Monthly Archives: Dec 2022

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွပ်စွဲထားသည့် ရဟတ်ယာဉ်ကိစ္စများ လုပ်ထုံးလုပ် နည်းနှင့်အညီ လုပ်ဆောင်ခဲ့ဟု ဒုသမ္မတထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အဂတိဖြင့် စွပ်စွဲထားသည့် ရဟတ်ယာဥ် ဝယ်ယူ၊ငှားရမ်းမှုများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုံးချိန်းတွင် လာရောက်သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်ပြီး ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုများကို အဆိုပါကော်မတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခုအမှု ငါးမှုတွင်သာ ခံပြသက်သေအချို့ကို တင်သွင်းထားခြင်းဖြစ်သည်။ လက်ရှိတွင် NLD အစိုးရလက်ထက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ AMAS ရဟတ် ယာဉ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့က လာရောက်သက်သေထွက်ဆိုခဲ့ပြီးဖြစ်သည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်က တင်သွင်းသည့် ခံပြသက်သေ ဦးဟင်နရီဗန်ထီးယူကို ရဟတ်ယာဉ်အဂတိအမှု ငါးမှုတွင် အမှုသုံးမှုအတွက် စစ်ဆေးပြီးစီးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ အမှုငါးမှုမှာ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ယူခြင်းတို့တွင် အဂတိလိုက်စားသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရာရှိနှစ်ဦးက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကလည်း ထွက်ဆိုထား​ကြသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်အနေဖြင့် အမှုသုံးမှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။ mizzima

တရုတ်ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု အ ကျိုးဖြစ်ထွန်းအောင်မြင်စေမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌပြော

တရုတ်အစိုးရပိုင် Bank of China (Hong Kong) နဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းပြီး အောင်မြင်မှုတွေ ရရှိစေလိမ့်မယ်လို့  စစ်ကောင်စီလက်အောက်ခံ  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

Bank of China (Hong Kong)နဲ့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့  Lotte Hotel ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာပြောကြားခဲ့တာပါ။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တရုတ်အစိုးရပိုင် Bank of China ဘဏ်အနေနဲ့ မြန်မာဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သာမက ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ပံ့ပိုးလုပ်ဆောင်ပေးနေတာတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်တည်တံစေဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းကာ အောင်မြင်မှုတွေ ရရှိစေမယ်လို့ပြောဆိုခဲ့တာပါ။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်ကလည်း မြန်မာနိုင်ငံဟာ အသွင်းကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ကာလမှာ ရှိနေပြီး နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး တိုးတက်မှုအတွက် လူကောင်းတွေနဲ့ ထူးချွန်သူတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်အခြေအနေမှာတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်အစိုးရပိုင် Bank of China တို့ရဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ သုတွေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ကို ဒဏ်ခတ် ပိတ်ဆို့ထားကြတာလေ။ ဒါကြောင့်ပဲ စစ်ကောင်စီက စီးပွားရေးအရ အကျပ်အတည်းတွေ ရှိလာတော့ ထုံးစံအတိုင်း သူတို့က ထွက်ပေါက် ရှာကြတာပါ။ ဒီနေရာမှာ တခြားနိုင်ငံတွေနဲ့ လုပ်လို့ မရတဲ့အခါ သူတို့နုဲ့တွဲလုပ်လို့ရတဲ့ တရုတ်နဲ့ ပဲဖြစ်ဖြစ် ရုရှားနဲ့ပဲဖြစ်ဖြစ် ဒါမျိုးနဲ့ သူတို့ တွဲလုပ်ပြီး ထွက်ပေါက်ရှာတာပေါ့။ နိုင်ငံတကာကတော့ ထုံးစံအတိုင်းပဲလေ။ နိုင်ငံတကာဆိုတာ အများစုပေါ့နော်၊ သူတို့နဲ့ တွဲမလုပ်ချင်လို့ စီးပွားရေးတောင် ပိတ်ဆို့မှုတွေ လုပ်ထားကြတာ။ ဒါပေမဲ့ အာဏာရှင်နဲ့ပေါင်းပြီး ရိုက်တဲ့ နိုင်ငံတွေကတော့ ရှိစမြဲပဲလေ။ အဲ့လိုတိုင်းပြည်တွေကတော့ သူတို့နဲ့ ချိတ်ဆက်ပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ကြမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ကုန်သွယ်မှုမှာ ပေးချေရတဲ့ အမေရိကန် ဒေါ်လာငွေကြေးကို လျှော့ချအသုံးပြုနိုင်ဖို့အတွက် နည်းလမ်းရှာနေပေမဲ့ ပြဿနာက လွယ်ကူတဲ့ ဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။

ကုန်သွယ်မှုနဲ့ငွေကြေးဆိုင်ရာလေ့လာသူ သုတေသီတဦးက “တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ကို သုံးမယ်။ ထိုင်းနဲ့ နယ်စပ်ကုန် သွယ်ရေးမှာ ထိုင်းဘတ် ကိုသုံးမယ်ပေါ့။ အိုကေ ရတယ် ကောင်းပြီ။ ဒါပေမဲ့ ပြဿနာက အဲဒီနိုင်ငံတွေ ဟာ နိုင်ငံတကာနဲ့ ကုန်သွယ်မှုလုပ်တဲ့အခါ ဘယ်ငွေကြေးကို အဓိက သုံးနေရလဲဆိုတာ သိဖို့ လိုပါတယ်။ ပြီးတော့ ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲဆိုတာ သိဖို့ လိုပါတယ်။ ဒီကနေ့အထိ ဒေါ်လာကို ဘယ်ငွေကြေးမှ မယှဉ်နိုင်သေးပါဘူး။ ဒီတော့ စစ်ကောင်စီက နိုင်ငံတကာမှာလက်ခံပြီး သုံးစွဲနေတဲ့ ငွေ ကြေးကို မသုံးစွဲဘဲနဲ့ ကိုယ်သုံးချင်တဲ့ ငွေကြေးနဲ့ သုံးမယ် ဆိုရင် ကုန်သွယ်ရေးမှာ နိုင်ငံတကာနဲ့ အပေးအယူ လုပ်လို့မရပါဘူး။ ဆိုတော့ ဒီပြ ဿနာကို သူ ဘယ်လောက်အထိ ကုစားနိုင်မလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်အစိုးရပိုင် Bank of China ဘဏ်ဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဘဏ်လုပ်ငန်းလိုင်စင် ရရှိခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါဘဏ်ဟာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုမှာ ယွမ် နဲ့ ကျပ် တိုက်ရိုက်အသုံးပြုကာ ငွေပေးငွေယူကိစ္စတွေကို မြန်မာ့စီးပွားရးဘဏ်နဲ့ ချိတ်ဆက် အသုံးပြုခွင့် ရရှိလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ  ရုရှားနိုင်ငံဗဟိုဘဏ်နဲ့ နှစ်နိုင်ငံ ဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နေပြည်တော်မှာ ဒီဇင်ဘာ ၅ရက် က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန် သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားနိုင်ငံသုံး ရူဘယ်နဲ့ ကျပ်ငွေအား တိုက်ရိုက်အသုံးပြုနိုင်ဖို့ စီစဉ်နေ ပါတယ်။ DVB

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်အစပ်တွင် တည်ရှိသည့် ကိုးတောင်ဘို့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံး မှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ရက် နံနက် ၁ နာရီ ခန့်က ကိုးတောင်ဘို့ရွာရှိ စစ်ကောင်စီတပ်များ အထိုင်စခန်းချထားသည့်နေရာတွင် အပြန်အလှန်ပစ်ခတ်မှုများ သုံးနာရီကြာဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် အကြမ်း ဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များရောက်ရှိလာ၍ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီ စခန်း(စစ်ကောင်စီတပ်စခန်း)မှာ အင်အားနည်းနေတာသိလို့ ဝင်တိုက်ကြတာ။ စခန်းက မသိမ်းနိုင်ဘူး။ လေယာဉ်နဲ့က မပစ်ဘူး လာဝဲရုံပဲ။ စစ်ကောင်စီတပ်သားတွေက အဲ့ဒီမှာ အသေအချာကို အထိုင်ချထားတာ။ အရင်တစ်ပတ်ကလည်း ကိုးတောင်ဘို့မှာ ကတုတ်ကျင်းတွေ ဘန်ကာတွေဆောက်နေတာ” ဟု PDF ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သုံးနာရီနီးပါးကြာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်သားများလည်း အများအပြားထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးသည် အသက်၂၀ကျော် အရွယ် လူငယ်များဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် ရဲ ဘော်တစ်ဦး ကျဆုံးခဲ့ကာ ကျန်ရဲဘော်တစ်ဦးမှာမူ ပြင်းထန် ဒဏ်ရာရ၍ ယနေ့မနက်ပိုင်းတွင် ထပ်မံကျဆုံးခဲ့ သည်ဟု PDF ရဲဘော်က ဆို သည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ဒေသခံများ ညတွင်းချင်း စစ်ဘေး‌ရှောင်နေကြရပြီး စစ်ရှောင်များ၏ အခြေ အနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်၍ ၁၁ ရက်နေ့အထိ သုံးရက်အတွင်း ကောလင်းမြို့နယ်ရှိ ကျောက်ပြင်သာတိုက်နယ်တွင်းမှ ဆီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ညောင်ကုန်း၊ ပေပင်ချောင်းနှင့် ကုက္ကိုကုန်း ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့၍ ဒေသခံများ၏ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။mizzima

လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ရာရှေ့ ဗုံး ၂ လုံးပေါက်

ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာရှိ ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့  ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပုသိမ်လမ်းမဘေးရှိ  ရွှေကမ်းသာယာအိမ်ရာရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ရောက်နေတယ်လို့ ကျေး ရွာနေသူတစ်ဦးက ပြောပါတယ်။

“ဗုံးက ငါးမိနစ် တခါပေါက်တာ။ စစ်သားတွေရော ရဲတွေရောက်လာတာ။ အခု စစ်ဆေးမှုတွေ လုပ်နေတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိဘူး။”

ရွှေကမ်းသာယာအိမ်ရာရှေ့မှာ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိလို့ စစ်တပ်က ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက အတည်ပြု ပြောပါတယ်။

“မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ တွေ့လို့ စစ်တပ်က ဖောက်ခွဲပစ်တာပါ ဒဏ်ရာရတဲ့သူ  မရှိပါဘူး။”

လတ်တလော  ရန်ကုန်-ပုသိမ် ကားလမ်းမမှာ  စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာတဲ့ ကားတွေကို  စစ်ဆေးနေပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ DVB

ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်မီးရှို့၊ နေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးပြီး အဖိုးအို ၁ ဦး မီး လောင်သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင်းဆုံးရှုံးခဲ့ပြီး အဖိုးအို တစ်ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မဲအိုးရွာမှာ အဖိုးအိုတစ်ဦးမီးလောင်တဲ့ အထဲပါသွားတယ်လို့ အကြမ်းဖျင်းသိထားရတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိတာ ၁၀ အိမ်လောက်ပဲကျန်တယ်။ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

မဲအိုးကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကောင်စီစစ်ကြောင်းသည် “ PDF ကို များများအားပေး စစ်ဘေးသင့်လေ ပြာများများကျလေ ရွာမရှိတဲ့တိုင်းဒေသကြီးမှာနေရမည်” ဆိုသည့် ခြိမ်းခြောက်ထားသည့် စာတန်းတစ်ခု ကို ရွာအတွင်းရှိ၀ှိုက်ဘုတ်တစ်ခုပေါ်တွင်ရေးသားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်မှ သပြေသာကျေးရွာ၊ ညောင်လှကျေးရွာများကိုလည်း မီးရှို့ ဖျက်စီးခဲ့၍ နေအိမ် ၂၀၀ နီးပါး မီး လောင်ဆုံးရှုံးထားကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်ထား သည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေရာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေပေါင်းထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ mizzima

ကလေးနှင့် ကောလင်းတွင် စစ်တပ်က နေအိမ်များကို မီးရှို့၊ မုံရွာကိုလာသည့် စစ်ရေယာဉ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နန်းချောင်းကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသလို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးမြို့ အနောက်မြောက်ပိုင်း‌‌ဒေသ တာဟန်း-ရာဇဂြိုဟ် လမ်းမကြီးပေါ်ကို ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက် ၇ နာရီလောက်က စစ်ကြောင်းထိုးလာစဉ် ဒေသခံကာကွယ်ရေးတပ်‌‌တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံထံကသိရပါတယ်။

တိုက်ပွဲက မနက်အစောပိုင်းကစ ဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေက နန်းချောင်းရွာက ဒေသခံ‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ လက်ပံချောင်း၊ ပြည်တော်သာနဲ့ နန်းချောင်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုချိန်ထိ မီးကလောင်နေဆဲပါ။‌ ခန့်မှန်းခြေ ၁၀ လုံးလောက်တော့ ရှိတော့မယ်။ စစ်ကြောင်းပြန်ထွက်မှ မီးရှို့ခံရတဲ့ အရေအတွက်ကို သိနိုင်မှာ။ ဒေသခံတွေကတော့ ပြေးနေကြရတာပါပဲ။ ရွာထဲမှာလည်း တချို့တလေ ပိတ်မိနေတယ်လို့ ပြောကြတယ်။ သေချာတော့မသိဘူး။”

စစ်ရေးအခြေအနေကြောင့် ကလေးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေရော ကားဆိုင်ကယ်တွေစီးပြီး သေနတ်တွေနဲ့ ခြေရှုပ်နေကြတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် တိုက်ပွဲတွင်းအခြေအနေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကုက္ကိုကျွန်းရွာ၊ ပေပင်ချောင်ရွာ၊ ညောင်ကုန်း ရွာတွေကို ဒီဇင်ဘာ ၁၁ ရက်မှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် ​​ဒေသခံရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ညနေကျတော့ မီးရှို့တဲ့ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဖုန်းလိုင်းတွေလည်း မကောင်းတော့ဘူး။ ရွာသားတွေကတော့ ပြေးနေရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ဇီးဖြူကုန်းနဲ့ လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့တာကြောင့် ဇီးဖြူကုန်းရွာက နေအိမ် ၄၅ လုံးနဲ့ လျှော်ဖြူကုန်းရွာက နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ထဲကို စစ်တပ်က ဒီဇင်ဘာ ၉ ရက်က စတင် စစ်ကြောင်းထိုးလာတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး ဆေးဝါးနဲ့ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာကို ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်တစီးကို ဒီဇင်ဘာ ၁၁ ရက် မနက် ၈ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Monywa Peregrine People’s Defence Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရေယာဉ်ပေါ်ပါတဲ့ စစ်တပ်ဟာ ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆားလင်းကြီးမြို့နယ်ထဲက ထန်းစဥ်၊ ဆားထုံး၊ ရွာသစ်၊ လက်ပံကျွန်း၊ တောကျောင်း ရွာတွေကို စစ်ကြောင်းထိုးကာ မီးရှို့ခဲ့သလို ရွာသားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

တဖက်ပွင့်မိုင်း ၆ လုံးနဲ့ နေရာ ၂ ခုကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ပြန်ပစ်ခဲ့တာကြောင့် PDF ပူးပေါင်းရဲဘော်တွေရဲ့ လုံခြုံရေးအရ ဆုတ်ခွာခဲ့ရပြီး ထိခိုက်ကျဆုံးမှုကို စုံစမ်းနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ DVB

ဝက်လက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ PDF အယောင်ဆောင်၍ အခွန် ကောက်ခံ

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဝက်လက်မြို့နယ် ၊ စိုင်နိုင်ကွေ့ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF အ ယောင်ဆောင်၍ ခရီးသွားပြည်သူများထံမှ အခွန်ကောက်ခံနေကြောင်း စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး အဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့မှ စတင်၍ စိုင်နိုင်ကွေ့ နားတွင် အခွန်ကောက်ယူနေခြင်းဖြစ်ပြီး ၎င်းတို့ အခွန် ကောက်ရာနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလံကိုပါ စိုက်ထူထားကြောင်း စစ်ကိုင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆို သည်။

“ရွှေဘိုဘက်ကလာရင် စိုင်နိုင်ကွေ့ ကွေ့ခါနီး ညာဘက်အိမ်ရှေ့မှာပါ အမြဲလိုလို တွေ့ရပါတယ်။ စကစ တပ်သားတွေ အင်အားက ၁၀ ယောက် ၁၅ ယောက် လောက် ရှိမယ်ထင်ပါတယ်။ တောင်ခံတဲ့ ပမာဏတော့မသိရဘူး” ဟု စစ်ကိုင်းသတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်း ထိုး၍ မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို အတင်းအဓ္ဓမ ယူဆောင်ခြင်း နှင့် အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ mizzima

ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညဘက် မူးယစ်သောက်စားပြီး သေ နတ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်တိုင်း၊ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ ဒေသခံ လူမိုက်တွေထံမှာ သောက်စားမူးယစ်ပြီး သေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတ၊ သန်လျင်၊ ကြည့်မြင်တိုင်တဖက်ကမ်း အစရှိတဲ့ မြို့စွန်ကျတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတာ ဝန်ကျနေတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ခံလူမိုက်တွေထံမှာ မူးယစ်သောက်စားပြီး သေနတ်ပစ်ဖောက်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက “တခါပစ်ရင် လေး ငါးချက်လောက် ဆက်တိုက်ပစ်တယ်။ ကိုယ်တွေကတော့ PDF တွေ လာပစ်တာလို့ပဲ ထင်တာ။ သွားလည်းမကြည့်ရဲဘူး။ ညဘက်ဆိုရင် သူတို့ဝင်လာမှာပဲ စိုးရိမ်နေရတာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ညပိုင်းအချိန်တွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခံလူမိုက်တွေဟာ ပြည်သူတွေကို အမြဲရန်မူနေပြီး မထင်ရင် မထင်သလို ရိုက်နှက်ဖမ်းဆီးကာ ငွေညှစ်တာတွေလည်း ပြုလုပ်နေတာကြောင့် ရန်ကုန်မှာ ည ၉ နာရီနောက်ပိုင်းဆိုရင် လူသွားလူလာ မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီနဲ့ ပနံသင့်ပြီး လာဘ်ပေးဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့က ဘားတွေနဲ့ ကလပ်တွေကတော့ ညမထွက်ရအချိန်ထက် ကျော်လွန်ဖွင့်လှစ်နေပြီး အဲ့ဒီကလပ်တွေနဲ့ ဘားတွေကိုတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးပေးနေရတယ်လို့ သိရပါတယ်။DVB

ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီး၊ ပြည်သူ (၅) ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၅)ဦးကို သတ်ဖြတ်သွားကြောင်း ကောလင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ အထိုင်ချတပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နှင့် ချပ် သင်းဒေသ၌ အထိုင်ချတပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ် နှစ်ခုသည် ဒီဇင်ဘာလ ၉ ရက်နေ့၌ ကောလင်းမြို့နယ်အတွင်းဝင် ရောက်ကာ ကုက္ကိုကုန်းကျေးရွာမှ နေအိမ် (၈၇)လုံး၊ ပေပင် ချောင်ကျေးရွာမှ နေအိမ် (၃၉)လုံး၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၂၉)လုံး၊ ဇီးဖြူကုန်းကျေးရွာမှ နေအိမ် (၄၅)လုံးနှင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် (၂၄)လုံး စုစုပေါင်း နေအိမ် (၂၂၄)လုံးကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ် သည်။

“ပေပင်ချောင်ရွာက အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ပစ်သတ်သွားတယ်၊ ဆန်စပါး၊ ကျွဲ၊နွား၊ ဝက်၊ လယ် ယာသုံးပစ္စည်းတွေ ဆုံးရှုံးသွားတာ အများအပြားပဲ၊ ဒီနေ့ညနေ ၄ နာရီလောက်မှာ ကိုးတောင်ဘို့ တပ်က စခန်း ပြန်ဝင်သွားပေမယ့် ချပ်သင်းတပ်က ကန့်ဘလူ၊ အောက်တဲရွာအရှေ့ဘက် မီတာ တစ်ထောင် လောက်မှာရှိနေသေးတယ်”ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ပြော သည်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံ နက် အစောပိုင်း ၁ နာရီခန့်က Kotaungbo Revolution KTB-R အပါအဝင်ဒေသခံ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ MI 35 ရဟတ်ယာဉ် နှစ်စင်းဖြင့် ပစ်ကူပေးကာ တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-R ထံက သိရသည်။ khit thit

« Older Entries