ကနီမြို့နယ် ဆင်တန်းကျေးရွာအနီး စစ်ကောင် စီတပ် နှင့် DRPA တပ်ဖွဲ့ တို့ နှစ်ဖက်ထိတွေ့ မှုဖြစ်ပွား

စစ်ကိုင်းတိုင်း ၊ ကနီမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေလယ်ကျွန်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဆင်တန်းကျေးရွာအနီးတွင် DRPA တပ်ဖွဲ့ ရဲဘော်များက ဒီဇင်ဘာလ ၇ ရက် ညနေ ၃ နာရီ ခွဲ အချိန်တွင် လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့ မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး တပ်ဖွဲ့ များဘက်မှ အထိအခိုက်များရှိခဲ့ကြောင်း DRPA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက အခုလိုပြောသည်။
“ တိုက်ပွဲဖြစ်စဉ်က လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရေလယ်ကျွန်းကျေးရွာမှာ ပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ရတယ် ဗျ။ အဲဒီ ဖမ်းခံရတဲ့သူကို ထွက် ပြေးရင် ပစ်သတ်မှာဆိုပြီး စစ်သားတွေက အစောင့်တွေနဲ့ နွားကျောင်းခိုင်းထားတာ ။ အစောင့်တွေ အလစ်မှာ အဲဒီလူက အရဲစွန့်ပြီး ထွက်ပြေးလာတာ။ ထွက်ပြေးသွားတဲ့ ပြည်သူကို ပျူစောထီးတွေက နောက်ကနေ လိုက်ပစ်ရင်း ဆင်တန်းကျေးရွာဘက်က ကျနော်တို့ ကင်းပုန်းနဲ့ တွေ့တာဗျ။ နှစ်ဖက်ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိတယ်။ ကိုယ့်ဘက်က ကင်းပုန်းဆိုတော့ ဘန်ကာတွေနဲ့ ထိုင်ထားတဲ့နေရာဆိုတော့ အသာစီးနဲ့ ပစ်ခတ်ခဲ့ရတယ်။ ပျူစောထီးနဲ့ စစ်သားတွေ အကုန်ပြန်ခေါက်သွားတယ် ဗျ။ ထွက်ပြေးလာရင်း ခြေထောက်မှာ ကျည်ထိထားတဲ့ ပြည်သူကို ကျနော်တို့ ကယ်လိုက်နိုင်တယ်။ နောက်တစ်နာရီခန့် အကြာမှာ အင်အား ၅၀လောက်နဲ့ ကျနော်တို့ ကင်းပုန်းဘက်ကို ငါးကြင်းမြီးတွေ လက် နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” ဟု DRPA သတင်းနှင့် ပြန်ကြားရေးက ဆိုသည်။
ရေလယ်ကျွန်းကျေးရွာကို စစ်ကောင်စီတပ် တပ်စွဲနေသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။ စစ်တပ်ရန်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ရေလယ်ကျွန်းကျေးရွာမှ စစ်ရှောင်များသည် စားဝတ်နေရေး ၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။mizzima