရှောင် ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ လယ်သစ်ကျေးရွာမှ ပြန်လည် ဆုတ်ခွာ သွားပြီးဖြစ်၍ လယ်သစ်ကျေးရွာ အရှေ့ကမ်းရှိ ဒေသခံများ နေအိမ်များသို့ ပြန် လည် ဝင်ရောက် နေထိုင်လျက်ရှိသည်။ သို့သော်လည်း လယ်သစ်ကျေးရွာ အနောက်ကမ်းရှိ ဒေသခံ ၂၀၀၀ နီးပါး သည် စစ်ကောင်စီတပ်ဖွဲ့များ အချိန်မရွေးပြန်လည်ရောက်ရှိလာမည်ကို မည်စိုးကို စိုးရိမ်၍ လက်ရှိ အချိန်အထိ နေအိမ်သို့ ပြန်မလာရဲသေးကြောင်း စစ်ရှောင် ပြည်သူများက ဆိုသည်။

“အရှေ့ကမ်းမှာတော့ စစ်ရှောင် တချို့တော့ ပြန်ဝင်နေပြီး သိရတယ်။ ကျွန်တော်တို့ အနောက်ကမ်းမှာတော့ အိမ်တွေကို စစ်တပ်(စစ်ကောင်စီတပ်)က ဖျက်ဆီးသွားလို့ အခုချိန် အထိ ပြန်မဝင်ရဲသေးဘူး ဖြစ်နေတယ်” ဟု အနောက်ဘက်ကမ်းရှိ စစ်ရှောင် ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် လယ်သစ်ကျေးရွာ အနောက်ကမ်းမှ ထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ရှောင် ဒေသခံ ၂၀၀၀ ခန့်သည် နီးစပ်ရာ ဥယျာဉ်ခြံနှင့် တောထဲတွင် နေထိုင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေလျက်ရှိကာ ၎င်းတို့ထံသို့ ရောက်ရှိရန်အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကြောင်း သိရသည်။

လယ်သစ်ကျေးရွာတွင် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ကြောင်း မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များထံက သိရသည်။ mizzima

ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ယာဉ်စစ်ရဲအဖွဲ့ မိုင်းခွဲခံရပြီး ၃ ဦးသေဆုံး

ရန်ကုန် ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ယာဉ်များကို စစ်ဆေးခြင်းပြုလုပ်နေသော ရဲများနှင့် ယာဉ်ထိန်းရဲအဖွဲ့ကို မြို့ပြပျောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီအချိန် ရွှေပြည်သာတံတားအဆင်း ယာဉ်စစ်ရဲအဖွဲ့ကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်းရဲ ၃ ဦးသေဆုံးကြောင်း၊ အခြား ရဲ ၂ ဦး ဒဏ်ရာရကာ ယာဉ်စစ်အဖွဲ့ ၏ ကားတစ်စီး ပျက်စီးမှု ရှိကြောင်း တော်လှန်ရေး ရဲဘော်များက ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army (YUGA MO-7 Eagles) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

ဘုရားသုံးဆူ BGF ဂိတ်တွင် ပေါက်ကွဲမှုဖြစ်၊ ထားဝယ်-ထီးခီးလမ်းတွင် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းနားက နယ်ခြားစောင့်တပ် BGF ရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၄ ရက် ဒီမနက် ၆ နာရီခွဲလောက်က ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံတဦးက “ရဲစခန်းမျက်စောင်းထိုး BGF ဂိတ်နား ပေါက်ကွဲမှုဖြစ်ပါတယ်။ လောလော ဆယ်တော့ ထိခိုက်သေဆုံးတာတွေတော့ မကြားရသေးဘူး။ စစ်ကောင်စီတပ်တွေကတော့ လမ်း တွေ ပိတ်ထားလိုက်တယ်” လို့ ပြောပါတယ်။

ပေါက်ကွဲမှု ဘာကြောင့် ဖြစ်ရတာဆိုတာ လတ်တလော မသိရသေးပါဘူး။  အခုပေါက်ကွဲမှုဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေး ဂိတ်ဟာ ကုန်ကားတွေဆီက  အခွန် ကောက်ခံပေးရပြီး လုံခြုံရေးတင်းကျပ်တဲ့ ဂိတ်တခုလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်မှာတော့ ထားဝယ်-ထီးခီး ကားလမ်းပိုင်းကနေ ပြန်ထွက်လာတဲ့ အင်အား ၁၀၀ နီးပါး လိုက်ပါလာတဲ့ စစ်ကောင် စီကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီမှာကြားဖြတ်တိုက်ခဲ့ပါတယ်။

သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာအကြား ဒွေးညီနောင်နေရာမှာ ထားဝယ်အရှေ့တောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်-ပကဖ)၊ နဘယံအဖွဲ့နဲ့ ကော် သူလေးArmy မဟာမိတ်ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၃ ရက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့မဟာမိတ်တပ်တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေကရှေ့ဆက်မသွားဘဲ ဝကုန်း ရွာကိုပြန်လှည့်ကာ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ထားဝယ်အရှေ့တောဒေသကို နိုဝင်ဘာလလယ် လောက်ကစဝင်ရောက်လာပြီး ဝင်လာစဉ်ကတည်းက ဝကုန်းရွာက နေအိမ်တွေကို ဝင်ရောက်နေထိုင်တာနဲ့ ပစ္စည်းကို ယူနေတာကြောင့် ဒေသခံရွာသားတွေက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းဟာ စဝင်လာတဲ့ နိုဝင်ဘာလ ၁၉ ရက်မှာလည်း မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီဘက်က တဦးသေ ဆုံးခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်ခဲ့တဲ့ ဒွေးညီနောင်နေရာမှာ ပြီးခဲ့တဲ့အောက်တိုဘာလလကလည်း ထားဝယ်ကနေ မေတ္တာမြို့ကိုဝင်လာတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ့ရဲ့ တိုက်ပွဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ DVB

ကျိုက်ဇကောအကျဉ်းထောင်အတွင်း ကျန်း မာရေးစောင့်ရှောက်မှုအားနည်းနေပြီး အ ကျဉ်းသား သေဆုံးမှု များရှိ

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျိုက်ဇကောအကျဉ်းထောင်အတွင်း အကျဉ်သားများကို ထောင် အာဏာပိုင်များမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အားနည်းမှုများရှိနေပြီး ထောင်အတွင်းသို့ ပြင်ပမှ ဆေးဝါးများပေးပို့ရာတွင်လည်း အကျဉ်းသားထံ ချက်ခြင်းမရောက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း ထောင်အတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

သူတို့က ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့အတွက် အပြင်ကနေဆေးဝါးသွင်းရတယ်။ သွင်းတဲ့အခါကျတော့ ဆီးချိုးသမားတို့ သွေးတိုးသမားတို့ ကျောက်ကပ်သမားတို့လို ဆေးစွဲသောက်ရတဲ့ သူတွေက ဆေးပြတ်လို့မရတဲ့အနေအထားရှိတယ်။ ဆေးက သွင်းပြီးတဲ့နောက် ၁၅ ရက်၊တစ်လလောက်မှ ရတယ်”ဟု အမည်မဖော်လိုသူ ထောင်တွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဆေးဝါးများ အချိန်မှီမရောက်ရှိသည့်အတွက် အကျဉ်းသားသေဆုံးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ အကျဉ်းသားများကိုဆေးထိုးရာတွင်လည်း ကုတင်မရှိဘဲ သံမတလင်းပေါ်တွင်မှောက်ခိုင်းကာ ဆေးထိုးကြောင်း သိရသည်။ အဆိုပါအကျဉ်းထောင်တွင် နိုင်ငံရေးအ ကျဉ်းသားများကို အလုပ်ကြမ်းခိုင်း သည့်ကိစ္စကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့လည်း ထောင်ဆူခဲ့ကြောင်းသိရသည်။

“နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းတယ်။ ထောင်ထဲကအလုပ်မှန်သမျှ အားလုံးလုပ်ခိုင်းတယ်။ အဲဒီလို ထောင်တွင်းအနိုင်ကျင့်မှုနဲ့ ပိုက်ဆံကောက်တာတွေနဲ့ပတ်သက်ပြီး ထောင်ဆူသွားတယ်။ သေနတ်ပစ် ဖောက်ပြီး ထိန်းရတဲ့အနေအထားဖြစ်သွားတယ်။ အကျဉ်းသားအချို့ အရိုက်ခံရတာလည်းရှိတယ်”ဟု ၎င်း က ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ အလိုကျ ဖိနှိပ်မှုပြုလုပ်နေသူသည် ကျိုက်ထိုမြို့မှ မူးယစ်ဆေးဝါးမှုဖြင့်ထောင်ကျနေသည့် ငစောဆိုသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် လူ့ အခွင့်အရေးအဖွဲ့အစည်းများမှ ဝင်ရောက်စစ်ဆေးရန်တောင်ဆိုခဲ့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်မှ ခွင့်မပြုခဲ့ပေ။ mizzima

ထီးချိုင့်မြို့ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ကျေးရွာ ၇ ရွာကို မီးရှို့မှု နေအိမ် ၄၃၇ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၃၇ လုံးပြာကျခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ်များဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် YAK-130 ဂျက်ဖိုက်တာ ၁ စီးဖြင့် အလယ်တော တောင်ရိုးရှိ ဘုရားကုန်းအား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေသာရွာကို ဗုံး ၈ လုံးကျဲချခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အင်းတိန်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်နှင့် ည ၁၁ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အလယ်တောရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆူးပုံချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၅ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်နှင့် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတို့တွင် အင်ကြင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၂ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အလယ်တောရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၈၅ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် အင်းတိန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၉ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လေသာရွာကို အ ကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၈၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျက်သရေချောင်းရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် သခွတ်ချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တပ်မ ၈၈၊ ခမရတပ်ရင်း ၄၁၅မှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်း(ကြည်း) မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။khit thit

ဘူးသီးတောင်၌ ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင် ဂန္ဓမာကျေးရွာနားမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ Wy စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့နဲ့  နီးစပ်သူ တဦးက ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီ လောက်မှာ ဖမ်းမိတာ ။ ဂန္ဓမာကျေးရွာနားမှာ  ရပ်ထားတာကို သတင်းအရ အဖွဲ့ပေါင်းစုံကသွားပြီး ဖမ်းဆီးခဲ့တာ။ ဟိုဘက်ကလည်း သတင်းရထားတော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတို့ ထွက်ပြေးသွားကြပြီ။ ရှေ့လည်း မသွားရဲတော့ဘဲ ရပ်ထားခဲ့ကြတာ။” 

စိတ်ကြွဆေးတွေကို ယာဉ်အမှတ်-MDY/5A-8004 ဟိုင်းလတ်(အဖြူရောင်)(လိုင်စင်မဲ့)ရဲ့ ယာဉ်ခေါင်မိုးပေါ်မှာ တင်ထားတဲ့  ကားတာယာအဟောင်းအတွင်းနဲ့ ကားအောက်ပိုင်းက ဆီတိုင်ကီ အဟောင်းအတွင်း သိုဝှက်ထည့်ထားတာဖြစ်ပါတယ်။

အဲဒီကနေ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ အထုပ်ကြီး ၃၅ ထုပ်ထဲက WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား  ၃၅၀,၀၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်လောက်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာပြီး ပိုင်ရှင်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ယာဉ်ပိုင်ရှင်နဲ့ မူးယစ်ဆေးဝါသယ်ဆောင်သူတွေကို ဖော်ထုတ် ဖမ်းဆီး နိုင်ရေး  ဆောင်ရွက်နေပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေနဲ့ လိုင်စင်မဲ့ယာဉ်ကို ဘူးသီးတောင်မြို့ နယ်၊ တောင်ဘဇာနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။DVB

« Older Entries