Monthly Archives: Dec 2022

တနင်္သာရီတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ စစ်ဘေးရှောင် ပလဒေသခံများ ပြန်လာရန် စစ်တပ်ခြိမ်းခြောက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှာရှိတဲ့ နယ်မြေ ရဲစခန်းကို ဒီဇင်ဘာ ၄ ရက် ည ၈ နာရီလောက်က ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနိုင်ပြီး ည ၈ နာရီခွဲကျော်လောက်မှာတော့ ထားဝယ်မြို့ဘက်ကနေ အရေးပေါ်ကား ၄ စီးနဲ့ လူနာတွေကို လာရောက်သယ်ယူတာ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီဇင်ဘာ ၅ ရက် မနက် ၁၁ နာရီလောက်အထိ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း ထားဝယ်မြို့ဘက်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ဗီဂိုကား ၅ စီးနဲ့ စစ်ကူသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း သေ နတ်ပစ်ခတ်တာ ဖုန်းအရောင်းဆိုင် တဆိုင်ကို ရိုက်ချိုး ဖျက်ဆီးခဲ့တယ်လို့ ရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက်တော့ ရွာထဲ စျေးလိုက်ရောင်းနေတဲ့ သူတွေတောင် မတွေ့တော့ဘူး၊ စစ်တပ်ကတော့ လိုက်စစ်ဆေးနေတယ်၊ ရွာသားတွေ အဖမ်းခံရတာတော့ မကြားရသေးဘူး။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာတော့ မောင်းမကန်ရွာခံတချို့နဲ့ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ လမ်းပိုင်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပေမဲ့ ဖမ်းဆီးတာတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

မောင်းမကန် နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ထက်မနည်းရှိနိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အမျိုးသမီးတွေ အပါအဝင် ရွာခံ ၈ ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၁ က မနေ့ ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်က ရတနာပုံဒေသရှိ စစ်ကောင်စီ နယ်စပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNLA တပ်ရင်း-၂၀၃၊ ပြည့်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်း၊ မြိတ်ခရိုင် တပ်ရင်း-၂ နဲ့ Flying Star Force (ဘပ ပကဖ) တို့က သွားရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိတဲ့အပြင် RPG ၁ လက်၊ MA 1 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်စပ်စခန်းကုန်း စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကူလာတဲ့ ကော့သောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ယာဉ်တန်းနဲ့ ခြေကျင်စစ်ကြောင်းကို ဒီဇင်ဘာ ၄ ရက် မနက် ၁ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လမ်းတလျှောက် နေရာအနှံ့အပြား မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရသူ စာရင်းကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေကြောင့် မြိတ်-ကော့သောင်း ခရီးသည်တင်ကားတွေ မဖြတ်သန်းရဲဘဲ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာမှာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က‌နေ ထွက်ပြေးတိမ်းရှောင်နေသူတွေ ‌နေအိမ်ပြန်မလာရင် နေအိမ်တွေကို ချိပ်ပိတ်ပစ်မယ်လို့ စစ်ကောင်စီဘက်က မြို့ထဲမှာ လိုက်လံခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကြောက်ရွံ့ပြီး ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အများအပြားရှိပြီး နေအိမ်တွေကို ပြန်မလာသေးဘဲ နီးစပ်ရာ‌ဒေသတွေမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် ဗုံးဖောက်ခွဲခံရတာနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကနေ မြို့ထဲမှာ လူ ၄၀ ကျော်လောက်ကို အကြောင်း မဲ့ ဖမ်းဆီးပြီး ရိုက်နှက်ကြလို့ ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားကြတာ။ အခု မြို့ထဲမှာ ထွက်ပြေးနေကြတဲ့ လူတွေကို နေအိမ်ပြန်လာကြဖို့၊ တခြားနေရာ‌ဒေသတွေကိုလည်း မသွားဖို့၊ စစ်ကောင်စီဘက်ကနေ ဖိအားပေးပြီး စစ်ဆေး လုပ်ဆောင်နေကြတယ်။ ထောက်ခံစာတွေကိုလည်း စစ်ဆေးတာ‌တွေ လုပ်ဆောင်နေတယ်။ လက်ဝတ်လက်စား‌တွေ၊ အသုံးအဆောင် ‌ပစ္စည်းတွေကိုလည်း မယူဆောင်ခိုင်းဘူး။”

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂‌၄ ရက်က ပလမြို့နယ် အုပ်ချုပ်ရေးမှူးအိမ် ဗုံးဖောက်ခွဲခံရပြီး စစ်ကောင်စီဘက်က ပလမြို့နေ ပြည်သူ ၄ဝ ကျော်လောက်ကို အကြောင်းမဲ့ မတရားဖမ်းဆီးကာ ၁၄ ဦးလောက်ကို မြိတ်အကျဉ်းထောင် ပို့ဆောင်ခဲ့ပြီး ကျန်လူတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဘယ်နှစ်ဦး လွှတ်ပေးလိုက်တယ် ဆိုတာတော့ ‌အတိအကျ မ‌သိရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ DVB

ယင်းမာပင်အခြေစိုက် NPDF အဖွဲ့က မိုင်းအလုံး ၁,၀၀၀ ပရောဂျက် စတင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် National People Defence Force (NPDF) က မိုင်းအလုံး ၁,၀၀၀ ပရောဂျက်ကို အခု ဒီဇင် ဘာလက စတင်ပြုလုပ်နေပြီး ပြည်သူ့အလှူငွေနဲ့ ရရှိလာတဲ့ မိုင်းတွေကို တခြားမဟာမိတ်အဖွဲ့တွေကိုပါ ‌ထောက်ပံ့ကူညီသွားမယ်လို့ ‌NPDF အဖွဲ့က ပြောပါတယ်။

လက်နက်အင်အားများစွာသာလွန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ မိုင်းကိုသာ အဓိကအားထား အသုံးပြုနေကြရပြီး မိုင်းထုတ်လုပ်ရေးအပိုင်းမှာလည်း ငွေကြေးအင်အား မပြည့်စုံတာတွေကြောင့် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

NPDF ခေါင်းဆောင် ဗိုလ်သူရိန်က “မိုင်းအမျိုးစားတွေက အသုံးပြုမယ့် အရွယ်အစားပေါ် မူတည်ပြီး အများကြီးကွဲပြားတယ်ဗျ။ ကုန်ကျစ ရိတ်တွေလည်း မတူဘူးပေါ့ဗျာ။ လက်ရှိအမြင်အရ အသုံးဝင် ထိရောက်တဲ့၊ ပြီးတော့ အလုံးရေ များများလုပ်နိုင်မယ့် မိုင်းတွေကတော့ ကုန် ကျစရိတ်က တလုံးကို ၁ သိန်းဝန်းကျင်လောက် ရှိပါတယ်ဗျ။ ဒါ့ကြောင့် ပြည်သူ့များအနေနဲ့ National People Defence Force ရဲ့ မိုင်းအလုံး ၁,၀၀၀ ‌ပရောဂျက်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ရာ မေတ္တာရပ်ခံရတာ ဖြစ်ပါတယ်။ ဒီ မိုင်းအလုံး ၁,၀၀၀ ဟာဆိုရင် ကျနော်တို့အဖွဲ့အတွက် သီး သန့်မဟုတ်ဘဲနဲ့ တခြားမဟာမိတ်အဖွဲ့တွေကိုပါ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မိုင်းဟာ စစ်ဆင်ရေးမှာ လူအင်အားအများကြီးမလိုဘဲ မြေပြင်အခြေအနေကို ကာကွယ်ဖို့၊ အတားအဆီးဖြစ်ဖို့ တိုက်ခိုက်မှုမှာ အဓိက ထိရောက်မှုရှိပြီး ရန်သူ့အာရုံကို ပိုမိုရှုပ်ထွေးစေနိုင်မယ့် တိုက်ခိုက်မှုတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

NPDF အနေနဲ့ မိုင်းတွေကို ကိုယ်တိုင်ထုတ်လုပ်နေပြီး မဟာမိတ်အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်နက်အင်အားသာလွန်တဲ့ စစ်‌ကောင်စီတပ်ဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းအတွင်း အင်အားအလွန် အကျွံသုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်အင်အား မမျှတာကြောင့် ဆုတ်ခွာပေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ DVB

ဖောင်းပြင်၊ စေတာရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်၊ ၊ ချီပါတောင်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အိမ်မွေးတိရစ္ဆာန်များ သေဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ စေတာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖောင်းပြင်မြို့နယ် စေတာကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ခန့်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုအေးမင်းသူ ကို ပစ်ခတ် ဖမ်းဆီးပြီး နေအိမ်အတွင်း ပိတ်လှောင်ကာ မီးရှို့ သတ်ဖြတ်ခဲ့​သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးလည်း ပြာကျခဲ့ကြောင်း သိရသည်။

“ကျေးရွာထဲမှာရှိတဲ့ ဦးတင်အောင်နဲ့ ဒေါ်ခင်သန်းတို့ နေအိမ်ကို PDF တပ်ဖွဲ့ဝင် ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တယ်။ နေအိမ်ထဲမှာရှိတဲ့ ကိုအေးမင်းသူက အိမ်ပေါ်ကနေ ခုန်ချ ထွက်ပြေးတဲ့အချိန် ဝိုင်းဝန်း ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရရှိချိန်မှာ အိမ်ထဲပစ်ထည့်ပြီး အိမ်ပါ မီးရှို့သွားတယ်။ မိသားစုဝင်တွေကတော့ အိမ်မှာ မရှိလို့ လွတ်မြောက်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စေတာကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော ပျူစောထီးအဖွဲ့တွင် ဆိပ်ဆားရွာမှ ဆန်းလင်းမောင်၊ နေလင်းဦး၊ သန်းလွင်၊ အေးချို၊ နေလင်းထွန်း၊ ဖိုးအဲ၊ ဖိုးချို၊ ဉာဏ်ဌေးလင်း၊ သောင်းဟန် နှင့်မိုးကျော်တို့ ပါဝင်ကြောင်း ဒေသခံ ပြည်သူများက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အိမ်မွေး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅ ဦးခန့်က ချီပါတောင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ညနေ ၅ နာရီလောက်မှာ ချီပါတောင်ရွာ နေအိမ်တစ်လုံးထဲသို့ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတယ်။ ချီပါတောင်ရွာ ကတ္တရာလမ်းပေါ်ကနေ သင်္ချိုင်းထဲကို ဖြတ်ပြီး ရွာထဲကို ဝင်လာကျတာ သေနတ်တွေလဲ ရမ်းပစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ အိမ်မွေး တိရစ္ဆာန် ၁ ကောင် သေဆုံးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

အာဏာသိမ်းမှုဆန့်ကျင်သူ နိုင်ငံကျော်ဇာတ် မင်းသား စစ်ကြောရေးရောက်နေ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဇာတ်မင်းသားဖိုးချစ်မှာ အဖမ်းခံရပြီးနောက် စစ်ကောင်စီ စစ်ကြောရေး ရောက်နေသည်ဟု နီးစပ်သူများထံမှ သိရသည်။

နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ ​​၎င်းနှင့် နီးစပ်သည့် တေးရေးဆရာ သျှန်ထွန်း (မြန်မာစာ) သည်လည်း ထိုနေ့၌ပင် ရန်ကုန်မြို့အထွက်တွင် အဖမ်းခံရသည်ဟု သဘင်လောကနှင့် နီးစပ်သူများထံမှ သိရသည်။

“ဆရာသျှန်ထွန်းက ပုဂံမှာ ပွဲရှိလို့ သွားတာ။ သိရတာတော့ အတူဖမ်းခံရတာ မဟုတ်ဘူး” ဟု သဘင်လောကသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၅) ပြောသည်။

ဇာတ်မင်းသားဖိုးချစ်နှင့် သျှန်ထွန်း (မြန်မာစာ) ကို မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသော်လည်း စစ်ကြောရေးရောက်နေသည်ဟု စုံစမ်းသိရှိရသည်။

“တွေခွင့်မရဘူး၊ လုံးဝမတွေ့ရဘူး ပြောတယ်။ ဘာကြောင့်ဆိုတာ အတိအကျမသိဘူး။ ကိုသျှန်ထွန်းက သူ့(ဖိုးချစ်) ခြံမှာ နေတာ၊ ဘယ်မှာဖမ်းခံရလဲ မသိဘူး။ သတင်းပေးတဲ့လူရှိလို့ ဖမ်းသွားတာနေမယ်” ဟု သဘင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးစတွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးရန် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်း စာရင်းများ ထုတ်ပြန်ခဲ့ဖူးရာ အခြားသော အနုပညာရှင်များနည်းတူ ဇာတ်မင်းသားဖိုးချစ်လည်း ပါဝင်ခဲ့သည်။​

နိုင်ငံကျော်ဇာတ်မင်းသား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

သို့သော် စစ်တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများကမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့နေ၍ ဖမ်ဆီးခြင်းဖြစ် ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။​

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲများတွင် အ ခြား အနုပညာရှင်များနည်းတူ ဇာတ်မင်းသားဖိုးချစ်လည်း ဦးဆောင်ပါဝင်ခဲ့ပြီး အာဏာသိမ်းပြီး ငါးရက်အကြာတွင် သဘင်အစည်းအရုံးဥက္ကဋ္ဌရာထူးမှလည်း နုတ်ထွက်ခဲ့သည်။ 

ထို့ပြင် ဇာတ်မင်းသား ဖိုးချစ်မှာ အဖမ်းမခံရမီအချိန်ထိ ဒီမိုကရေစီရရှိရေးကို ထောက်ခံအားပေးကြောင်း လူမှုကွန်ရက်တွင် ဆက်တိုက်ရေး သားလေ့ရှိသည်။

‘မြို့ရွှေမန်းသားဖိုးချစ်’ ဇာတ်သဘင်အဖွဲ့ကို တည်ထောင်ဦးဆောင်ခဲ့သူ ဖိုးချစ်မှာ ဆိုကရေးတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နောက်ပိုင်းမှစ၍ ၎င်းကိုယ်တိုင် တီထွင်ဆန်းသစ်ထားသည့် တင်ဆက်မှုများဖြင့် အထူးကျော်ကြားလာသူဖြစ်သည်။

သျှန်ထွန်း (မြန်မာစာ) မှာ ဖိုးချစ်၏ ဇာတ်သဘင် နှစ်ပါးသွားသီးချင်းများကို ပင်တိုင်ရေးပေးနေသူဖြစ်သည်ဟု သိရသည်။​

ဇာတ်မင်းသားဖိုးချစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်အာဏာရသည့် ၂၀၁၆ ခုနှစ်အတွင်းက အာဇာနည်အထိမ်းအမှတ်အဖြစ် “ငါသည် အောင်ဆန်း” ဆိုသော ပြဇာတ်ကို ဦးဆောင် ကပြခဲ့ဖူးသည်။ myanmar now

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်မလွှတ်ပေးသေးဟု သတင်းရင်း မြစ်များပြော

ကေဘီစီဥက္ကဌ (ငြိမ်း) သိက္ခာတော်ရ ဆရာကြီး ဒေါက် တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အခုလက်ရှိအ ချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း မှတ်ယူထားနိုင်ကြောင်း မိသားစုနှင့်နီးစပ်သူများက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ ညနေပိုင်းက မန္တလေးလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ယခုသတင်းရေးသားချိန် (မြန်မာစံတော်ချိန် ည နေ ၅ နာရီ ၂၀ မိနစ်) အချိန်ထိပြန်လည်လွတ် မြောက်လာခဲ့ခြင်းမရှိသေးသလို အဆက်အသွယ်လည်း ပြတ်တောက်နေစဲဖြစ်ကြောင်း ကေဘီစီသတင်းနှင့်ပြန်ကြားရေးအဖွဲ့ကပြောသည်။

” အိမ်ကိုပြန်ရောက်မှ လွတ်တယ်လို့ပြောလို့ရမယ်။ အခုက ဘယ်မှာမှန်းမသိသေးဘူး။ သူတို့ (စစ်တပ်) က တိုးတိုးတိတ်တိတ်နဲ့ လုပ်နေတာဆိုတော့ ခုထိဘာမှပြောလို့မရသေးဘူး” ဟု ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆရာတော်ကို ခေါ်ယူစစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီဘက်က ဆရာတော်အား ပြန်လွတ်ပေးလိုက်ပြီဆိုသော သတင်းများက လူမှုကွန်ရက်အသုံးပြုသူ ကချင်အသိုင်းအဝိုင်းကြား ပျံ့နှံ့နေခဲ့သော်လည်း ကေဘီစီအသင်းချုပ်အနေဖြင့် အတည်ပြုရခက်နေစဲဖြစ် သည်ဟုဆိုသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးစစ်ဆေးမှုပြုသည်ကို အတိအကျမသိရသေးဘဲ ကျန်းမာရေးမကောင်းသော ဒေါက်တာ ခလမ်ဆန်ဆွန်အတွက် စိုးရိမ်ကြောင်းလည်း ကေဘီစီအသိုင်းအဝိုင်းက ပြောသည်။

မန္တလေးလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဒေါက်တာ ခလမ်ဆမ်ဆွန်၏ နိုင်ငံကူးလက်မှတ်နှင့် အချက်အလက်များ စစ်ဆေးရာမှာ စစ်ကောင်စီပေးပို့ထားသော ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားသူများစာရင်းတွင် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပါဝင်နေသည့်အတွက် ဖမ်းဆီးခံနေရခြင်းဖြစ်ကြောင်း မဇ္ဈိမက ကနဦးစုံစမ်းသိရှိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် KBC ၏ အမြဲတမ်း အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်နေစဲဖြစ်သလို၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ၏အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကာ ကချင်အမျိုးသားများ အတိုင် ပင်ခံအဖွဲ့ (WMR)ဥက္ကဌလည်း ဖြစ်သည်။ mizzima

ထီးလင်း၊ ပခုက္ကူနှင့် ရေစကြိုတွင် စစ်ကောင် စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာနဲ့ ချင်းပြည်နယ်ကြားရှိ ဒေသအခေါ် စခန်းလေးဇရပ်ဘက်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိသွားတယ်လို့ Ydf ထီးလင်းအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီနေ့မနက်မှာ Ydf ထီးလင်း ထောင်ထားတဲ့ တိုက်မိုင်း ၂ လုံးကို တက်နင်းမိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ Ydf ထီးလင်း တာဝန်ခံ သခင်ဇော်က ပြောပါတယ်။

“ထီးလင်းမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က တိုက်မိုင်းတွေ ကြိုထောင်ထားခဲ့တာ။ သူတို့လာနေကျလမ်းတွေကို ကြိုသိလို့ ကြိုထောင်တာ။ မိုင်းထောင်ထားတဲ့နေရာက ကျေးရွာတွေနဲ့ အလှမ်းဝေးတယ်။ ကျနော်တို့တပ်ဖွဲ့ ကြိုထောင်ပြီး တခြားနေရာမှာ နေကြရတာ။ သူတို့တပ်ဖွဲ့တွေလာတော့ မိုင်းနင်းမိသံတွေ ကြားတယ်။ ကျနော်တို့ဘက်က မိုင်းသံပါပဲ။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်။ မိုင်းကွဲ‌တဲ့နေရာကို သွားကြည့်လို့တော့ မရသေးဘူး။”

အဆိုပါတိုက်မိုင်းကို စစ်ကောင်စီတပ်က တက်နင်းမိတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်ကျဆုံးနိုင်တယ်လို့ သခင်ဇော်က ပြောပေမဲ့ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထီးလင်းနယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၅ ရက် ဒီမနက်ပိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ ယာခင်းတွေမှာ အဓမ္မ ဝင်ရောက်ထွန်ယက်နေတဲ့ ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ရေလာလေးရွာရဲ့ အရှေ့မြောက်ဘက် ၁ မိုင်လောက်အကွာမှာရှိတဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ယာခင်းတွေကို အဓမ္မ ဝင်ရောက်ထွက်ယက်နေတဲ့ ညောင်ဂျစ်ပင်ရွာနဲ့ ရေလာလေးရွာက ပျူစောထီးတွေကို ဒီမနက် ၉ နာရီကျော်လောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း-၁ က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၃ ယောက် ဒဏ်ရာရရှိကာ အဲဒီထဲက တယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထပ်ရောက်လာပြီး ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နေလို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဆက်လက်တိုက်ခိုက်တာတွေ မပြုလုပ်တော့ဘဲ ဆုတ်ခွာခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ကမ္မမြို့ကနေ မြိုင်မြို့နယ် ကျောက်ခွက်၊ ဖလံကိုင်း၊ ရေနံမြေရဲစခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ လမ်းတလျှောက် မိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့က သိရပါတယ်။

မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြိုမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ သွားတဲ့အချိန် စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး မွန်းလွဲ ၁ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးတယ်လို့ တပ်တွင်းသတင်းတွေအရ သိရတယ်လို့ ဒေသခံတယောက်က ဆိုပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။

တိုက်ပွဲအတွင်း မြင်းခြံ-Black Tiger တပ်ဖွဲ့က ရဲဘော် ၂ ယောက် မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။ DVB

တမူးမှ အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် PDF များအား NUG အရေးယူမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးကို ယခုနှစ် ဇွန်လခန့်က ရိုက်နှက်၊ ပစ်သတ်ခဲ့သည့် ဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တမူးခရိုင် တပ်ရင်း ၄ မှ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ၏ ကာ ကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် အမျိုးသမီး ၁ ဦးအား လက်နက်ကိုင်တစ်ဖွဲ့က ရိုက်နှက်ပြီး ပစ်သတ်ခဲ့ခြင်းအပေါ် ၎င်းက ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေသလို လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ဦးနိုင်ထူးအောင်က ယနေ့ (ဒီဇင်ဘာ ၅) တွင် Myanmar Now ကို ပြောသည်။

ထိုပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ရဲဘော်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို PDF ၃ ဦးအား အရေးယူထားသည်ဆိုသည်နှင့် ပတ်သက်ပြီး အသေးစိတ်ကို ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။

တမူးမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ထိုဖြစ်စဉ်မှာ လွန်ခဲ့သည့် ၆ လခန့်က တမူး-အာရှ လမ်းမကြီး ၃ မိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တမူးခရိုင် တပ်ရင်း ၄ တပ်ဖွဲ့ဝင်တချို့ ပါဝင်ကြောင်း အတည်ပြုသည်။

“NUG ဘက်က စုံစမ်းစစ်ဆေးမှုတွေရှိပါတယ်။ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ရဲ့ထုတ်ပြန်ချက်အတိုင်း ကျွန်တော်တို့ဘက်ကလည်း ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးပေးဖို့၊ ဥပဒေအတိုင်း လုပ်သွားဖို့၊ ဘယ်လိုပဲဖြစ်ဖြစ် NUG ရဲ့စကားအတိုင်း ရှေ့ဆက်ပြီးတော့ နာခံသွားမယ်” ဟု တမူးမြို့နယ် PDF တာဝန်ခံက ပြောသည်။

သတ်ဖြတ်ခံရသူ အသက် ၂၅ နှစ်အရွယ် ဒေါ်အေးမာထွန်းသည် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါ် အရပ်သားလက်နက်ကိုင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု NUG  လက်အောက်ခံ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်က စွပ်စွဲပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင် ပျူစောထီးများက အသက် ၁၇ နှစ်အရွယ် တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကို ဖမ်းဆီး၍ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ထိုအမျိုးသမီးလည်း ပါဝင်ခဲ့သည်ဟု အထက်ပါ ပကဖတာဝန်ခံက ပြောသည်။

ထိုဖြစ်စဉ်တွင် ဒေါ်အေးမာထွန်း ပါဝင်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာ ၃ ရက်မှစတင်၍ စစ်ကောင်စီဘက်တော်သား ဝါဒဖြန့်သူများ မျှဝေနေကြသည့် ၃ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တွင် လက်ထိတ်ခတ်ခံထားရသည့် အဆိုပါအမျိုးသမီးကို လက်နက်ကိုင်ထားသည့် PDF အမျိုးသား၊ အမျိုးသမီးများက လမ်းမပေါ်တွင် ဆံပင်ဆွဲပြီး ရိုက်နှက်ထိုးကြိတ်နေကြသည်ကို တွေ့ရသည်။

ထို့နောက် အမျိုးသမီး၏ မျက်လုံးကို နှာခေါင်းစည်းဖြင့် ပိတ်စည်းလိုက်ပြီးနောက် လက်ထိတ်ဖြုတ်ပေးပုံ၊ လမ်းမအလယ်တွင် လက်ကို ခေါင်းပေါ်တင် ဒူးထောက်ခိုင်းပြီးနောက် ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ပုံ၊ လဲကျသွားပြီးနောက် သေနတ်ဖြင့် လေးချက် ထပ်မံပစ်ခတ်ပုံတို့ကို ထိုဗီဒီယိုဖိုင်တွင် တွေ့ရသည်။

ဖြစ်စဉ်ကို မှတ်တမ်းတင်နေသည့် လက်နက်ကိုင်တို့က လမ်းသွားလမ်းလာများ ရပ်မနေရန် အမိန့်ပေးနေသည်ကိုလည်း တွေ့ရသည်။

ကာကွယ်ရေးအဖွဲ့များ၏ စခန်းနေရာများကို စုံစမ်းထောက်လှမ်းရန် ကြိုးပမ်း၍ ဖမ်းဆီးမေးမြန်းရာမှ ထိုဖြစ်ရပ် ရုတ်တရက် ပေါ်ပေါက်သွားသည်ဟု တမူးမြို့နယ်ပဖက တာဝန်ခံက ပြောသည်။

“(ဖမ်းမိပြီးတော့) ခေါ်သွားပြီး စစ်ဆေးမေးမြန်းတယ်။ ဟုတ်၊ မဟုတ် ပိုပြီးတော့ သေချာသွားအောင်။ အဲဒီအချိန်မှာ သူက ကြောက်ရွံ့ပြီးတော့ ကိုင်ထားတဲ့ လက်နက်တွေကို လုပြီးတော့၊ လုနေတဲ့အချိန်မှာ ဖမ်းချုပ်ပြီးတော့ မထင်မှတ်ဘဲ ဖြစ်သွားတဲ့ကိစ္စနဲ့ ကြုံတွေ့ရတာပေါ့” ဟု အထက်ပါ တမူးပကဖ တာဝန်ခံက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟု အမည်ထွက်သူများ၏လှုပ်ရှားမှုများကို အနည်းဆုံး တစ်ပတ် စောင့်ကြည့် စုံစမ်းစစ်ဆေးပြီးမှ အရေးယူလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိသူများသည် သေနတ်လုပြီး ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်ရသည်ဟူသည့် အကြောင်းပြချက်ကို စစ်ကောင်စီဘက်က သုံးစွဲလေ့ရှိသလို တော်လှန်ရေးအဖွဲ့များဘက်ကလည်း အသုံးပြုလာသည်။

သေနတ်လုသဖြင့် ပစ်ခတ်သတ်ဖြတ်ရသည်ဟူသော ပြောဆိုချက်မှာ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားသည်။

တမူးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်က PDF စခန်း ၂ ခု အပါအဝင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ စခန်း ၆ ခု စီးနင်းခံရမှုဖြစ်ပွားခဲ့ရာ စီးနင်းမှုအတွင်း စစ်တပ်ဘက်မှ ရရှိသွားသည့် လက်ကိုင်ဖုန်းမှတစ်ဆင့် ပေါက်ကြားလာသည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ကိုစည် အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတွင် ထိုဗီဒီယိုဖိုင် စတင်ထွက်ပေါ် လာသည်၊ ထိုအကောင့်က ဖိုင်ဖြုတ်ချသွားကာ ဒီဇင်ဘာ ၃ တွင် စစ်ကောင်စီကို ထောက်ခံအားပေးသည့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ပျံ့နှံ့လာသည်ဟု တမူး PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့ လက်နက်ကိုင်တို့က အရပ်သားများအပေါ် ကျူးလွန်သည်ဟူသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြားမှုတချို့ ရှိသည်၊ ကိုင်တွယ်ဖြေရှင်းမှုအပိုင်းတွင် အားနည်းချက်များရှိနေသည်ဟု ကာကွယ်ရေးအဖွဲ့များနှင့်နီးစပ်သူများက ထောက်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် PDF တပ်ရင်း ၄ ရင်း အပါအဝင် အဖွဲ့ ၁၈ ဖွဲ့အထိ ရှိလာသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို မခံမရပ်နိုင်ဖြစ်သော လူငယ်များစွာက မြန်မာနိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံတိုက်ခိုက်နေကြသည်။

ထိုသို့ ခုခံတိုက်ခိုက်စဉ် အချင်းချင်းသင်္ကာမကင်းဖြစ်မှု၊ သဘောထားကွဲပြားမှုနှင့် အုပ်စုတွင်း ဖြစ်ပေါ်လာသော ပြဿနာများထဲမှ တချို့ကို တောတွင်းဥပဒေအတိုင်းလက်နက်ဖြင့် ဖြေရှင်းမှုကြောင့် အပြစ်မဲ့သေဆုံးမှုများရှိနေသည်၊ ထို့ပြင် တော်လှန်ရေးအဖွဲ့ဝင်တချို့က စစ်ကောင်စီကို ထောက်ခံသူ၊ စစ်ကောင်စီအာဏာပိုင်များအတွက် လုပ်ဆောင်ပေးနေသည်ဟု ယူဆရသူများနှင့် ၎င်းတို့၏ မိသားစုဝင်အချို့ကိုပင် သတ် ဖြတ်မှုများရှိသည်။

ယခုကဲ့သို့ ဖြစ်ရပ်များပေါ်ပေါက်ခြင်းသည် NUG တွင် ဆင့်ကဲအုပ်ချုပ်စီမံနိုင်ရန် အခက်တွေ့နေခြင်းလား၊ NUG ကိုယ်တိုင်က အလားတူဖြစ်ရပ်များကို ထိထိရောက်ရောက်လုပ်ဆောင်ရန် ပျက်ကွက်နေခြင်းလားဟု မေးမြန်းသောအခါ NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က “သတ်မှတ်ထားတဲ့ Code of Conduct ကျင့်ဝတ်စည်းမျဉ်းတွေကို မလိုက်နိုင်လို့ပေါ့ဗျာ” ဟု ဆိုသည်။ myanmar now

အရာတော် – မုံရွာလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့အသိပေး

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အရာတော် – မုံရွာလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်တွင် အသိပေးချက် ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ကျွန်းဖိုပင်ကျေးရွာ တစ်ဝိုက်နှင့် အခြား အရာတော် – မုံရွာလမ်းပိုင်းတွင် စစ်ရေး လှုပ်ရှားမှုများရှိနေ၍ ယခုကဲ့သို့ထုတ်ပြန်ရခြင်း ဖြစ်ကြောင်းဆိုသည်။

“ အဲဒီစစ်ကြောင်းက ဒီဇင်ဘာလ ၃ ရက်နေ့က ဝက်ပြစ်ရွာကို ဝင်မွှေခဲ့တဲ့ စစ်ကြောင်းပါ။ အရာတော် – မုံရွာ လမ်းပိုင်းကို သူတို့ဘက်က ကူးသန်းချင်တဲ့အခါမျိုးမှာ အဲဒီလို လမ်းပေါ်ကရွာတွေကို တပ်စွဲလေ့ရှိပါတယ်။ ဘယ်အချိန် အတိုင်းအတာထိ ရှိမယ်လို့ကတော့ မသိရပါဘူး ” ဟု အရာတော် ပကဖ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမသို့ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဝက်ပြစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ရွာခံများ၏ နေအိမ်များကို ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများ ခိုးယူပြီး မွှေနှောက်ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် မဖြစ်မနေ သွားလာရမည်ဆိုပါက စစ်ကောင်စီ၏ယာဉ်များဖြင့် ကပ်လိုက်ခြင်း၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် လူထုကို အသိပေးထားသည်။

စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ (ကင်းပုန်းများ) ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံနေရသော ကားနံပါတ်၊ အမျိုးအစား အရောင် စသဖြင့် တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ပေးခြင့်ဖြင့် ကူညီပေးကြရန်လည်း ပကဖ မှ မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်မှ အချိန်မည်မျှကြာ တပ်စွဲလှုပ်ရှားမည်ကို မသိရသေး၍ လမ်းကို ယာယီအသုံးမပြုကြရန်နှင့် မဖြစ်မနေ အသုံးပြုဖို့လိုအပ်ပါက သတိပေးချက်များကို လိုက်နာကြရန် အကူအညီတောင်းကြောင်းဆိုသည်။

စစ်ကိုင်းတိုင်းထဲရှိ တချို့မြို့နယ်များကဲ့သို့ပင် အရာတော်နယ်ကို စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချထားသည်။ mizzima

« Older Entries