နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရပြီး ပွဲစားများစွာရှိနေသည့် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ေပးေရးရုံးတွင် နိုင်ငံကူးလက်မှတ်(Passport) ပြုလုပ်နိုင်ရန် ရက်ချိန်းရယူခြင်းကို Online Booking စနစ်ဖြင့် ပိတ်ရက်မရှိ ၂၄ နာရီ လုပ်ဆောင်နိုင်မည့် စနစ်သစ် စတင်လုပ်ဆောင်နေသည်ဟု ယင်းရုံးက ကြေညာသည်။
မည်သည့်နေ့ရက်တွင် စနစ်သစ် စတင်လုပ်ဆောင်နိုင်မည်ဟု ဖော်ပြမထားသည့် ထိုကြေညာချက်သည် ဒီဇင်ဘာ ၄ ရက်ကထွက်လာပြီး နောက်တစ်နေ့တွင် အွန်လိုင်းမှ ရက်ချိန်းအတွက်
QR Code ရယူသော စနစ်ရပ်ဆိုင်းသွားခဲ့သည်။
Online Booking စနစ်အရ ရုံးဝက်ဘ်ဆိုက် ဖြစ်သည့် www.passport.gov.mm တွင် စာရင်းပေးသွင်းမှတ်ပုံတင်လျှင် မိမိအလှည့်ကျလုပ်ဆောင်နိုင်သည့် ရက်ချိန်းအတွက် QR Code ရလာမည်ဖြစ်သည်။ အဆိုပါ QR Code ကိုပြသပြီး ရုံးဝင်းအတွင်း ဝင်ရောက်ကာ ပတ်စ်ပို့စာအုပ်လျှောက်ထားမှုလုပ်ဆောင်နိုင်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း COVID-19 ဖြစ်ပွားမှုမြင့်တက်ရာကာလအလွန်မှစ၍ ထိုရုံးဖွင့်ရက်များတွင် နိုင်ငံကူးလက်မှတ် လုပ်ရန်စောင့် ဆိုင်းနေသော လူတန်းရှည်တွင် ဦးရေ ထောင်ဂဏန်းအထိပင်ရှိနေသည်ကို တွေ့ရတတ်သည်။
QR Code ဖြင့် ရက်ချိန်းရယူမှုကို ၂၀၂၂ ခုနှစ် မတ်လမှစတင် ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံကူး လက်မှတ်ထုတ်ေပးေရးရုံးတွင်း ဝင်ရောက်နိုင်ရန် စောင့်ဆိုင်း၊ တန်းစီနေသည့် လူတန်းသည် ရန်ကင်းမြို့နယ် စက်မှု (၁) လမ်းမပေါ်ရှိ ရုံးပင်မဝင်ပေါက်မှ တက္ကသိုလ်ရိပ်သာလမ်း ဆရာစံပန်းခြံအလွန်အထိ ရှိတတ်ကြသည်။
တစ်ရက်တည်းနှင့်မပြတ်သော ပတ်စ်ပို့ရုံးကိစ္စအတွက် အနီးနား ပတ်ဝန်းကျင်တွင် တည်းခိုနေထိုင်ပြီး လုပ်ကြရကာ အဆောင်ငှားစားသောစျေးကွက်ဖြစ်ထွန်းလာခဲ့သည်။
ရုံးအတွင်းရှိ ဝန်ထမ်းများနှင့် အချိတ်အဆက်ပြုထားသော ပွဲစားများက နိုင်ငံကူးလက်မှတ်စာအုပ် အမြန်ရလိုသူများကို ကျပ် ၄၀၀,၀၀၀ ဝန်းကျင် တောင်းလေ့ရှိသည်။ ထိုအမြန်ဆုံးဆိုသော အချိန်သည် တစ်လအထိကြာမြင့်တတ်သည်။
မိမိအလှည့်ရောက်ရေး QR Code ရရန်အတွက်အထိသာလျှင် လုပ်ကိုင်ပေးသော ပွဲစားများလည်းရှိသလို တန်းစီနေရာရောင်းစားမှုလည်းရှိသည်။
တစ်လအတွင်း QR Code ရရှိလိုသူများသည် ကျပ် ၂၂၀,၀၀၀ အထိသော်လည်းကောင်း၊ သုံးလအတွင်းရယူလိုသူများသည် ကျပ် ၁၂၀,၀၀၀မှ ကျပ် ၈၅,၀၀၀အထိလည်းကောင်း ပွဲစားခပေးကာလုပ်ဆောင်ကြရသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
“ပတ်စ်ပို့ အကြောင်းပြုပြီး ဈေးကွက်ကြီးတစ်ခုလိုဖြစ်နေတာ။ ဒါကလည်းသူတို့ချမှတ်တဲ့ ပေါ်လစီအပေါ် ပွဲစားနဲ့ပေါင်း ရိုက်နေတာ။ သေချာစိစစ်ပြီးဖမ်းကြည့်ပါလား ပွဲစားဆိုတာပေါ်လာမှာတောင်မဟုတ်ဘူး။ အခု လုပ်မယ့်စနစ်က ဘယ်လိုဆိုတာ မပါလာသေးပေမယ့် ဘယ် လောက် အထိ အဆင်ပြေနိုင်မလဲ စောင့်ကြည့်ရမှာပေါ့”ဟု ရုံးအနီးနေထိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ရာတွင် အမှန်တကယ် ပေးသွင်းရသည့် ကုန်ကျငွေကြေးပမာဏမှာ ဘဏ်သွင်းငွေ ကျပ် ၂၅,၀၀၀၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခ ကျပ် ၃၀၀၀ နှင့် ဓာတ်ပုံရိုက်ခ ကျပ် ၂,၀၀၀ စုစုပေါင်း ကျပ် ၃၀,၀၀၀ သာဖြစ်သည်။ mizzima
Like this:
Like Loading...