ကယားတွင် လူ့အခွင့်အရေးနေ့ ကျေးလက်မြေအဖွဲ့မှ ဦးဆောင်ပြုလုပ်




khit thit
khit thit
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှာ စစ်ကောင်စီတပ် အဂတိလိုက်စားပြီး လာဘ်ငွေယူကာ ဖွင့်ခွင့်ပေးထားတဲ့ တရားမဝင်လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေမှု ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းကစားဝိုင်းစီစဥ်သူတွေက စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နယ်ထိန်း၊ မြို့နယ်စခန်းမှူးနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား ၁ ရက်ကို ငွေကျပ် ၁ သိန်းမှ ၂ သိန်းအထိပေးဆောင် ရတဲ့အပြင် စစ်ကောင်စီကို တပတ်တခါ သီးသန့်အခွန်ဆောင်ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။
စကစ ဗိုလ်မှူးတွေဆီကို လာဘ်ငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်တာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်း ပိုများလာတယ်လို့ ပင်းတယမြို့နေ ဒေသခံတဦးက ပြောပါတယ်။
“တနေ့ကို ပိုက်ဆံသိန်းပေါင်းများစွာနဲ့ ကစားကြတာ။ လူငယ်တွေလည်း ဆိုင်ကယ်တွေ ပေါင်၊ ဖုန်းတွေပေါင်နဲ့ ပျက်စီးနေကြတာ။ လောင်း ကစားတွေတင်မကဘဲ စိတ်ကြွဆေးပြားတွေ၊ မိန်းမပျက်တွေရောပေါ့။ တချို့ဆို ရှိတဲ့ခြံတွေရောင်း၊ ကားတွေပေါင်ပြီး ကစားကြတယ်။ စီးပွားပျက် ကားတွေရောင်းစားရတဲ့အထိရှိတယ်။ ဆိုးတာက WY ဖြန်တဲ့သူ သုံးစွဲသူတွေ ရောင်းချသူတွေ များလာတော့ လူငယ်တွေ ပျက်စီးနေကြတာပေါ့။ ပြည်သူတွေလည်း ထင်တိုင်းကြဲနေကြတာ။ နိုင်ငံရေး အခြေအနေ မငြိမ်သက်သေးသရွေ့တော့ ရှိနေဦးမယ် ထင်တယ်။”
ပင်းတယမြို့ရှိ နောင်ရဲရွာ၊ ကြံခင်းရွာ၊ ကျောက်တောရွာအပြင် ရွာတိုင်းနီးပါးမှာ ဖဲဝိုင်း ကြက်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်းတွေ ၂၄ နာရီ အပြည့် လူစည်ကားနေပြီး လေးကောင်ဂျင်ဝိုင်းဘေးမှာ ဆိုင်တွေဆောက်ကာ စားသောက်ဆိုင်တွေ ရောင်းချနေတာကြောင့် တချို့ဆိုရင် ၂ ရက် ၃ ရက်ကြာမှ အိမ်ပြန်လာကြတယ်လို့ ဆိုပါတယ်။
ပင်းတယမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီး အခုလို လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွေ ပိုမိုများလာတာကြောင့် ဒေသအတွင်း လူမှုစီးပွားရေး ဆုတ်ယုတ်ပျက်စီးလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ DVB
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း Chindwin Brothers PDF က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၉ရက် နံနက် ၈နာရီ ၃၀မိနစ်အချိန်မှစ၍ နမခ မှ ဘုတင်မြို့သို့ အင်အား ၆၅ယောက်ဖြင့် စတင်ထွက်ခွာလာရာ နမခ အရှေ့မြောက်ဖက် မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားအရောက်တွင် ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အချိန်မီ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။
အဆင့်မြင့် ရှေ့ထွက်မိုင်း ၁၂လုံးဖြင့် ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာ ရရှိသွားကြောင်းကို ဒေသခံပြည်သူတစ်ဦး သတင်းပေးပို့ချက်အရ ပြန်လည် သိရှိရခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။
ယင်းသို့ ဖောက်ခွဲတိုက်ခိုက်မှုအပြီး နမခ တပ်ထဲမှ ရဟတ်ယာဉ်တစ်စီး တက်လာပြီး သေဆုံး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ ရောက်ရှိလာပြီး အထုတ်သုံးထုတ် ချပေးသွားကြောင်း ဆိုသည်။
ယင်းနောက် သေဆုံးဒဏ်ရာရရှိသူများကို ထမ်းစင်များဖြင့်လည်းကောင်း၊ အချို့အား တွဲခေါ်၍လည်းကောင်း နီးစပ်ရွာကျေးရွာအတွင်းသို့သယ် ဆောင်သွားကြပြီး ရွာအတွင်းရှိ ကြက် ၊ ဝက်များကို သတ်ဖြတ်စားသောက်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers PDF နှင့်အတူ Anonymous Hero ၊ ချိုမိုင်မိုင် ၊ Bo Tite Maung ၊ တပင်ရွှေထီး (ဆံရှည်) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ mizzima
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဥ်းသား ၁၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက် စစ်တပ် သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးထဲမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ပြီး အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးကုသမှုမရခြင်းနှင့် ညှင်းပမ်းနှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၉ ဦးအား ပြင်းထန်စွာ ညှင်းပမ်းနှိပ်စက်ပြီး တိုက်ပိတ်မှုများ ပြု လုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်ကို အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ရိုက်နှက် တိုက်ပိတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် လူ့အခွင့်ရေးနှင့် ဆိုးဝါးသော ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများကြားမှ ပြည်သူလူထုနှင့်အတူ ကြံ့ကြံ့ခံရပ်တည်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် တိုင်းရင်းသား လူမျိုးစု အသီးသီးပေါ်တွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်အာဏာရှင်သည် တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း မြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုမှသည် တိုင်း၊ ပြည်နယ် အသီးသီးသို့ ဗုံးကြဲတိုက်ခိုက်သည်အထိ တိုင်းပြည်အနှံ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများ၊ ဓာတုဗုံးအပါအဝင်ပြည်သူအများအပြား သေကြေစေနိုင်သော လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများစသော လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြင့် ဖိနှိပ်နေသည်ကို ယနေ့ ပြည်သူလူထုတရပ်လုံး ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်သူလူထု တရပ်လုံးသည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ တရားမျှတခြင်းနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာဥပဒေများ ရပိုင်ခွင့်ရှိသည်နှင့်အညီ ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနှင့်စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးတို့အား မြန်မာပြည်သူများအနေဖြင့် လူ့အခွင့်ရေးအား ပြည့်ဝစွာ လက်ခံရရှိရန်အတွက် ဝိုင်းဝန်းကူညီ လက်တွဲတိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင်ရှိသော လူတဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင်သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျက်ရှိသည်။ ကမ္ဘာကြီး၏ တနေရာမှ မတရားမှုများကို ကျူးလွန်လျက် ကမ္ဘာကြီး၏တခြားတနေရာသို့ လွယ်ကူစွာ ပျံ့နှံ့နိုင်သည်ကို ဂရုပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်၏ မြန်မာပြည်သူလူထုအပေါ် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှု၊ အစုအလိုက်အပြုံလိုက်သက်ဖြတ်မှုနှင့်၊ အခြားသော ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းအား မြန်ဆန်စွာ အရေးယူပေးပါရန် ဆက်လက်ဖော်ပြထားသည်။ khit thit
စစ်ကိုင်းတိုင်း တမူးမြို့က ဈေးတန်း ၁ ရပ်ကွက်၊ ဈေးတန်း ၅ ရပ်ကွက်၊ စော်ဘွား ၈ ရပ်ကွက်၊ ဈေးတန်း ၁၂ ရပ်ကွက်နေ ဒေသခံ ၆ ယောက်ကို ဒီဇင်ဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကိုအောင်ချမ်းသူ၊ ကိုနန္ဒထူးအောင်၊ ကိုဝင်းထွဋ်အောင်၊ ဦးကျော်ဆန်းလင်း၊ မတင်တင်လှနဲ့ မတင့်တင့်လှိုင်တို့ဟာ CDM Support Team အဖွဲ့တွင် ပါဝင်ခဲ့ပြီး ထောက်ပံငွေ ထည့်ဝင်ခဲ့တဲ့အပြင် PDF လုပ်ရပ်တွေကို မထောက်ခံသူတွေရဲ့ ဆန္ဒပြတဲ့အပေါ် လူမှုကွန်ရက်မှာ Live လွှင့်ကာ မဟုတ်မမှန် ဝေဖန်ပုပ်ခတ်ပြောဆိုနေတာကို သတင်းပေးခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာ ရေးသားထားပါတယ်။
မအေးမာထွန်း သတ်ဖြတ်ခံရမှု ရုပ်သံထွက်ပေါ်လာပြီးနောက် တမူးမြို့တွင်းနေရာ အများအပြား မှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးနေတယ်လို့ တမူးမြို့ခံ တဦးက ပြောပါတယ်။
“တချို့တွေဆို မြို့ထဲတောင် သိပ်မနေရဲကြလို့ မိုးရေးထဲ ပြောင်းနေကြတာ များတယ်။ အခုတလော ဖမ်းဆီးစစ်ဆေးတာတွေ များနေတယ်။”
အခုလိုအခြေအနေတွေကြောင့် မြို့ခံတွေအနေနဲ့ အသွားအလာ ဂရုစိုက်ဖို့ တမူး PDF အဖွဲ့ဝင် တဦးက ပြောပါတယ်။
“တမူးမြို့က ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြပါ။ သိတဲ့အတိုင်းပဲ မြို့ပေါ်က ပျူတွေ များတယ်။ ကျနော်တို့ တပ်ဖွဲ့တွေလည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေပါတယ်။”
လတ်တလော ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က တမူးမြို့မရဲစခန်းကို ဖမ်းဆီးသွား ကြတယ်လို့ သိရပါတယ်။
တမူးမြို့ခံ မအေးမာထွန်း သတ်ဖြတ်ရတာနဲ့ပတ်သက်လို့ တမူးမြို့နဲ့ ကလေးမြို့ပေါ်မှာ တပ်ထောက်ခံသူတွေက NUG၊ CRPH၊ PDFတွေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။DVB
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်မီးလောင်ခဲ့တဲ့ CDM တွေကို ကူညီထောက်ပံ့ဖို့ စာရင်းကောက်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။
“ကျေးရွာတွေက မီးရှို့ဖျက်ဆီးခံရတဲ့အထဲက CDM တွေရဲ့ နေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ပါက ကျေးရွာအလိုက် ဒီပဲယင်းမြို့နယ်ညီနောင်များ Page Chat Box သို့ ဆက်သွယ်ကာ စာရင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မြေပြင်အဖွဲ့ကို ချိတ်ဆက်မှုရှိရင်လည်း စာရင်းပေးနိုင်ပါတယ်။”
ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အင်ပင်ကျေးရွာကို မနေ့ကပဲ ဝင်ရောက်ကာ မှတ်တမ်းယူခဲ့သလို ကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှုများအပေါ် စိတ်မကောင်းဖြစ်ရပါတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်သူအားလုံးကို အတတ်နိုင်ဆုံး ကူညီပေးမှာဖြစ်ပြီး သီးခြားစေတနာ့ရှင်များရဲ့ စေတနာအရ CDM မီးဘေးသင့် စာရင်းကို ကောက်ခံရခြင်းဖြစ်ပါတယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။DVB
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီ လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လင်းယုန်နီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စပါးနံ့သာရွာနဲ့ ဝက်ပုတ်ရွာအရှေ့ဘက် ကျွန်းတောထဲမှာ ကျွန်းပင်တွေ ခုတ်နေတာကို သတင်းပေး တိုင်ကြားလာတာကြောင့် အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
လင်းယုန်နီအဖွဲ့ တာဝန်ရှိသူက “ အင်အား ၃၀၀ လောက်နဲ့ ကျွန်းပင်တွေ ခုတ်လှဲနေတာကို သိလို့ သွားပြီးပစ်ခဲ့တာ။ အနီးအနားက ဒေသခံတွေကိုပါ သစ်ခုတ်ဖို့ မလိုက်မနေရဆိုပြီး လုပ်အားပေးတောင် ခေါ်သွားတယ်။ အဲဒါကို သိလို ၆၀ မမ ၁၂ လုံးနဲ့ ပြောက်ကျား သွားပစ်ခဲ့တာ။ လက် နက်ငယ်တွေနဲ့လည်း ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးတာကတော့ အတိကျ မသိရသေးဘူး။ ကျနော်တို့ကတော့ အထိခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ ကန့်ဘလူမြို့နယ် ပုဏ္ဏားကြီးကျေးရွာကနေ ဝက်သအင်းကျေးရွာကို စစ်ကြောင်းထိုး ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကေင်စီတပ်ဟာ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ အဲဒီရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “မနက် မိုးလင်း ၇ နာရီလောက် ရွာထိပ်ကနေ မီးစရှို့တာပဲ။ ရွာက နေအိမ် တဝက်ကျော် မီးလောင်သွားတယ်။ စပါးကျီ သုံးလုံးလည်း မီးလောင်သွားတယ်။ ဘာပစ္စည်းမှကို ဝင်မယူရဲဘူး”လို့ ဆိုပါတယ်။
ဝက်သအင်းရွာဟာ လူနေအိမ် ၇၀ ကျော်ရှိပြီး စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ် ၄၀ကျော်နဲ့ စပါးကျီ ၃လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက် ၉ နာရီခွဲလောက်က ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနားမှာ စစ်တပ် စစ်ကြောင်း တခု မိုင်းဆွဲခံရတယ်လို့ မြို့ပေါ်ရွာသားတွေက ပြောပါတယ်။
မြို့ပေါ်ရွာသား တဦးက “သူတို့ထွက်လာပြီဆိုကတည်းက ရွာထဲကတော့ လူရှိအကုန် ထွက်ပြေး ရတယ်။ မိုင်းကတော့ ၂ လုံးကွဲတယ်။ ဘယ်အဖွဲ့အစည်းက ထောင်တယ်လို့တော့ မသိဘူး။ လမ်းကြောင်း တည့်တည့်ကြီးကို ကွဲတာ။ အသေများမယ်။ အဲဒီလို မိုင်းမိပြီး မြို့ပေါ်ရွာ ထဲဝင်တယ်။ ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုအထိတော့ ရွာကို မီးမရှို့သေးဘူး” လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ)နဲ့ အပစ်ရပ်ပြီးချိန်ကစလို့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်း အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေကာ ကျေးရွာတွေ မီးရှို့တာကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ထောင်နဲ့ချီ မီးဘေးသင့်ပြီး နေထိုင်စရာနဲ့ အစားအသောက် အဝတ်အထည်တွေ အ ရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။DVB
khit thit
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းပိုင်းမြေမှာ အငှားချထားတဲ့ ဆိုင်းခန်အားလုံး ၂၀၂၃ ခုနှစ် ဇွန်လမှ ဖယ်ရှားပေးရတော့မယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်နောက်ဆုံးထားပြီး မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရပ်ကွက်ရှိ အထကခွဲ (လ ၃) ကျောင်းရှေ့က ဆိုင်ခန်းတွဲ အခန်း ၂၀၊ “ည” ရပ်ကွက် အထက ( ၃ ) ကျောင်းရှေ့က ဆိုင်ခန်းတွဲ အခန်း ၂၀ နဲ့ (၂) ရပ်ကွက်ရှိ အလက (၆) ကျောင်းရှေ့က ဆိုင်ခန်းတွဲ ၁၀ ခန်းကို ဖယ်ရှားပေးဖို့ မြို့နယ်ပညာရေးမှူးရုံးက နိုဝင်ဘာ ၂၃ ရက်မှာ စာထုတ်ကြောင်းကြားထားတာပါ။
ခုလို အကြောင်းကြားခဲ့ပေမဲ့ စာသင်ကျောင်းတွေရဲ့ရှေ့မှာ ဆောက်ထားတဲ့ လူနေဆိုင်ခန်းတွဲ အခန်း ၅၀ ကို ၂၀၂၃ စာသင်နှစ် မတိုင်ခင် ဇွန်လအထိ ဆက်လက်ဖွင့်ခွင့်ပြုထားတယ်လို့ ဆိုင်ခန်းတွဲပိုင်ရှင်တွေကနေ သိရပေမဲ့ ပညာရေးမှူးရုံးဘက်က တရားဝင်စာထုတ်ထားမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ကျောင်းဆိုင်ခန်းဖွင့်လှစ်ထားသူ တဦးက “ ၈ ရက်နေ့ နောက်ဆုံးလို့ ဆိုတော့ ဆိုင်က ပစ္စည်းတွေ အိမ်ပြန် သယ်ထားလိုက်တယ်။ ၆ လပိုင်းအထိ သက်တမ်းတိုးမယ် ၂၀၂၃ ဇွန်လ ကျောင်းမဖွင့်ခင် အထိလို့ ပြောတယ်။ ဆောက်တာက ကျောင်းကပဲ ဆောက်ထားတာ။ ကျောင်းက ဆောက်ပြီးမှ ရောင်းစားထားတာ။ ပိုင်ရှင်သက်သက် ရှိတယ်။ ညီမတို့က လချင်းပေး တလ ၃ သိန်းနဲ့ ပြန်ငှားထားတာ”လို့ ဆိုပါတယ်။
ကျောင်းဆိုင်ခန်းတွဲတွေဟာ ၂၀၀၁ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး သစ်သားဆိုင်ခန်းတွေကနေ တိုက်ခန်းတွဲတွေအဖြစ် ၂၀၀၉ ရောက်မှ ပြောင်းလဲဆောက်ခဲ့တာလို့ သိရတဲ့အပြင် ၂၀၁၄ ခုနှစ်ကလည်း ဖျက်သိမ်းဖယ်ရှားပေးဖို့ နို့တစ်စာ ပေးပို့ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆိုင်ပိုင်ရှင် တဦးက “ ဆိုင်မှာ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်က အစဆောင်ရတယ်။ သူတို့ ပို့တဲ့စာမှာ ကျောင်းဌာနပိုင်မြေကို ငှားထားတဲ့ စာချုပ်သက်တမ်းကုန်လို့ ဖယ်ပေးပါပေါ့။ မဖယ်ရင် အရေးယူမယ်ဆိုတာ ပါတယ်။ ကြည့်ရတာ ရွေးကောက်ပွဲအပြီးထိ မဖျက်ခိုင်းသေးဘူးနဲ့ တူတယ်။ နောက်နှစ် ၆ လပိုင်းအထိလို့လည်း ကြားတယ်။ စာလာပေးတဲ့ အဖွဲ့တွေက ဒီဆိုင်ခန်းတွေကိုပါ ကျူးလို့ သုံးနှုန်းသွားတာ” လို့ ပြောပါတယ်။
အဆိုပါ ဆိုင်ခန်းတွဲကိစ္စတွေနဲ့ပတ်သက်လို့ မြို့နယ်ပညာရေးမှူးရုံးကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ DVB
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ခက်ချယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိတဦး သေဆုံးကာ အယောက် ၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစပြီး ဒီဇင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူတွေကို ရဟတ်ယာဥ်နဲ့ လာရောက်သယ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က ၆၀ မမ လက်နက်နဲ့ ပစ်တယ်။ ကျနော်တို့ဘက်က KIA၊ PDF၊ ABSDF တို့ စစ် ကြောင်း ၃ ကြောင်းခွဲပြီး ပြန်ပစ်ခဲ့တာပါ။ စကစဘက်က နှစ်ရစ်နဲ့ တယောက်ကတော့ အဲ့မှာပဲ ပွဲချင်းပြီး ဆုံးပါတယ်ဗျာ့။ အလောင်းကို အဲ့မှာပဲ ဖြစ်သလိုမြှုပ်သွားပါတယ်။”
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ကျော် ထိခိုက်ဒဏ်ရာရတာကြောင့် စစ်ရဟတ်ယာဥ်သုံးပြီး လာရောက်သယ်ဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့မှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရဟတ်ယာဥ်တွေ ပျံဝဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်တဲ့ ခက်ချယ်ရွာသားတွေ တိမ်းရှောင်နေခဲ့ရပြီး အခုချိန်မှာတော့ အခြေအနေ ငြိမ်နေတယ်လို့ သိရပါတယ်။ DVB