Monthly Archives: Dec 2022

ကလေးမြို့နယ် မြောက်စည်ရွာရဲစခန်း တိုက် ခိုက်ခံရ၊‌ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်‌တောင်ပိုင်း၊ ကျော်ရွာအုပ်စုမှာရှိတဲ့ မြောက်စည်းကျေးရွာ ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တာဝန်ကျရဲတပ်သားတွေကို CDF-KKG အဖွဲ့က ချုံခို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူတွေရှိခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး CDF-KKG ဘက်ကတော့ ထိခိုက်ကျဆုံးသူတွေ မရှိဘူးလို့ အဖွဲ့ တာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်သား ၃ ဦး ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရ သွားတာကို မြင်ခဲ့ရတယ်။ သူတို့တွေ စခန်းတွင်းကို ပြန်သယ်သွားကြတာ။ စခန်းကနေ ထပ်ပြီး စစ်ကူလာတဲ့ စစ်သားတွေနဲ့လည်း မိနစ် ၂၀ လောက် ထပ်ဆင့်ပစ်ခတ်မှုတွေ ရှိခဲ့သေးတယ်။”

တိုက်ပွာဖြစ်ပွားရာ မြောက်စည်းကျေးရွာက ရွာသူ‌ရွာသားတွေအနေနဲ့ ထွက်ပြေး တိမ်းရှောင်တာမျိုး မရှိဘဲ မိမိနေအိမ်မှသာ ပုန်းအောင်းနေကြတယ်လို့ မြောက်စည်းရွာက ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

အခုတိုက်ခိုက်မှုနောက်ပိုင်းတွင်လည်း CDF-KKG တပ်ဖွဲ့အနေနဲ့ မိမိတို့လှုပ်ရှားရာ နယ်မြေ ဧရိယာအတွင်း တပ်စု၊ တပ်ရင်း၊ တပ်ခွဲအလိုက်  တိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင် မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မြောက်စည်းကျေးရွာ ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB

KTV ၌ ပျော်ပါးနေသော ဘဏ်မြန်မာ့စီး ပွားရေး ဘဏ်မန်နေဂျာအပါအဝင် (၃)ဦးကို ဖမ်း မိ၊ ခုခံထွက် ပြေးသွားသော စစ်သားသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့၊ တောင်ဇရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ပျော်ပါးနေ နေသော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရရှိသူများမှာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ် ကြပ် မင်းဇော်ဦးတို့ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်လာ စဉ် အကြမ်းဖက်တပ်သားမင်းဇော်ဦးမှာ ပြန်လည်ခုခံထွက်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“မြို့ထဲ မစ်ရှင်ဆိုတော့ အမြန်ဖမ်းပြီး ပြန်ထွက်လာတာ၊ မြို့ထဲမှာတော့ စစ်ခွေးတွေ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ်၊ သွားဖမ်းတဲ့ရဲဘော်တွေအား လုံး ဘေးကင်းပါတယ်၊ CDM ဘဏ်ဝန်ထမ်းတွေကတော့ မန်နေဂျာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဝမ်းသာနေကြတယ်၊ အဲဒီလူက အဂတိ လိုက်စားမှုကြီးတယ် လို့ ကြားရတယ်၊ စကစရဲ့ အမာခံကြီးလို့လဲ သိရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့( တောင် ပိုင်း) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များ KTV နှင့်မာဆပ်၌ ရောက်ရှိနေကြောင်း သတင်းအရ PDF Kalay တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသော တရားခံများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်၏ ညွှန်ကြားချက် အရ ကလေး မြို့နယ်တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရား စွဲဆို တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတို့နှင့် အ ညီ ထိန်းသိမ်း ထားကြောင်း ကလေးမြို့နယ်ပြည် သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ khit thit

ပခုက္ကူမြို့နယ် ချောက်ကန်ရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီ ချိပ်ပိတ်

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ချောက်ကန်ရွာက လွှတ်တော်ကိုယ်စားလှယ် တယောက်နဲ့ ဒေသခံ ၂ ယောက်ရဲ့ နေအိမ်ကို PDF နဲ့ ဆက်စပ်တယ်စွပ်စွဲပြီး စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေ ၅ နာရီလောက်မှာ တိုင်းလွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်၊ ဦးသိန်းဇော်ရဲ့ နေအိမ်နဲ့ အမှတ် (၁၀) ရပ်ကွက်က ကိုဖြိုးမင်းမောင်ရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။

ရွာခံတယောက်က “စစ်တပ်နဲ့ ရဲတွေပေါင်းပြီး ရောက်လာကြတာ။ နေအိမ်တွေ၊ ခြံဝန်းတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းမှာဖြစ်လို့ မကျူး ကျော်ရ၊ မရောင်းဝယ်ရဆိုတဲ့ ဗီနိုင်းတွေ ချိတ်ဆွဲ သွားကြတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့မှာ လွှတ်တော်အမတ်တွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မကြာခဏ ချိပ်ပိတ်နေသလို  ဒေသခံတွေကိုလည်း မကြာခဏ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခု နှစ် မေ ၂၀ ရက်အထိ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ ISP-Myanmar က ဇွန် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ DVB

မြိုင်မြို့နယ် ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိရေစက်တွင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများကို ဆက်ကြေးကောက်ခံရန် ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွား ကြောင်း စက်ြာ-ဒေသကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုမိုင်းဆွဲလိုက်တဲ့နေရာက စက်ရေတွင်းနဲ့ တစ်ဖာလုံပဲဝေးပါတယ်ဗျ။ အနီးကပ် စောင့်ပြီး မိုင်းဆွဲခဲ့တာပါ ။ နှစ်ယောက်သေ နှစ်ယောက်ဒဏ်ရာရပါတယ် ။ ရှေ့ဆုံးက တစ်ယောက်ထဲခွဲသွားတဲ့ဗိုလ်ပဲ လွတ်သွားတယ် “ ဟုပြောသည်။

ယင်းအဖွဲ့ကိုတိုက်ခိုက်ရန် ရက်အတန်ကြာ စောင့်ကြည့်ခဲ့ခြင်းဖြစ်ပြီး မူလကတိုက်ခိုက်ရေးအဖွဲ့ နှင့် ပူးပေါင်း၍ လက်နက်ရယူနိုင်ရေးအထိ စီစဉ်ထားခဲ့သော်လည်း မိုင်းဆွဲသည့်နေ့တွင် တိုက်ခိုက်ရေးအဖွဲ့များ လိုက်ပါနိုင်ခြင်းမရှိသည့်အတွက် လက်နက်များ ရယူနိုင်ခြင်းမရှိကြောင်း ဆိုသည်။

ကိုင်းတောမ စက်ရေတွင်းသည် မြိုင်မြို့နယ် စက်မှု (၂)သို့ ရေပေးပို့သည့် ရေတွင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အစောင့်ချထားသည့် နေရာတစ်ခုဖြစ်ကာ ယင်းနေရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများထံမှ‌ ဆက်ကြေးများ မကြာခဏ ကောက်လေ့ရှိကြောင်း စက်ြာ-ဒေသကာကွယ်ရေးအဖွဲ့က ဆိုသည်။

“သူတို့က ၁၅ ရက်တစ်ခါ လူချိန်းပြီး ရေစက်စောင့်တာဝန်ကျတယ် အခုအဖွဲ့က အပြင်ထွက်ပြီး ခရီးသွားတွေကို ပိုက်ဆံတောင်းတာ စစ်ဆေးတာတွေလုပ်လေ့ရှိတယ် ထွက်တဲ့နေရာ လေးနေရာလောက်ရှိတယ် “ ဟု စက်ြာအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စက်ြာ-ဒေသကာကွယ်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကိုင်းတောမ ရဲစခန်းနှင့် သရက်ကန်ပျူစောထီးစခန်းအကြားတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ mizzima

ဒီပဲယင်းမြို့နယ်၊ နများရွာကို စစ်တပ် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင်များအရေး ကူညီစောင့်ရှောက်နေသည့် S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် နများရွာကို မီးရှို့ဖျက်ဆီးခဲ့ဖြစ်ကြောင်း၊ အကြမ်းဖက် စစ် တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ပြီး ရိက္ခာပစ္စည်းများ၊ အဝတ်အထည်များနှင့် အ သုံးအဆောင် ပစ္စည်း အားလုံး မီးထဲပါသွားသောကြောင့် ဘဝ ရပ်တည်ရေးပင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

” နေအိမ်က ၄၀၀ လောက်ပါသွားပါတယ်။ ဒါတောင် ဒီနများတစ်ရွာတည်း ရှိသေးတယ်။ စစ်ခ​ွေးတွေက ၂ ကြိမ်ရှို့တာ ၄ ရက်နေ့က တစ်ကြိမ် ၆ ရက်နေ့က တစ်ကြိမ် ဘာမှပြန်မရအောင် ပြာဖြစ်အောင်ကို ရှို့တာ ပြည်သူတွေရဲ့ အခြေအနေက ရှေ့ဆက်ပြီး ဘဝ ရပ်တည်ရေး အတွက်ပါ ခက်ခဲနေပြီ” ဟု S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ mizzima

ထီးချိုင့်တွင် ရွာပေါင်း ၂၁ ရွာ မီးရှို့ခံရပြီး ပြည်သူ ၂ သောင်းဝန်းကျင် စားဝတ်နေရေး အခက်ကြုံ

ထီးချိုင့်မြို့နယ်မှာ ကျေးရွာပေါင်း ၂၁ ရွာအထိ မီးရှို့ခံထားရပြီး  စစ်ကောင်စီက ဆက်လက်အကြမ်းဖက်နေတာကြောင့် စစ်ဘေးသင့် ပြည်သူ ၂ သောင်းဝန်းကျင် စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။ 

ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း နိုဝင်ဘာတလတည်းမှာ စုစုပေါင်း အိမ်ခြေ ၁၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရပြီး ပြည်သူ ၂၆ ယောက် အသတ်ခံခဲ့ရပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကို နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းအထိ စစ်ကောင်စီက ၅ ရက် ဆက်တိုက် လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၉ ရက်နေ့အထိ ထီးချိုင့်နယ်ထဲမှာ အကြမ်းဖက်တာတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၂၁ ရွာအထိ ရှိလာပါတယ်။ 

ထီးချိုင့်ဒေသခံတဦးက “မီးလောင်တဲ့ရွာကတော့ စုစုပေါင်း ၂၁ ရွာရှိပါတယ်ဗျ။ နိုဝင်ဘာ ၂၅ ရက်နေ့က စရှို့တာဗျ။ စစ်ကြောင်းစထိုးတာက တော့ နိုဝင်ဘာ ၂၃ ရက်နေ့က စထိုးတာဗျ။ မနေ့ကတုန်းကဆိုရင် ရေဝတို့ တောင်ကြီး တို့မှာ ရွာလုံးကျွတ်မီးရှို့ခံရတယ်။ ဒုက္ခသည်ပေါင်းက တော့ ၂ သောင်းလောက်ရှိသွားပြီထင်တယ်။ စပါးကျီထဲမှာထည့်ထားတဲ့ စပါးတွေဆို မသယ်ထုတ်နိုင်ဘူးလေ။ သူတို့မီးရှို့တော့ ပါသွားတာလေ။ စစ်ကောင်စီက သူတို့မှာ လူသားချင်းစာနာတဲ့ စိတ်မရှိဘူးလေဗျာ။ မရှိလို့လည်း အကြောင်းမဲ့ ကျေးရွာတွေကို ဝင်မီးရှို့ဖျက်ဆီး ဒီလိုလုပ်တာပေါ့။ အဓိက က သူတို့မှာ စာနာစိတ်ကင်းမဲ့တာပေါ့။ ပြည်သူလူထုက ဘာမှလုပ်တာမဟုတ်ဘူး။ အေးအေးချမ်းချမ်းနဲ့ ရှာဖွေစားသောက် စုဆောင်းထားတာတွေလေ။ သူတို့က သိတဲ့အတိုင်း ရွာတရွာဝင်ပြီဆိုရင် ရိက္ခာမပါဘူးလေ။ ရွာမှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ရိက္ခာဖြည့်တင်းတာကိုဗျ” လို့ ပြောပါတယ်။

စစ်ကိုင်း-မြစ်ကြီးနားလမ်းပိုင်းမှာတည်ရှိတဲ့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်း ၄ ခု၊ ၅ ခုခွဲပြီး ထိုး စစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတလတည်းမှာ ကန့်ဘလူနဲ့ ကျွန်းလှ ၂ မြို့နယ်အတွင်းမှာ စစ်ကောင်စီက အိမ်ခြေ ၁၀၀၀ နီးပါးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကျွန်းလှဒေသခံနိုင်ငံရေးသမားတဦးက “နိုဝင်ဘာလ တလတည်းမှာကိုပဲ ကန့်ဘလူနယ်ထဲမှာ အိမ်ခြေပေါင်း ၈၉၅ လုံး။ ကျွန်းလှမှာဆိုရင် အိမ်ခြေပေါင်း ၉၀ ကျော်။ ဒါ နိုဝင်ဘာလတခုတည်းစာရင်းပေါ့။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သွားတာက ကန့်ဘလူမြို့နယ်မှာ ၂၅ ဦးရှိတယ်။ ကျွန်းလှမှာ ၁ ဦးရှိတယ်။ နွေဦးတော်လှန်ရေး စကတည်းကဆိုရင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေထဲက မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်း ၂ ထောင်ကျော်သွားပြီ။ ကျေးရွာပေါင်းကလည်း ၄၀ နီးပါးအထိ သူတို့ မီးရှို့ဖျက်ဆီးခဲ့တဲ့ အခြေအနေမှာရှိတာပေါ့။ လက်ရှိ ဒီဇင်ဘာလထဲမှာကိုပဲ စစ်ကောင်စီဘက်က အကြမ်းဖက်ပြီးတော့ မီးရှို့တာတွေက ဆက်တိုက်လုပ်ဆောင်နေတယ်ပေါ့။ ကျွန်းလှမြို့နယ်က အင်းဒိုင်းကျေး ရွာတို့ ကန့်ဘလူနယ်ထဲမှာလည်း အင်ဒိုင်းကျေးရွာဆိုတာရှိတယ်။ အဲ့ဒီရွာတွေကို ဆက်ပြီးတော့ မီးရှို့တာတွေရှိတယ်။ နောက်ပြီးတော့ ကန့်ဘလူနယ်ထဲက ချောင်းဖျားကျေးရွာ၊ တနေ့က ဝက်သအင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားတာတွေရှိတယ်။ ဝက်သအင်းဆိုရင် အိမ်ခြေ ၇၀ လောက် ရှိတာ ၇၄ လုံး မီးရှို့ခံရတယ်ပေါ့။ မြေပြင်မှာလည်း စစ်ကြောင်း လေးငါးခုခွဲပြီးတော့ ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ပြီး ဝင်တာတွေရှိတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာမို့လို့ ပြီးခဲ့တဲ့ကာလတွေမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတာတွေရှိခဲ့တယ်ခင်ဗျ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုတွေကို အချိန်နဲ့တပြေးညီ သတင်းမှတ်တမ်းယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

သတင်းနဲ့ ဆက်သွယ်ရေး အမှောင်ချခံထားရတဲ့ စစ်ကိုင်းတိုင်း မြို့ရွာတွေမှာ စစ်ကောင်စီရဲ့ လူမသိသူမသိ အကြမ်းဖက်လုပ်ရပ်တွေ အများကြီးရှိနေနိုင်သေးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။  DVB

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောင်းရှေ့ဆိုင်ခန်းများ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖျက်သိမ်းရမည်ဟု ထပ်မံကြေညာ

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စာသင်ကျောင်းပတ်ပတ်လည်တွင် ကျောင်းရန်ပုံငွေအဖြစ် ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို ဒီဇင်ဘာလ ၈ ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းရမည်ဟု စစ်ကောင်စီ တပ်၊ ရဲနှင့် စည်ပင်ဝန်ထမ်းများမှ လက်မှတ်လိုက်လံထိုးခိုင်းပြီးနောက် ဒီဇင်ဘာလ ၁၈ ရက် နေ့အထိ ရက်တိုးမြှင့်ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရသည်။

မြောက်ဥက္ကလာပ ကန်သာယာပန်းခြံအနီးရှိ အထက(၃)ပတ်လည်တွင် ဖွင့်လှစ်ထားသည့် လူနေဆိုင်ခန်း များ၊ သုဓ္ဓမာလမ်းမကြီးပေါ်ရှိ စာသင်ကျောင်းပတ်လည်တွင်ရှိသည့် လူနေဆိုင်ခန်းများ ပါဝင်သည်ဟု လည်း သိရသည်။

“ပထမတစ်ခါလာတုန်းကတော့ (၈)ရက်နေ့နောက်ဆုံးထား ဖျက်ပေးရမယ်ဆိုပြီး လက်မှတ်ထိုးလိုက်ရ တယ်။ အဲဒီမှာဝိုင်းပြီး တောင်းပန်းပြောဆိုစာတင်ပြီး ညှိနှိုင်းလိုက်တော့ အခုတစ်ခါ ဒီဇင်ဘာလ ၁၈ ရက် နေ့ကို နောက်ဆုံးထားပြီးဖျက်ပေးရမယ်ဖြစ်သွားတယ်။ ဒီတစ်ခါတော့ နောက်ဆုံးထင်ပါတယ်” ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဉီးက ပြောသည်။

“လာပြောတာကတော့ စည်ပင်တွေပါတယ်၊ ရပ်ကွက်လူကြီးတွေပါတယ်၊ ရဲနဲ့စစ်သားတွေ အများကြီးပဲ။ သေနတ်တွေနဲ့ တကယ်ကြောက်စရာကြီး။ ကျွန်မတို့ကဆိုင်ဝန်ထမ်းဆိုတော့ ဖုန်းယူပြီး ဆိုင်ရှင်ဆီကို အကျိုးအကြောင်းပြောတာ ဖုန်းချစမ်း၊ ဖုန်းချစမ်းဆိုပြီး သေနတ်ကြီး ရမ်းပြီးပြောတာ။ သူတို့ကို ဖုန်းနဲ့ ရိုက်မှာ ကြောက်လို့ထင်တယ်” ဟု ဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ရန်ကုန်တိုင်းအတွင်း ကျူးကျော်များရှင်းလင်းရေးနှင့် ပတ်သက်ပြီး တစ်အိမ်ကျူး တစ်အိမ်ဖျက်ရမည်ဟုပြောဆိုထားသော်လည်း မြောက်ဥက္ကလာပမြို့နယ် အတွင်း ကျူးကျော်မြေကွက်များကို အကွက်ရိုက်ရောင်းချနေသူများမှာ လက်ရှိအချိန်ထိ အုပ်ချုပ်ရေး အဖွဲ့များဖြစ်သည်ဟုလည်း သိရသည်။ mizzima

နမ့်ဆန်တွင် ၅ ရက်မြောက် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင် ရဟတ် ယာဉ်များဖြင့် စစ်လက်နက်နှင့် စစ် အင်အားများချထား

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် စစ်တပ်က ပလောင် TNLA တပ်ကို ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ယနေ့ ဒီဇင် ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းသုံး၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု သည် ၅ ရက်တာကြာမြင့်လာပြီး တိုက်ပွဲ အခြေ အနေ အသေးစိတ်သိရှိနိုင်ရန် TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီးတာအိုက်ကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ နမ့်ဆန်မှာ ဖြစ်နေတဲ့ တိုက်ပွဲ နောက် ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ ဒီဇင်ဘာ ၇ ရက်နေ့ကနေပြီးတော့ ဒီနေ့အထိ ဆက်ပြီး ဖြစ်ပွားနေတယ်။ ဒီမနက် ၁၀ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေဖြစ်တယ်။ နမ့်ဆန်ဘက်ရော မန်တုံဘက်ရော ရဟတ်ယာဉ်တွေနဲ့ လူတွေ ပစ္စည်းတွေ လက်ရှိ စစ်ပစ္စည်းတွေ လာချသွားတာရှိတယ်။ တိုက်ပွဲဖြစ်တာကတော့ နမ့်ဆန်မြို့နယ်ကုန်းသာကျေးရွာမှာပါ။

မေး။ ။ လက်ရှိ နှစ်ဖက် အထိအခိုက် သေဆုံးမှုအခြေအနေကရော။

ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ နှစ်ဖက် ထိခိုက်မှုရှိနိုင်တယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက ဌာနချုပ်မဟုတ်ပါဘူး။ ကုန်းသာကျေးရွာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ လူလာချသွားတယ်။ လူတွေ လာချပြီး အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရွာထဲမှာ ရှိနေတာ့ တိုက်ပွဲဖြစ်တယ်။

မေး။ ။ အခု စစ်တပ်ကို TNLA ဘက်က ပတ်ပတ်လည် ၀ိုင်းပြီး ပိတ်ဆို့ထားနိုင်တယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။ အဲဒီလိုမျိုးပတ်ပတ်လည်တော့မဟုတ်ဘူး။ ရွာထဲမှာ TNLA တပ်သားတွေ ရှိတယ်။ သူတို့က လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွာထဲကို ချတယ်။ ချပြီးတာနဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပေါ့။

မေး။ ။ ငြိမ်းချမ်းရေးအလားအလာ က ဘယ်လိုရှိမလဲ။

ဖြေ။ ။ သူတို့ လူတွေ လာချလို့ တိုက်ပွဲဖြစ်နေတာလေ။ တိုက်ပွဲအလားအလာ က ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။

မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့ရော လက်ရှိ စစ်တပ်က TNLA ကို ထိုးစစ်ဆင်လာတဲ့အပေါ် ဘယ်လိုတုံ့ပြန်သွားမလဲ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးတာရှိလား။

ဖြေ။ ။ အဲဒါတော့မရှိပါဘူး။ khit thit

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ကောက်ကြမ်းဆန်များ စျေးနှိမ်ပြီး ဖိအားပေးဝယ်ယူနေ

ဆန်စပါး အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီနှစ်ထွက်ရှိလာတဲ့ ကောက်ကြမ်းစပါးကို အာဏာသိမ်းစစ်ကောင်စီက လိုအပ်တာထက် ပိုမိုဝယ်ယူစုဆောင်းနေပြီး လက်ရှိ ကာလပေါက်စျေးထက် ထက်ဝက် ချိုးနှိမ်ကာ လယ်သမားတွေဆီကနေ မဖြစ်မနေ ဖိအားပေး ဝယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ပြင်ပဈေးကွက်မှာ ကောက်ကြမ်းဆန်စပါးစျေးက တင်း ၁၀၀ ကို ကျပ်ငွေ ၁၃ သိန်းဝန်းကျင် ဖြစ်ပြီး စပါးစိုက်ခင်း ၁ ဧကကို ထွက်နှုန်း တင်း ၈၀ ထွက်ကာ စပါးစိုက် ၁ ဧကကို စိုက်ပျိုး ကုန်ကျစရိတ်ငွေ ၃ သိန်းကျော် ရှိပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီပေးတဲ့ဈေးနှုန်းက ကောက်ကြမ်းစပါးတင်း ၁၀၀ ကို ၅ သိန်း ၈ သောင်းသာ ပေးတာကြောင့် စပါးစိုက်တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားတဦးက “အပြင်မှာ စပါးစျေးက ၂ ဆလောက်ရှိတယ်။ အပြင်မှာ ဆန်ကြမ်းစပါးစျေးက ၁၃ သိန်းလောက် ရှိတယ်။ သူတို့ပေးတာက ၅ သိန်း ၈ သောင်းဝန်းကျင်၊ ၆ သိန်းပဲထားပါ။ ခေါက်ချိုးလောက် လျော့နေတော့ လယ်သမားက မရောင်းချင်ဘူး။ မရောင်းရင်ရလားဆိုတော့ အခုက စစ်တပ် အုပ်ချုပ်တဲ့ ခေတ်လေ။ မရောင်းရင် လယ်သိမ်းမှာပေါ့။ တနည်းနည်း နှောင့်ယှက်မှာပေါ့။ အဲ့တော့ လယ်သမားက သူတို့ရှိတဲ့ စပါးကို မဖြစ်မနေ ရောင်းရမှာပဲ။ မရောင်းရင် ဟိုးမဆလခေတ် တာဝန်ကျေ စပါး ၁၀ တင်းချပေးတာထက် အခြေအနေ ဆိုးသွားတာပဲ ရှိတယ်” လို့‌ ပြောပါတယ်။ 

စစ်ကောင်စီက ဆန်ကြမ်းကိုသာ ဝယ်ယူပြီး ဆန်ချောကိုတော့ ဈေးနှုန်းကြီးတာကြောင့် မဝယ်ဘူးလို့ ဆိုပါတယ်။

“ဘာကြောင့် သူတို့ ဒီလိုလုပ်ရလဲဆိုတာ အခြားတဖက်က ခန့်မှန်းရတာတော့ လာမယ့် အခြေအနေ၊ နိုင်ငံရေး စစ်ရေး အခြေအနေအရ ကောက် ကြမ်းစပါးဆိုတာ အခြေခံလူတန်းစားတွေ စားတာ။ ဆန်ချောတွေကို သူတို့ မဝယ်ဘူး။ ဆန်ချောဆိုတာ ကောက်ချောအုပ်စု (ပေါ်ဆန်းအုပ်စုဝင်) မဝယ်ဘူး။ ဒါက အထက်တန်းလွှာ လူတန်းစား စားတာ။ စျေးနှုန်းလည်း ကြီးတဲ့အတွက် သူတို့ မဝယ်ဘူး။ အဓိကကတော့ တော်လှန်ရေး အင်အားစုအတွက် ကောက်ကြမ်းဆန်စပါးက ရိက္ခာစီးဆင်းသွားမှာစိုးတို့အတွက် သူက ဒါကို ဖိအားပေးပြီး လိုတာထက် ပိုပြီး ဖြည့်စွက်ဝယ်တာ ဖြစ်တယ်။  ဒီလို လယ်သမားရဲ့ လယ်ကထွက်တဲ့ စပါးရဲ့ ၆၅ ရာခိုင်နှုန်းလောက်ထိ ဝယ်တာ အရင်က မရှိခဲ့ဖူးဘူး။ အဲ့လို ဖိအားပေး ဝယ်တာလည်း မရှိခဲ့ဘူး။” 

တောင်သူတွေဟာ စပါးထွက်နှုန်း ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီဆီ မဖြစ်မနေ ရောင်းချပေးရမှာဖြစ်ပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ ကာ လပေါက်ဈေးနဲ့ ရောင်းချခွင့်ရမယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ 

အဆိုပါ လယ်သမားက “လယ်သမားက ဘယ်ရောင်းချင်မလဲ။ ထွက်တဲ့စပါးကို လွတ်လွတ်လပ်လပ်မှ မရောင်းရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တပ်၊ စစ်တပ် မိသားစုနဲ့ တပ်ထဲက ရဲဘော်တပ်သားတွေအတွက် ရိက္ခာအနေနဲ့ ဆန်ကြမ်း (ကောက်ကြမ်းစပါး) ကို တနှစ်စာ ကြိုတင် ဝယ်ယူလေ့ရှိတဲ့အပြင်  မိုးစပါးပေါ်ချိန်က စလို့ ဆန်စပါး ကုန်သည်တွေဆီကနေ ကြိုတင်ငွေပေး ဝယ်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ စစ်ကောင်စီဟာ ကောက်ကြမ်းဆန်စပါးကို လယ်သမားတွေဆီက တိုက်ရိုက် ဖိအားပေး ဝယ်တာမျိုး မဟုတ်ပေမယ့် ကုန် သည် ပွဲစားတွေ၊ အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေး ဝယ်ယူနေတာ ဖြစ်ပါတယ်။ 

လက်ရှိ ဧရာဝတီတိုင်းက ဆန်စပါးစျေးပေါက်စျေးဟာ ကောက်ကြမ်းစပါး တင်း ၁၀၀ ကို ငွေကျပ် ၁၃ သိန်း၊ ကောက်ချောစပါး တင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်း ၄ သောင်း၊ ရွှေသွယ်စပါး တင်း ၁၀၀ ကို ငွေကျပ် ၁၄ သိန်း အသီးသီးရှိတယ်လို့ ပုသိမ်မြို့ ဆန်စပါးရောင်းဝယ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့မှ ဆန်စပါး ရောင်းဝယ်သူတဦးက “ဆန်စျေးအနေနဲ့က ဆင်းသုခ၊ မနေသုခ မျိုးပွားတအိတ်ကို ငွေကျပ် ၄ သောင်း ၃ ထောင် ပေါက်တယ်။၊ ပေါ်ဆန်းယဥ် တအိတ်ကို ၅ သောင်း ၃ ထောင်၊ ဧရာဝတီပေါ်ဆန်းတအိတ် ၆ သောင်းခွဲအထိ ပေါက်စျေး ရှိနေတယ်” လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ ရိတ်သိမ်းချိန် နောက်ကျတာ၊ ရာသီဥတု မိုးမမှန်တာတွေကြောင့် စပါးခင်းတွေ ပျက်စီးပြီး စပါးစိုက် တောင်သူတွေ အရှုံးပေါ်ခဲ့ပါ တယ်။ ဒါ့အပြင် ပြင်ပမှာ ဆန်စျေး အဆမတန် မြင့်တက် နေပေမယ့် စစ်ကောင်စီရဲ့ အရန်ဆန် ကြိုတင် ဝယ်ယူမှုနှုန်း မြင့်မားနေတာကြောင့်လည်း စပါးစိုက် တောင်သူတွေ အရှုံးပေါ်နေရပါတယ်။ DVB

« Older Entries