Monthly Archives: Dec 2022

တောင်ငူမြို့အဝင် စစ်ဆေးရေးဂိတ်တွင် မိုင်းပေါက်ကွဲ၊ ရဲအရာရှိအပါအဝင် ၄ ဦးခန့် ဒဏ်ရာရဟုဆို

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောင်ငူမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာ ရီ ၁၀ မိနစ်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲများက ခရီးသွားပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆိုင်ကယ်နှင့် ကားများကိုဖမ်းဆီးကာ မတရားငွေကြေးတောင်းယူခြင်းများပြုလုပ်နေသည့်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု Tiger One တပ်ဖွဲ့ တာဝန်ရှိသူ စောမူခကဆိုသည်။

“ကျွန်တော်တို့အဖွဲ့က အဝေးထိန်းမိုင်းအကြီးတစ်လုံးနဲ့ ရန်ကုန်ကနေတောင်ငူဘက်ကိုဝင်တဲ့ မြို့ဝင်ဂိတ် မှာ ဖောက်ခွဲခဲ့တာပါ။ နယ်မြေခံတွေသတင်းပေးမှုအရ ဘဲဥ(ယာဥ်ထိန်းရဲ)နဲ့ ရဲအရာရှိပိုင်း လေးယောက် ထိတယ်လို့ ကြားတယ်။ မိုင်းက နှစ်လုံးထောင်ခဲ့တာဗျ။ ပြည်သူတွေရှိနေလို့ တစ်လုံးပဲ ဖောက်ခွဲခဲ့ရတယ်။ ပြည်သူတွေ အနေနဲ့ စစ်ခွေး (စစ်ကောင်စီတပ်) တွေနဲ့ ဝေးဝေးနေကြပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တင်အချို့ ထိခိုက်သွားသော်လည်း သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း Tiger One PDF တပ်ဖွဲ့တာဝန်ခံက ပြောသည်။

ပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်အကြာတွင် လူနာတင်ကားများရောက်ရှိလာကြောင်း၊ စစ်ကောင်စီ တပ်သားများနှင့် ရဲများက စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

Tiger One ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် လွတ်မြောက် နယ်မြေများတွင် စစ်သင်တန်းတက်ရောက်ထားသည့် လူငယ်များစုပေါင်းကာဖွဲ့စည်းထားသည့် အဖွဲ့ဖြစ် သည်။

လက်ရှိတွင် လက်နက်ခဲယမ်းများဝယ်ယူရန် အခက်အခဲများရှိနေကြောင်း စောမူခကပြောသည်။ ထို့ကြောင့် ယခုထပ်ပိုမို၍ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် ပြည်သူများမှကူညီစေချင်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

ရန်ကုန်-မော်လမြိုင် ရထားမိုင်းဆွဲခံရပြီး ရ ထားခရီးစဉ်များ ရပ်နား

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ ပြီးနောက် ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း ခရီးသွားဒေသခံများနှင့် မြန်မာ့မီးရထားရုံးတို့ထံမှ သိရသည်။

သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲခန့်က ကုန်တင်ရထား မိုင်းဆွဲခံရပြီး ရထားလမ်းပိုင်းပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုင်းဆွဲခံရတာက ကုန်ရထားဆိုတော့ လူ ထိတာတော့မရှိဘူး။ ရထားနဲ့ လမ်းကတော့ ပျက်စီးသွားတယ်။ ပြင်နေကြလို့ ရထားခရီးစဉ်တွေ ရပ်ထားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရထားလမ်းပိုင်း ပြုပြင်နေရသည့်အတွက် ရန်ကုန် – မော်လမြိုင် အစုန်အဆန် ညရထားနှင့် နေ့ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း စုံစမ်းသိရှိရသည်။

ပျက်ဆီးသွားသော ရထားလမ်းပိုင်းကို ပြင်ဆင်၍ မပြီးသေးကြောင်း မြန်မာ့မီးရထားက ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည်။ လမ်းပိုင်းအမြန်ဆုံး ဖွင့်လှစ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ဆိုသည်။

ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များ ထွက်ခွာနိုင်ခြင်း မရှိသည့်အတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည် များအား လက်မှတ်ခများ ပြန်လည်အမ်းပေးခဲ့ကြောင်း ခရီးသွားတို့ထံမှ သိရသည်။

“ရထားမထွက်ဖြစ်လို့ လက်မှတ်ခတွေ ပြန်အမ်းပေးတယ်။ ပြန်ပြေးဆွဲမယ့်နေ့ကို ပြန်ကြေညာပေးမယ်ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတုန်းကလည်း မော်လမြိုင်-ရန်ကုန်-မော်လမြိုင် အစုန်ရထား မိုင်းဆွဲတိုက်ခံရသည့်ဖြစ်စဉ် ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်၊ ရထားလမ်းမိုင်းခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေ သည်။ khit thit

ဖာပွန်ခရိုင်တွင် ဒေသခံပြည်သူများ၏ စပါး ကျီ ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ-၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ ခေါပုပ်ကျေးရွာအုပ်စု၊ လာဂေါ်ဒဲကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံတွေရဲ့ ဝမ်းစာစုဆောင်းထားတဲ့ စပါးကျီ ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စပါးကျီ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စပါးတင်းပေါင်း ၂၇၀ မီးလောင်ပျက်စီးခဲ့သလို ပြည်သူတွေရဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆိုလာပြားတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအတွင်းနဲ့ ဒေသခံပြည်သူတွေရဲ့ လုပ်ငန်းခွင်တွေအတွင်းကို စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နဲ့ မြေပြင်ကနေ လက်နက်ကြီး လက်နက်ငယ် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေကိုပါ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလကစပြီး ဒီနေ့အထိ တလကျော်ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးသွားခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာလမှ ဒီဇင်ဘာလဆန်းပိုင်းအထိ ကေအန်ယူ တပ်မဟာ-၅ နယ်မြေအတွင်း နယ်မြေကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်နဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ၁၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၈၅ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၁၁ ဦးကျဆုံးပြီး ၃၈ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်တို့ တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သား ၃ဦးသေပြီး ၂ဦး ပြင်းထန်ဒဏ်ရာရဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မင်းတပ်မြို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF မင်းတပ်) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ ဒီဇင်ဘာ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့၏ အနောက်ဖက် ငါးမိုင် ငါးဖာလုံတွင် အင်အား၂၀ခန့်ဖြင့်ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ နေ့လယ် ၂နာရီ ၃၀မိနစ်အချိန်တွင် CDF-မင်းတပ်မှ အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” မင်းတပ် အနောက်ဖက် ငါးမိုင် ငါးဖာလုံတွင် CDF-Mindat မှ အနီးကပ်တိုက်ခိုက်ခဲ့ပြီး စကစဘက်မှသုံးဦးသေ၊ နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရှိရသည်။ စကစဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ CDF-Mindat ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်။” ဟု CDF-Mindat သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ခမရ(၂၇၄) တပ်ရင်းမှ လက် နက်ကြီးများဖြင့် ကျေးရွာဖက်ခြမ်းသို့ တောက်လျှောက်ပစ်ခတ်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကလည်း PDF ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်များသည် ပလုံတွီရွာအား ဝင်စီး၍ ရွာခံအများစုနှင့် စစ်ဘေးရှောင် အယောက် ၄၀ ခန့်အား ဓားစားခံ အဖြစ်ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားပြီး ယခုဒီဇင်ဘာလလယ်တွင် နှစ်ဖက်တပ်များထိတွေ့မှု ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ mizzima

KNU တပ်မဟာ ၅ နယ်မြေနှင့် ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်သား ၉ ဦး သေဆုံး

KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် ဘော့ကလူတောင်ခြေ၊ ဘီးလင်းချောင်းအနီးတိုက်ပွဲနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတိုက်ပွဲများတွင် အကြမ်းဖက်စစ်သား ၉ ဦး‌ သေ ဆုံးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းကမ်းနံဘေး၌ ဒီဇင် ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က အကြမ်းဖက်စစ်တပ်နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ- မူတြော်သ တင်းစဉ်က ယနေ့ ထုတ် ပြန် သည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခန့်မှ ၁၁ နာရီခန့်အထိ လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ထော်မူပလယ်မဲရှိ အ ကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို KNLA တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ကာ စခန်းတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၂၂ မိနစ် က လည်း KNLA တပ်ဖွဲ့ဝင်များက ဖာပွန်-ကမမောင်းကားလမ်းပေါ်ရှိ ဆင်ဆွယ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ညောင်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ‌ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yaw Defence Force – Kyaw ထံက သိရသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် Yaw Defence Force – Kyaw တပ်ဖွဲ့၊ ညောင်းရင်း ပအဖ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ ၁ နာရီခွဲခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာ ကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

NUG အစိုးရပြောရေးဆိုခွင့်ရှိသူများ ခန့်အပ်တာဝန်ပေး

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဦးကျော်ဇော်နဲ့ ဦးနေဘုန်းလတ်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း  NUG အစိုးရ  ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက  ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ပြောရေးဆိုခွင့်ရှိသူတွေအဖြစ်  အရင်ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်တွေ များ ပြားတာကြောင့်  ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နဲ့ ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့နှစ်ဦးကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတရဲ့ ဆောင်ရွက်ချက်တွေ၊ အစိုးရရဲ့မူဝါဒတွေနဲ့ သမ္မတရုံးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဦးစားပေး ထုတ်ဖော် ပြောကြားရမှာဖြစ်ပြီး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင် ရွက်ချက်တွေ၊ အစိုးရရဲ့မူဝါဒတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဦးစားပေး ထုတ်ဖော် ပြောကြားရမယ်လို့ ဆိုပါတယ်။

ကျန်တဲ့ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေဟာလည်း ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်တဲ့အကြောင်း အရာတွေအတွက် ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် တည်ရှိပြီးဖြစ်တယ် NUG ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ DVB

ပုသိမ် – မုံရွာ ကားလမ်းဘေး စစ်ကြောင်းထိုးနေသဖြင့် လမ်းဘေးကျေးရွာ ၁၃ရွာမှ ပြည်သူ ၁၂,၀၀၀ ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ၊ မုံရွာ – ပုသိမ် လမ်းမမှာ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးနေသောကြောင့် လမ်းဘေးဝဲယာတွင်ရှိသော ကျေးရွာ ၁၃ရွာမှ ပြည်သူ ၁၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။

ဒီဇင်ဘာ ၁၄ရက် နံနက် ၂နာရီ ၃၀မိနစ်အချိန်စပြီး စစ်ကောင်စီတပ်များ လှုပ်ရှားလာခဲ့သောကြောင့် ဒေသခံ ပြည်သူများသည် ကား ၊ ဆိုင်ကယ် ၊ ထော်လာဂျီ ၊ နွားလှည်း ၊ စက်ဘီး ၊ ခြေကျင်များဖြင့် နိုင်ရာအထုတ်အပိုးများသယ်ဆောင်ကာ ထွက်ပြေးနေကြရတာဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၂ရက်နေ့မှစ၍ မြန်မာဝမ်ပေါင် ကြေးစင်ထုတ်လုပ်ရေးမှ တရုတ်လူမျိုးများ နှစ်သစ်ကူးပြည်တော်ပြန်ရေး လုံခြုံရေးယူရာမှ ၁၃ရက် နှင့် ၁၄ရက်များတွင် အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ ၁၂ရက် ၁၂လ နေ့ ကစပြီး မြန်မာဝမ်ပေါင်ကနေပြီးတော့ တရုတ်တွေ နှစ်သစ်ကူး ပြည်တော်ပြန်ရာမှာ လုံခြုံရေးယူရာကနေစပြီးတော့ စစ်ကောင်စီတပ်တွေဟာ လက်ပံတောင် ကြေးစင်တောင် တစ်ဝိုက်မှာ ဒေသခံပြည်သူများရဲ့ ကျေးရွာတွေကို အခုထိ ဝင်ရောက်မွှေနှောက်နေတာဖြစ်ပါတယ်” ဟု ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီမှ ကိုသက်ဦး က မဇ္စျိမကိုပြောသည်။

စစ်ဘေးရှောင် ၁၂,၀၀၀ ခန့်သည် အရေးပေါ် စားဝတ်နေရေးအခက်အခဲများတွေ့ ကြုံနေရပြီး ရာသီဥတုဒဏ်ကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးအခြေအနေများလည်း စိုးရိမ်ရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး လေထန်ကုန်း (ဒေသအခေါ် အကျိုးကုန်း) ၊ ဖောင်းကားရွာ ၊ ပုသိမ် – မုံရွာလမ်းဘေးဝဲယာ ၊ ဂုဏ်တော ၊ ဒုန်းတော တို့တွင် ဖြန့်ကြက်တပ်စွဲထားလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးသိရသော သတင်းများအရ ယမားတံတား မြောက်ထိပ်နှင့် တောင်ဘက်ထိပ် ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်မွှေ နှောက်လျက်ရှိကြောင်း သိရှိရသည်။mizzima

မတ္တရာတွင် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၁၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေ ဆုံး၊ ဖရူဆိုမြို့နယ်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၁၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံးကြောင်း ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသည့် PDF ရဲဘော် ၄ ဦးကို ဓားစာခံ ပြုလုပ်ကာ အရပ်သား အသွင်ယူပြီး ဆိုင်ကယ် ၁၂ စီးဖြင့် ဆည်တော်ဘောင်ပေါ်သို့ လာရောက်စဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသည့် PDF ရဲဘော် ၄ ဦးမှ ၂ ဦးသည် ထွက်ပြေးလွတ် မြောက်ခဲ့ပြီး ကျန် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပြန်လည် ဖမ်းဆီးသွားကြောင်း သိရသည်။

” စစ်ခွေး ၅ ကောင်ကို အနီးကပ် ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဖမ်းဆီးခံရဲဘော် ၄ ဦးထဲက ၂ ဦး ထွက်ပြေးလွှတ်မြှောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေ အထိအခိုက် မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)မှ ဗိုလ်နတ် ဆိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး(မြေအောက်ဘတော်လှန်ရေးတပ်ဖွဲ့)နှင့် နဂါးညီနောင် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ)မတ္တရာ တို့မှ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PDF ရဲဘော် ၃ ဦးကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့နယ် ဆိတ်သာကျေးရွာ အနီး၌ အရပ်ဝတ်ဖြင့် စစ်သားများက တားဆီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များနှင့်အတူ ပါလာသည့် လက်နက်၊ ခဲယမ်း အများအပြားလည်း သိမ်းဆည်းခံရကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရုံးပင်ကျေးရွာ အနီး စစ်သားများက အရပ်ဝတ်များဖြင့် ထပ်မံစစ်ဆေးစဥ် PDF ရဲဘော် ၁ ဦး ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့၊ လောဘူးဒါးရပ်ရှိ အကြမ်းဖက်စစ်ကောင်စီ ခြေကုပ်စခန်းကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲနေရာယူထားသော စခန်းကို KNDF/ B-04 နှင့် KA ပူးပေါင်းတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း ၄ က ထုတ်ပြန်ထားသည်။khit thit

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက် ခိုက်ခံရ၊ ပုလောမြို့၌ စစ်တပ်က စာလိုက်ကပ် လုံခြုံရေးတင်းကျပ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက Dawei Defense Team (DTT) နဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထားဝယ်အရှေ့တောဒေသက ကျေးရွာတွေမှာ နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူပြီး ထားဝယ်မြို့နယ်၊ ဥယျာဉ်ကြီးရွာဘက်ကို ပြန်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို  အညာဖျားရွာ သုသာန်အနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းနေရာ ၅ ခုနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာသားတွေကို ဖမ်းခေါ်လာပြီး လူသားဒိုင်းလုပ်ထားတာကြောင့် မိုင်း ၂ နေရာသာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်လင်းရေး ပြုလုပ်ရာမှာ စစ်ကောင်စီလက်အောက်ခံ ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ် ကြည်းတပ်တံဆိပ်ပါ ဝတ်စုံတစုံနဲ့ ကျည်ခွံတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းအထိ လက်နက်ငယ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတချို့ ကြားနေရသေးတယ်လို့ ဥယျာဉ်ကြီးရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၅ ရက်ကလည်း ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှာ လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တခုရဲ့ လက်နက်သိမ်းဆည်းရာ နေရာတခုကို တွေ့ရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းသွားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်ကလည်း အညာဖျားရွာနဲ့ ၈ မိုင်ရွာအကြားမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို DDT အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ ဦးသေခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့အပတ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က နံရံကပ်စာတွေ လိုက်လံကပ်ပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြို့ပေါ်နေ ဒေသခံတဦးက “စစ်ကောင်စီက စာကပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက သူတို့ရဲ့စာတွေကို ဘယ်သူတွေမှ အ‌ရေးမလုပ်ကြဘူး။ စိုးရိမ်တာကကျတော့ မြို့ပေါ်မှာ ပစ်ခတ်မှုတွေထပ်ဖြစ်ရင် ဒေသခံတွေထိမှာ စိုးရိမ်ရတယ်။ စကစတွေကနေ ရမ်းသန်းပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးတာတွေကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်‌ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ ပုလောမြို့၊ မြို့နယ်ခန်းမကို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က ပုလောမြို့နဲ့ ပလမြို့ပေါ်မှာ နေ့တိုင်း ကင်းလှည့်တာတွေနဲ့ ကင်းပုန်းဝပ် အမြဲလှုပ်ရှားနေတယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စကစဘက်ကထုတ်တဲ့စာရဲ့ အဓိပ္ပါယ်က ပြည်သူအားလုံး (ကျောင်းတက်နေတဲ့က လေး မိဘတွေအပါအဝင်) ကို ‌ကြောက်အောင် ခြိမ်းခြောက်လိုက်တာလို့ မြင်တယ်။ တိုက်ပွဲဖြစ်တဲ့နေ့တွေဆို တချို့မိဘတွေက တပတ်လောက်အထိ ကလေး ကျောင်းမပို့ကြတော့ဘူး။ အခြေအနေ‌ကောင်းမှ ကျောင်းပြန်ပို့ကြတာ။ ကျောင်းမှာ ကျောင်းသားမရှိတော့ ဘယ်အခြေအနေ ဖြစ်‌နေပါစေ ကျောင်းပို့ရမယ်လို့ စကစတွေက ဖိအားပေး ခြိမ်းခြောက်လိုက်တာ” လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ၊ ဂိတ်တွေနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ဒီဇင်ဘာလအတွင်း‌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုဝင်ဘာလအထိ ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲပေါင်း ၅၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ထားပါတယ်။DVB

« Older Entries