ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ




khit thit
khit thit
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေ သခံတွေက ပြောပါတယ်။
ထီးလင်းမြို့နယ် ရွှေအောင်သာ အထိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့ဟာ မနေ့ မွန်းတည့် ၁၂ နာရီလောက် တင်းချောင်းရွာနားက တောထဲက တဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ တင်းချောင်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တင်းချောင်းကျေးရွာက ကိုဆန်းဝင်း၊ ကိုဖိုးစိုးကြီး၊ ကိုအောင်အောင်နဲ့ ကိုမျိုးမင်းဆွေတို့ဖြစ်ကြပြီး ရွှေအောင်သာ တပ်စခန်းကို ခေါ်သွားကာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ပေါ်မှာလည်း မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ ကင်းတွေချထားပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေသ လို လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေး ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၇ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၀၆၀ ယောက်ရှိပြီး အဲဒီထဲက ၁၆၈၆ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီး၊ ရေဦးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီသားများကို မနေ့က ဒီ ဇင်ဘာ ၇ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ဒရုးန်ဖြင့်ဗုံးကြဲ တိုက် ခိုက်ရာ အကြမ်းဖက်စစ်သား (၁)ဦးသေဆုံးပြီး (၆)ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗန္ဓုလနှင့် အဖွဲ့သားများ PDF ထံမှ သိရသည်။
ပြည်သူများထံမှ မတရားငွေကြေးတောင်းခံနေသော အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KUG တပ်ရင်း GYZ နှင့် GYZ တပ်ခွဲ(၁)၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Democratic Guerrilla Force(DGF) ၊ Sun King Envoy Monywa(LPDF) အဖွဲ့များပူးပေါင်းကာ ဒရုန်းဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
“မနေ့က ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာ၊ စခတွေက ရပ်ကွက်တွေထဲ ဝင်ပြီး ၄၀ မမနဲ့ ပစ်တယ် လို့ ရပ်ကွက်ထဲကလူတွေကပြောတယ်၊ ကလေးတစ်ဦးလည်း ဒဏ်ရာရတယ်လို့ပြောတယ်၊ ပြည်သူတွေ ထွက်ပြေးနေရတုန်းပဲ ရပ်ကွက်ထဲပြန်မဝင်ရဲကြသေးဘူး၊ အင်အားတွေလဲ ထပ်တိုးထားတယ်၊ တခြား အဖွဲ့တွေလဲ ပေါင်းထားလို့ ကြားတယ်” ဟု KUG တပ်ရင်း၊ ဗန္ဓုလနှင့်အဖွဲ့သား PDF တပ်ခွဲ(၁)မှ ရဲဘော် ရာမက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။
ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က KUG တပ်ရင်း GYZ နှင့် GYZ တပ်ခွဲ(၁)၊ ဗန္ဓုလနှင့်အဖွဲ့ သားများ၊ Democratic Guerrilla Force (DGF) ၊ Sun King Envoy Monywa(LPDF) အဖွဲ့များပူးပေါင်း ကာ ပထမအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၁)ဦးသေဆုံးပြီး (၃)ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့သည်။
ပုသိမ်အကျဥ်းထောင်တွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က နိုင်ငံရေး အကျဥ်းသားတစ်ဦးကို ထောင်ညွှန်မှူးဇော်စစ် အောင်ဆိုသူက ရိုက်နှက်၊ ကန်ကျောက်ကာ ညှဥ်းပန်းနှိပ် စက်ခဲ့ကြောင်း အကျဥ်းထောင်ဝန်ထမ်းအချို့ထံမှသိရသည်။
“မင်းတို့နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်လို့မရဘူးလို့ ဘယ်သူပြောလဲ”ဟု ဆိုကာ အရက်မူးနေသည့် အကျဥ်းထောင်ညွှန်မှူး ဇော်စစ်အောင်ဆိုသူနှင့် ၎င်း၏တပည့်ထောင်ဝန်ထမ်းများက စစ်အာဏာရှင်ဆန့် ကျင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကြံခင်းမှ ရဲတပ်သား သူရိန်လင်းကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ နိုင်ငံရေးအကျဥ်းသားကို ရိုက်နှက်နေချိန်တွင် စစ်ကောင်စီလက်အောက်ခံရဲများ ထောင်ဝန်းအတွင်း ရှိနေကြောင်း၊ နိုင်ငံရေးအကျဥ်းသားများရှိရာအခန်းများအား သေနတ်များဖြင့်ချိန်ထားကြောင်း ထောင် ဝန်ထမ်းတစ်ဦးက ပြောသည်။
“ အရင်ကဆို နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်ရင်၊ နိုင်/ကျဥ်းတွေစုပြီး တောင်းဆိုတာမျိုးတွေရှိခဲ့တယ်။ သူရိန်လင်းကိုရိုက်တဲ့ညက နိုင်/ကျဥ်းတွေစုပြီးတောင်းဆိုရင် ပစ်ဖို့အတွက် ညွှန်မှူးက ရဲတွေကိုပါ အဆင် သင့် ခေါ်ထားတာထင်တယ်” ဟု ဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့အထိ အဆိုပါရဲများ အကျဥ်းထောင်ဝန်းအတွင်းရှိနေကြောင်းလည်း ၎င်းကပြော သည်။
အကျဥ်းထောင်ညွှန်မှူး ဇော်စစ်အောင်ဆိုသူသည် အကျဥ်းထောင် ဥပဒေ (၄၂)ဖြစ်သည့် “တားမြစ်ပိတ်ပင် ထားသောပစ္စည်းများအား အကျဉ်း ထောင်အတွင်းသို့ ထုတ်သွင်းခြင်း ဆက်သွယ်ခြင်းများအား တရားစွဲဆို ဖမ်းဆီးခွင့်အာဏာ” ဖြင့်ငြိစွန်းစေသည့်အရာများကို ပုသိမ်ထောင်အတွင်းသို့ ၎င်းကိုယ်တိုင်ဦးဆောင်ကာ ထည့်သွင်းနေသည်ဟု ထောင်ဝန်ထမ်းတစ်ဦးကပြောသည်။
ထို့သို့ထည့်သွင်းပြီး အကျဥ်းသားများလက်ဝယ်သို့ အဆိုပါဥပဒေနှင့် ငြိစွန်းစေသော အရာများရောက်ရှိ လာပါက အကျဥ်းထောင်ညွှန်မှူး ဇော်စစ်အောင်ဆိုသူနှင့် ထောင်ဝန်ထမ်းများကိုယ်တိုင် ပြန်လည်ဖမ်းဆီး ကာ ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများကို ပြုလုပ်နေကြောင်းဆိုသည်။
“အဓိကကတော့ စီးပွားရေးလုပ်တာပေါ့ဗျာ။ တရားမဝင်ပစ္စည်းတွေကို ထောင်ထဲကို သူကိုယ်တိုင်ထည့် တယ်။ ပိုက်ဆံနဲ့ရောင်းတယ်။ ပြီးတော့ သူကိုယ်တိုင်ပြန်ဖမ်းတယ်။ အကျဥ်းသားတွေဆီကနေ အမြတ် ထုတ်နေတာပါ။ မနေ့က အခြားအမှုတွေကို ရုံးထုတ်တဲ့အချိန်မှာလဲ ထောင်ဆူအောင်လုပ်နေတဲ့ နိုင်ကျဥ်း ၂၀ လောက်ရှိတယ်။ အဲ့ဒီလူတွေကို လုပ်ပိုင်ခွင့်ထဲကသူလုပ်လို့ရတာ အကုန်လုပ်မယ်လို့ နိုင်ကျဥ်းတွေကို ပြောလိုက်ဆိုပြီး ခြိမ်းခြောက်နေတယ်” ဟု ဆိုသည်။
ထိုသို့ နိုင်ငံရေးအကျဥ်းသားများကို ရိုက်နှက်ညှဥ်းဆဲခြင်း၊ အကျဥ်းထောင်အတွင်းသို့ တရားမဝင်ပစ္စည်း များထည့်သွင်းနေခြင်းကို ဧရာဝတီ တိုင်းစစ်ကောင်စီအဖွဲ့ဝင်များနှင့် စရဖများက သိရှိသော်လည်း အရေး ယူခြင်း တစ်စုံတစ်ရာမပြုလုပ်ကြောင်း အကျဥ်းထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် ရိုက်နှက်ညှဥ်းဆဲခံထားရသည့်ဒဏ်ရာများကြောင့် ရဲတပ်သားသူရိန်လင်းမှာ ထောင်ဆေးရုံ တွင် ဆေးကုသမှုခံယူနေရသည်ဟုသိရပြီး အကြောင်းမဲ့ နှိပ်စက်ညှဥ်းဆဲမှုများ ထပ်မံပြုလုပ်လာမည်ကို နိုင်ငံရေးအကျဥ်းသားများ စိုးရိမ်နေကြသည်ဟု အကျဥ်းထောင်ဝန်ထမ်းအချို့၏ ပြောပြချက်အရသိရ သည်။ mizzima
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့လို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေဟာ စားနပ်ရိက္ခာ အဝတ်အထည်နဲ့ စောင်တွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ တပတ်အတွင်း ဒီပဲယင်း အရှေ့ခြမ်းကကျေးရွာ ၁၀ ရွာ နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေ သခံတွေက ပြောပါတယ်။
အင်ပင်ရွာ ဒေသခံတဦးက “ဒီဇင်ဘာ ၁ ရက်နေ့လောက်ကစပြီး ပျူစောထီးနဲ့ စစ်သားအင်အား ၁၀၀၀ ကျော်လောက် ရောက်လာပြီး ရွာထိပ်ကစ မီးရှို့တယ်။ ဒီဘက်မှာ စစ်ဖြစ်နေတာမရှိဘဲ အကြောင်းမဲ့သက်သက် ရှို့တာ။ မီးရှို့တော့လည်း နိုင်သမျှပစ္စည်းလေးယူပြီး ဘေးလွတ်ရာ ပြေးရတာပဲ။ ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၁၀၀၀၀ ကျော်လောက် ဘေးလွှတ်ရာပြေးနေရတယ်။ အဓိက လိုအပ်နေတာက စားနပ် ရိက္ခာ၊ အဝတ်အထည်၊ စောင်ရယ်၊ လိုအပ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ပျော်ဘွယ်၊ မစိုးရိမ်၊ ညောင်လှ၊ ကုန်းကြီး၊ နများ၊ ယဉ်ကျေး၊ မူးရိုးကုန်း၊ အင်ပင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော်ဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒီပဲယင်းမြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မူရိုးကုန်းကျေးရွာ၊ နများကျေးရွာက ဒေသခံပြည်သူ ၇ ဦးနဲ့ မရန်ကန်ကျေးရွာက သံဃာတပါးကို လူဝတ်လည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေသအတွင်းမှာတော့ ပြည်သူ ၂၀ ဦးထက်မနည်း စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၄၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ လောက်ဟာ အင်တိုင်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ညနေ ၃ နာရီခွဲခန့်မှာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
“တန့်ဆည်မြို့နယ်၊ ပုတီးရွာကို မီးရှို့သွားခဲ့တဲ့ စကစစစ်ကြောင်းက ဒီဘက်ကို ရောက်လာတာပါ။ အဲဒီနေ့ မနက်ကတည်းက အင်တိုင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ။ ရွာက လူတွေကတော့ အကုန်ပြေးရတာပေါ့ဗျာ။ နောက်ပြီး ရွာထဲရှိတဲ့ အိမ်တွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေကို တနေကုန် မွှေနှောက်ရှာဖွေယူပြီးမှ ညနေပိုင်းမှာ မီးရှို့သွားကြတာ။ ရွာအိမ်ခြေတဝက်ကျော်လောက် မီးထဲပါသွားပြီ ” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီနေ့က အင်တိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့တာဟာ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ နဲ့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ သိရပြီး အင်တိုင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အင်တိုင်းကျေးရွာဟာ အိမ်ခြေ ၂၇၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး နေအိမ်တွေ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ အင်တိုင်းကျေးရွာကနေ တပ်စွဲရာ သဖန်းဆိပ် ဆင်ဆွယ်စခန်းဘက် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အင်တိုင်းကျေးရွာဒေသခံပြည်သူအများစုဟာ စစ်ကောင်စီတပ် မိုင်းထောင်သွားမှာကို စိုးရိမ်နေကြတဲ့အတွက် ရွာအတွင်း ပြန်မဝင်ရဲကြသေးဘဲ နီးစပ်ရာတောထဲမှာပဲ ခိုလှုံနေရတယ်လို့ သိရပါတယ်။
ရရှိထားတဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် ကျွန်း လှမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ့နေအိမ်အလုံးပေါင်း ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ DVB
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ၏ အာဏာသိမ်းမှုအရေးကို အမေရိကန်အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းပြီး အမေရိကန်အစိုးရက ကိုင်တွယ်မှုများ ရှိလာတော့မည်ဖြစ်သည်။
လက်ရှိတွင် NDAA 2023 ဥပဒေ သည် အမေရိကန်အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး အထက်လွှတ်တော်က အတည်ပြုပြီးပါက သမ္မတ လက် မှတ် ရေးထိုး၍ ဥပဒေအဖြစ် အတည်ပြုမည်ဖြစ်သည်။
ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဉ်အောက်မှာ စာမျက်နှာ အနည်းငယ်သာ ပါရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် ၂၅ မျက်နှာပါဝင်လာခြင်းမှာ ထူးခြားချက်ပင်ဖြစ်သည်။
အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင်ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာမျက်နှာ ၂၅ မျက်နှာ ပြ ဋ္ဌာန်းထားသည်။ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေးမူဝါဒ အဖြစ် ၈ ချက်ပါဝင်သည်။
၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက်ထောက်ခံအားပေးရန်။
၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။
၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။
၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။
၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။
၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။
၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။
၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည်တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်းခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။
စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း
=====================================
အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည် ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီး ပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။
ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။
PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်
===========================================
မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အစည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန်လည်း ပါဝင်သည်။
ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို စုံ စမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့် မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။
အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။ khit thit
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပမည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံကို ဖိတ်ကြားထားခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီဇင်ဘာ ၇ ရက် သတင်းထုတ်ပြန်သည်။
လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် အဆိုပါ ထိပ်သီးညီလာခံတွင် အစည်းအဝေးတက်ရောက်ရန် ကုလသမဂ္ဂမှ အသိ အ မှတ်ပြုထားသည့် အစိုးရအဖွဲ့ကိုယ်စားလှယ်များအား ဖိတ်ကြားမည်ဟု သိရသည်။
ယင်းအထဲတွင် မြန်မာနိုင်ငံ မပါဝင်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီအား မဖိတ်ရန် ဆွစ်ဇာလန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း Justice for Myanmar က ယနေ့ ဒီ ဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ယခင်က စစ်ကောင်စီအား ဖိတ်ကြားထားသည့်ဟု သတင်းများထွက်ပေါ်နေသောကြောင့် Justice for Myanmar က ကန့်ကွက်ကြောင်းကို ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့သည်။
ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖို့ ရှိနေကြောင်း Justice for Myanmar ၏ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ mizzima
khit thit
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက လယ်လန်းရွာကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း လယ်လန်းရွာကို မနေ့က ဒီဇင်ဘာ ၇ ရက် ည ၈ နာရီလောက်မှာ ကျားတိုက်ရွာကို မီးရှို့ပြီးထွက်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်တပ်နဲ့ပျူစောထီး စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ လယ်လန်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ၇ နာရီကျော်လောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး လယ်လန်းရွာကို မီးထပ်ရှို့နေပြီး တရွာလုံး မကုန် ကုန်အောင် ရှို့နေတဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကျားတိုက်ရွာဘက်ကို ဝင်လာတော့ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ကျနော်တို့ ရွာက ပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲကို ထွက်ပြေးလာခဲ့ရတယ်။”
မီးတောက်တွေ မီးခိုးတွေကိုတော့ အဝေးကနေ လှမ်းမြင်နေရပြီး အိမ်ခြေ ဘယ်လောက် မီးလောင်တာကိုတော့ စစ်ကောင်စီတပ် ရွာထဲမှာရှိနေသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံက ပြောပါတယ်။
“ကျနော်တို့ တောသူတောင်သားတွေမှာ နေအိမ်တအိမ် ဖြစ်မြောက်ဖို့ ပြည်ပမှာ ၁၀ နှစ်၊ ၁၅ နှစ်လောက် သွားရောက်အလုပ်လုပ်ကိုင်ပြီး တည်ဆောက်ခဲ့ကြရတာပါ။ စစ်(…)တွေဟာ ပြည်သူလူထု ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် သူတို့လည်း တနေ့ ပြန်ပေးဆပ်ရမယ်။”
ပေါက်မြို့နယ်မှာ နိုဝင်ဘ် ၁၉ ရက်နေ့ကနေ ဒီဇင်ဘာ ၆ ရက်နေ့အထိ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာ ၇ ရွာက အိမ်ခြေ ၉၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။DVB
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ နမ့်ဇလပ်ကျေးရွာတွင် မနေ့က ဒီဇင် ဘာလ ၇ ရက် နံနက် ၈ နာရီခန့်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား( ၂) ဦး ပွဲချင်း သေဆုံးပြီး( ၂) ဦး ပြင်း ထန် စွာဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ထံက သိရသည်။
မည်သည့်နေရာက ပစ်လိုက်မှန်းမသိသည့် လက်နက်ကြီးကျည်တစ်လုံးသည် နေအိမ်ရှေ့မိသားစုလိုက် နေပူစာလှု့နေသော ယာအေအုပ်တို့ မိ သားစု အရှေ့တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ရာ မိသားစုလိုက် ထိမှန် ခဲ့ပြီး ယာအေအုပ်နှင့် သူမ၏သား မိုင်းအိုက်မွန်းတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယာအေအုပ်၏ သမီး အငယ်ဆုံးဖြစ်သူ လွေးအေပိုတွင် ခြေထောက်နှင့် လက်တို့တွင်လည်းကောင်း၊ အိမ်နီးချင်းဖြစ် သည့် ကူန်းကံမ်(ခ)ဦးဖြာအင်း၌ ခါး၊ ဦးခေါင်းအောက်၊ လည်ပင်းနှင့် လက်မောင်းတို့တွင် ပြင်းထန် ဒဏ်ရာရရှိ ခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။
“မနေ့တုန်းက လက်နက်ကြီးကျခဲ့တာ ကျနော်တို့လည်း အံ့ဩနေကြတယ်၊ မနက် ၈ နာရီဆိုတော့ စောပါသေးတယ်၊ အနီးအနားတိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ လက်နက်ကြီးက ဘယ်ကနေ ရောက်လာ မှန်းတော့ မသိဘူး၊ သူတို့အိမ်လည်း တော်တော်များများ ထိခိုက်ပျက်ဆီးတယ်” ဟု နမ့်ဇလပ်အုပ်စုမှ ရွာသားတဦးက ပြောသည်။
အဆိုပါ နေအိမ်သည် အမှတ် ၅၆၈ တပ်ကုန်းအောက်တွင် ရှိပြီးပစ်ခတ်လိုက်သော လက်နက်ကြီးသည် ၎င်းတပ်ကုန်းကို ဦးတည် ပစ်ခတ်တာဖြစ်နိုင်ကြောင်း ရွာသားများမှ သုံးသပ်ပြောဆိုနေကြသည်။
မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့မှ စ၍ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ဟူးမန်း၊ မန်လုံး၊ ကုန်းသာ ရွာများကို အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ထိုးစစ်ဆင်နေရာ TNLA တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ khit thit