Monthly Archives: Dec 2022

တီးတိန်မြို့အနီးတွင် သေနတ်ပစ်ခတ်မှုဖြစ် ပွား၍ မြို့ပေါ်တွင် တိတ်ဆိတ်နေ

ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့အဝင်ရှိ “ တီးတိန်မြို့က ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ မြို့ပေါ်တွင် စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားကာ ရပ်ကွက်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ရက် မွန်းတည့် ၁၂နာရီ ၄၀မိနစ်မှ စတင်၍ သေနတ်ပစ်ခတ်သံကို ကြားနေရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားသည်ကိုမူ မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်ပစ်ခတ်သံက နာရီဝက်လောက်ထိကြားနေရတယ်။ လက်နက်ကြီးရော လက်နက်ငယ်သံတွေကြားရတယ်။ မြို့တွင်းမှာ ဆိုင်ခန်းတွေ အကုန်ပိတ်တယ်။ လမ်းသွားလမ်းလာ မရှိသလောက်ဘဲ။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ကလေးမြို့ကိုဆင်းမည့်ကားများ သွား၍မရသည့်အပြင် ရိဒ်-ကလေးလမ်း အသုံးပြုသည့် ခရီးသည်တင်ကားများလည်း တီးတိန်မြို့ပေါ်တွင် ပိတ်မိနေကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ဒေသကာကွယ်ရေးအဖွဲ့များအား ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၈ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ အထိ ကလေး – ရိဒ်လမ်းအား ခရီးသွားလာခြင်းမပြုကြရန် Chin National Front (CNF) တံဆိပ်ပါသော အသိပေးထုတ်ပြန်ချက်တစ်ခုသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံံ့နှံ့လာသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တီးတိန်ပြည်သူ့အုပ်ချုပ်ရေးမှ ဒေသခံတော်လှန်ရေးအဖွဲ့ဖြစ်သော PDF-Zoland ၏ ခွင့်ပြုချက်မရှိဘဲ အခြားဒေသမှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ၎င်းတို့ ဒေသအတွင်း စွက်ဖက်နှောင့်ယှက်ခြင်းအား လက်မခံကြောင်းနှင့် တီးတိန်မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်မည့် အကြောင်း အရာရှိပါက ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၅ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ mizzima

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် တော် လှန်ရေးစခန်းတစ်ခု စီးနင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ ရွာငံမြို့နယ်တွင် လှုပ်ရှားသည့် ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့က ဒီဇင်ဘာ ၁၃ တွင် ၎င်းတို့၏ စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်၊ ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ဖမ်းမိထားသည့် ထောက်ပို့အဖွဲ့ဝင်တစ်ဦးကို အသုံးချကာ ထိုနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းတို့၏ရဲဘော်တစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်၊ ညနေ ၄ နာရီခွဲခန့်တွင် မြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နွားဘန်းကြီးကျေးရွာအနီး တောထဲတွင်ရှိသည့် YUG စခန်းကို အင်အား ၅၀ ခန့်က ဝင်ရောက်စီးနင်းခဲ့သည်ဟု အဆိုပါအဖွဲ့၏ ဒုတာဝန်ခံက ပြောသည်။

“ဖမ်းမိသွားတဲ့ သတင်းကို ကြားကြားချင်းပဲ ကျွန်တော်တို့က စခန်းလုံခြုံမှုမရှိတော့ဘူးဆိုပြီး စွန့်ခွာလိုက်တာ၊ ၄ နာရီ ခွဲဝန်းကျင်လောက်မှာပဲ စစ်တပ်က ကျွန်တော်တို့ စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်သိမ်းလိုက်တာဗျ” ဟု အထက်ပါ ဒုတာဝန်ခံအမျိုးသားက ပြောသည်။

အဖွဲ့ဝင်များ ဆုတ်ခွာရာ လမ်းကြောင်းဖြစ်သည့် စခန်းအနောက်ဘက် တောထဲသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

ရွာငံမြို့နယ်နယ်နိမိတ်မှ ထွက်ခွာနိုင်ရန် မဟာမိတ်တော်လှန်ရေးအဖွဲ့တစ်ခု၏ အကူအညီရယူခဲ့သည်ဟု ဆိုသည်။

သို့သော် စခန်းစီးနင်းပြီး နောက်ရက်များတွင်လည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ရွာငံမြို့နယ် အနောက်ဘက်တောများထဲတွင် တောနင်းပြီး YUG  အဖွဲ့ဝင်များကို ဆက်လက်ရှာဖွေနေသည်ဟု သိရကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးခေါင်းထောင်လာသည့် ရှမ်းတောင်ဓနုဒေသကို ယခုနှစ် မတ်လမှစတင်၍ စစ်တပ်က အင်အားအများအပြား အသုံးပြုကာ နှိမ်နင်းလာမှုကြောင့် ရှမ်းတောင်အခြေစိုက်တော်လှန်ရေးအဖွဲ့များ၏ စခန်းများစီးနင်းခံရခြင်း၊ လက်နက်များ ဖမ်းဆီးခံရခြင်းများရှိလာသလို တော်လှန်ရေးအဖွဲ့ဝင်များ အများအပြား ဖမ်းဆီးခံထားရသည်။

ယနေ့အထိ ရွာငံမြို့ပြပြောက်ကျားအဖွဲ့မှ ကျဆုံးသူနှင့် ဖမ်းဆီးခံရသူ အဖွဲ့ဝင် ၂၀ ဦးထက်မနည်း ရှိခဲ့ပြီး စခန်းပါ စီးနင်းခံခဲ့ရသော်လည်း တော်လှန်ရေးကို အဆုံးသတ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု အထက်ပါ ဒုတာဝန်ခံ က ပြောသည်။

“အခုကတော့ ပြန်လည်ထူထောင်ရေးကို အလေးပေးပြီး ပြန်လုပ်ရမယ်၊ အခုနောက်ပိုင်းက လူထုအထောက်အပံ့တွေက အားနည်းလာလို့ ပြည်သူလူထုရဲ့ အထောက်အပံ့ကိုလည်း အရမ်းမျှော်လင့်မိတယ်ဗျ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဩဂုတ် ၁၅ က ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းကြီးကျောင်းကို ရဲများက ရှောင်တခင် ဧည့်စာရင်းဝင်စစ်ရာ ရွာငံမြို့ပြပြောက်ကျားအဖွဲ့ (YUG) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကျော်ခန့်နှင့် မဟာမိတ်အဖွဲ့ဖြစ်သော တောင်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) ခေါင်း ဆောင် ကိုမြတ်မင်းတို့ ဖမ်းဆီးခံရသည်။

ရွာငံတွင် YUG  စခန်းစီးနင်းခံရမှုနှင့် ပတ်သက်ပြီး ဒေသအခြေစိုက် Voice of Pindaya တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။ 

YUG စခန်း စီးနင်းခံရသည့် နေရာအနီးရှိ နွားဘန်းကြီးကျေးရွာနှင့် ပဲရင်းတောင်ကျေးရွာတို့ကို ပြီးခဲ့သည့် မတ်လလယ်ကတည်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက စီးနင်းခဲ့ကာ နွားဘန်းကြီးရွာတွင် နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသလို ပဲရင်းတောင်ရွာသား ၉ ဦး အသတ်ခံရမှု ဖြစ်ပွားထားသည်။

ထို့နောက် ဧပြီ ၂၂ တွင် နွားဘန်းကြီးရွာအနောက်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် YUG & TPDF ပူးပေါင်း တပ်ဖွဲ့၏ တပ်ခွဲ (၂) အခြေခံစစ်သင်တန်းစခန်းတစ်ခု စီးနင်းခံရသည်။ 

ရွာငံသည် ရှမ်းပြည်နယ်မှ မန္တလေးသို့ နာရီအနည်းငယ်အတွင်း ရောက်နိုင်သည့် လမ်းပေါ်မှ မြို့ဖြစ်သော၊ စစ်တပ်ဒေသဖြစ်သည့် ဗထူးတပ်မြို့နှင့် နီးကပ်စွာ တည်ရှိသော ဒေသဖြစ်ရာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို တွေ့ရတတ်သည့် ဒေသတစ်ခုဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အခြားတိုင်းရင်းသားဒေသများတွင် တော် လှန်ရေးအားကောင်းခဲ့သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းတွင်မှု တစ်နှစ်ခန့်ကြာသည်အထိ ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

သို့သော် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍  ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့အချို့ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုအချို့ ပြုလုပ်နိုင်ခဲ့သလို စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် အောင်ပန်းအထူးကာကွယ်ရေးတပ်ဖွဲ့ (ASDF) ၏ ယာယီစခန်းတစ်ခုကို စက်တင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီတပ်က ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့၍ စခန်းကို စွန့်လွှတ်ခဲ့ရသည်။

အလားတူ ဩဂုတ်လ ၁၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် နယ်မြေထိစပ်နေသော မန္တလေးတိုင်း၊ သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာအနီးရှိ ရွာငံကာကွယ်ရေးအဖွဲ့ စခန်းတစ်ခု စီးနင်းခံရပြီး အဖွဲ့ဝင်များ ဖမ်းဆီးမခံရသော်လည်း လက်နက်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုအပြီး ရှမ်းတောင်ဒေသမှ လူငယ်များသည် ဒေသခံကာကွယ်ရေးအဖွဲ့အများအပြား ဖွဲ့စည်းကာ တော်လှန်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရှမ်းတောင် PDF တပ်ရင်းများအဖြစ် အမှတ် ၁၀၀၅ နှင့် ၁၀၀၈ တို့ဖွဲ့စည်းကာ နယ်မြေထိစပ်နေသော ကရင်နီဒေသ၌ စစ်ကောင်စီကို တိုက်ခိုက်နေကြသည်။ myanmar now

မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်တပ်အား ဒီဇင်ဘာ ၁၃ရက်နေ့ မွန်းလွဲ ၁၂နာရီ၂၀မိနစ်ခန့်က လှေတင်ဦးရွာနှင့် ကူတိုကုန်းရွာကြားတွင် ကာကွယ်ရေး တပ်ဖွဲ့မှ မိုင်းနှစ်ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကူတိုကုန်းရွာ၊ လှေတင်ဦးရွာနှင့် ဖွားစောကျေးရွာတို့တွင် မီးရှို့ဖျက်ဆီးများ မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းပါ။ ကူတိုကုန်းရွာ၊ လှေတင်ဦးရွာနဲ့ ဖွားစောကျေးရွာတွေကို မိုင်းမဆွဲခင်ကကောမိုင်းဆွဲပြီးမှပါ မီးရှို့ဖျက်ဆီးမှုတွေ လုပ်တယ်။ ဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုတော့မသိရသေးဘူး” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိနိုင်ပြီး ဒဏ်ရာရရှိ သူများအား မြောင်မြို့ပေါ်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊T.G.R မိုင်းတပ်ခွဲ(၂) လက်သံထူးခြားစိန်ထူးဝါးအဖွဲ့၊ BLOOD Brothers၊ Saw Bwar Gyi အဖွဲ့နှင့် 11.Brothersအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ mizzima

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီထောက်ခံသူတွေ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက်  ဒေသခံရွာသား   ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆင်မဝဲချောင်းရွာက ပျူစောထီး သားအမိနဲ့ ကျွန်းကြီးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတို့ ဒီဇင်ဘာပထမပတ်အတွင်း ပစ်ခတ်ခံရပြီးနောက်  ခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဒေသခံ တဦးက “တပတ်အတွင်း ပစ်ခတ်မှုရော၊ ပေါက်ကွဲမှုရော ဖြစ်တာ။ ဆင်မဝဲချောင်းက ပျူစောထီးခေါင်း ဆောင်သားအမိ  ပစ်ခတ်ခံရတယ်။ ကျွန်းကြီး ရာအိမ်မှူးအိမ်က ဗုံးခွဲခံရတယ်။ ဒီတခါ အဖမ်းခံရတာ အယောက် ၃၀ လောက် ရှိတယ်။ လယ်သမားတွေရော အန်အယ်လ်ဒီဝန်းရံသူတွေရော ရဲစခန်းမှာ ဖမ်းထားတာ ပြန်မလွှတ်သေးဘူး”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်က ဆင်မဝဲချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင်လို့ ဒေသခံတွေက ပြောတဲ့ မင်းမင်းနဲ့ သူ့ရဲ့မိခင် ပစ်ခတ်ခံခဲ့ရကာ ဒီဇင် ဘာ ၈ ရက်မှာ ကျွန်းကြီးရွာ ရာအိမ်မှူး မြင့်စိုးအိမ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အခုလို ပစ်ခတ်မှုနဲ့ ဗုံးဖောက်ခွဲမှုတွေကို မော်လမြိုင်ကျွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့  Eagle Guerilla Force အဖွဲ့က  လုပ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ DVB

အရာတော်မြို့နယ်် ငွေတွင်းရွာက စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ ငွေတွင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်သော မြင်းမူ MMUPDF က မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အချက် ၃၀ ကျော် ပစ်ခတ်ရာတွင် ထိခိုက်သေဆုံးသူ ရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။

“အချက် ၃၀ ကျော်ပစ်တာ ခုနစ်ယောက် ရှစ်ယောက်လောက် ဒဏ်ရာရနိုင်ပါတယ်” ဟု MMUPDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ငွေတွင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အား ၄၀ ခန့်ဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက တပ်စွဲနေရာယူထားခြင်း ဖြစ်သည်။

“ပျူစောထီးတွေ အင်အားကောင်းတယ်၊ ကွမ်းတွေ၊ တခြားသီးနှံတွေအတွက်လည်း ဆက်ကြေးလိုမျိုး အတင်းတောင်းတာတွေ လုပ်တယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ငွေတွင်းကျေးရွာသည် အရာတော်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိပြီး ထိုရွာ၏ အရှေ့ဘက်ရှိ စပါးတွင်းရွာနှင့် ကဲဘာရွာများသည် ပျူစောထီးများ အားကောင်းသော ကျေးရွာဖြစ်သည်။

ငွေတွင်းကျေးရွာ စစ်ဆင်ရေးကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MMUPDF) ၊ Ngwe Dwin Rvolution Force (NDRF) ၊ မော်ကွန်းသစ် PLA၊ မုံရွာတပ်ဖွဲ့၊ စတားလုံး၊ Masi Naw (ငရဲမီး) ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် (၆) ၊ အမှတ် (၇) ၊ အမှတ် (၂၁) အပါအဝင် မြင်းမူမြို့နယ် ပ.က.ဖ. တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။mizzima

ကလေးမြို့က အန်အယ်လ်ဒီပါတီဝင် ဒီဇိုင်နာ ညီအစ်မကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် နယ်မြေ ၆ မှာ နေထိုင်တဲ့ ဒီဇိုင်နာ (စက်ချုပ်ဆရာမ) ဒေါ်ခင်ခင်နှင်းတို့ ညီအစ်မနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက် နေ့ခင်းပိုင်းက သူတို့ရဲ့နေအိမ်ကို ဝိုင်းပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်ခင်နှင်းနဲ့ ဒေါ်အေးအေးသင်းတို့ကို ‌ဒေသခံကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတာလို့ အိမ်နီးချင်းတဦးကပြောပါတယ်။

“ခင်နှင်းက အိမ်မှာစက်ချုပ်တာ။ သူ့အမ အေးသင်းက အိမ်မှုအချက်အပြုတ်ပေါ့။ ခင်နှင်းက ကလေးမြို့ စက်ချုပ်တဲ့အပိုင်းမှာ မသိတဲ့သူမရှိသလောက်ပဲ။ နာမည်ကြီး ဒီဇိုင်နာတယောက်ပါ။ သူတို့က အန်အယ်လ်ဒီပါတီဝင်‌တွေပါ။ သူများသတင်းပေးလို့ ဖမ်းတာဖြစ်နိုင်တယ်။ စစ်သားတွေက အိမ်ကို အရင်ဝိုင်းပြီးမှ ဖမ်းသွားတာ။ ဖမ်းသွားတုန်းက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးသွားတာ။”

ဒီဇိုင်နာ ခင်ခင်နှင်းတို့ ညီအစ်မနှစ်ယောက်ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အတွင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ကလေးမြို့မှာ မနေ့က အောင်သစ္စာရပ်ကွက်က ဒေါ်မိမိဝင်းနဲ့ အောင်မြေမာန်ရပ်ကွက်က ဒေါ်နှင်းဖြူစင်လှိုင်တို့ကိုလည်း စစ်ကောင်စီက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၁၄ ရက်ကလည်း မြို့သာရပ်ကွက်မှာ မစုလတ်တင် ဖမ်းဆီးခံရပြီးနောက် အောင်မြေမာန်ရပ်ကွက်က မဇူး‌ဇင်မောင်တို့ မိသားစုဝင် ၄ ဦးကိုလည်း စစ်ကောင်စီက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။DVB

မတ္တရာတွင် ကိုနဂါးဟု အများက ခေါ်ဆိုသူကို ဗိုလ်နဂါးဟုဆိုကာ စစ်တပ်က လာ ဖမ်း၊ ဖမ်းလိုသူမမိ၍ မိဘနှစ်ပါးကို ရိုက်နှက် ဖမ်းဆီးသွားသဖြင့် သားဖြစ် သူ ကိုနဂါး စိတ်ထိခိုက်ပြီး အဆိပ်သောက်ရာမှ သေဆုံး

မန္တလေး၊ မတ္တရာမြို့နယ်၊ ရွေးရွာသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က ကိုနဂါး ဟု လူအများခေါ်ဆိုကြသူကို ဗိုလ်နဂါးဟုဆိုကာ လာရောက်ဖမ်းဆီးစဉ် ဖမ်းမ မိ သောကြောင့် မိဘ ၂ ဦးကို နှိပ်စက် ဖမ်းဆီးသွားခဲ့ရာ သားဖြစ်သူကိုနဂါးမှာ စိတ်ထိခိုက်ပြီး အဆိပ်သောက်ရာမှ သေဆုံးသွားကြောင်း ဒေသ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွေးရွာသစ်ရွာမှ ကိုဝေလင်းအောင်(ခ)ကိုနဂါးကို PDF တပ်ဖွဲ့များနှင့် ပတ်သက် သော ဗိုလ်နဂါးဟု စွပ်စွဲကာ လာရောက် ဖမ်းဆီးကြောင်း၊ ဖမ်းဆီး စဉ် ကိုဝေလင်း အောင်(ခ) ကိုနဂါးကို မမိ၍ မိဘ ဖြစ်သူ ၂ ဦးကို ဗိုလ်နဂါး၏ မိဘ လားဟု မေးမြန်းကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။

မိဘ ၂ ဦး ဖမ်းဆီးခံလိုက်ရသဖြင့် ကိုဝေလင်းအောင်(ခ)ကိုနဂါးသည် စိတ်ထိ ခိုက်ကာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်း သေတမ်းစာရေးပြီး အဆိပ်သောက် ကာ သတ်သေသွားကြောင်း သိရှိရသည်။

” ကိုဝေလင်းအောင် (ခ) ကိုနဂါးကို ဒီဇင်ဘာ ၁၂ ရက်နေ့ညက စစ်ခွေးတွေက ဝင်ရောက် ဖမ်းဆီးတာ ကိုဝေလင်းအောင်ကို မတွေ့ဘူးဆိုပြီး မိဘနှစ်ပါးကို ဖမ်းဆီးသွားပါတယ်။ အဲဒီသတင်းကို သူ ကြားပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စိတ်ထိခိုက်ကြောက်လန့်ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်။ သူ့သေတမ်း စာထဲမှာရေးထားတဲ့ အတိုင်းဆို သူ့ကြောင့်သူ့မိဘတွေ ဖမ်းခံရတယ်။ အဲဒီ အပေါ် ဆိုးဆိုးရွားရွား ခံစားချက်ဖြစ်ပြီး သတ်သေတာမျိုးပေါ့။ ကိုဝေလင်း အောင်က ထွန်စက်မောင်းပြီး မိဘတွေကို လုပ်ကိုင် ကျွေးမွေးနေသူပါ။ သူက ငယ်ငယ်တည်းက နားရွက်ကားလို့ သူငယ်ချင်းတွေက နားကား နားကားနဲ့ ခေါ်တာကနေ နဂါးဆိုပြီး အမည်တွင် နေတာပါ။ စစ်သားတွေက သူ့မိဘ တွေကို ဖမ်းဆီးပြီး စစ်ကိုင်းတိုင်း ဗိုလ်နဂါးမိဘ တွေလားဆိုပြီး ရိုက်နှက် ဖမ်း သွားတာ။ ကိုနဂါးတို့မွေးမြူထားတဲ့ ကြက်ဆင်တွေလည်း ဖမ်းယူသွားတယ်” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကိုဝေလင်းအောင်(ခ) ကိုနဂါး သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်တပ် က ကိုနဂါး၏ မိဘ ၂ ဦးကို ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။khit thit

ကန့်ဘလူတွင် မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် နှင့် ကောလင်းမြို့နယ်အစပ်ရှိ ကျေးရွာများအား တစ်ရွာဝင်တစ်ရွာထွက် မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန့်နေ့ ဒီဇင်ဘာလ ၁၅ရက် မွန်းလွဲ ၁၂နာရီ ၅၀မိနစ်ခန့်က ကန့်ဘလူမြို့နယ် လက်ခုတ်ကုန်းရွာကို ဝင်ရောက်၍ မီးတင်ရှို့ခဲ့ပြီး ဘောရွာသို့ အဝင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသင့်ထောင်ထားသည့် မှိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“ဘောရွာ အဝင်မှာ ထောင်ထားခဲ့တဲ့ မိုင်းငါးလုံးကွဲတာပါ။ အထိခိုက်မသိရသေးဘူး။ မိုင်းကွဲပြီးတော့ လက်နက်ကြီးတွေနဲ့ တောတိုက်တွေထဲ ရမ်းပစ်နေတာမို့ ထိခိုက်မှု ရှိတယ်လို့ ယူဆပါတယ်။ ဒေသခံတွေကတော့ ပြေးနေရတယ်။ ခုမနက်ပဲ ပြန်ဝင်ပြီး မီးထပ်ရှို့နေပြန်တယ်” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်၏ ယမန်နေ့ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ခုတ်ကုန်းရွာ နှင့် ဘောရွာ တောင်ဘက်ခြမ်းရှိ ကျေးရွာများမှ လူနေအိမ်စုစုပေါင်း ၄၀ကျော်ခန့် မီးလောင်ပြာကျခဲ့ပြီး ယနေ့ နံနက် ၈နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများကို ထပ်မံ မီးရှို့နေကြောင်း သိရသည်။

“ဒီနေ့မနက် မီးရှို့တာကတော့ မီးခိုးတွေပဲမြင်နေရတာ။ ကျွန်တော်တို့တွေက ဘယ်သူမှ သွားမကြည့်ရဲတော့ တိတိကျကျ မသိရသေးဘူး။ ဒေ သခံတွေကတော့ အခုရွာထဲမှာ တစ်ယောက်မှ မရှိဘူးရယ်။ မီးရှို့ခံနေရတဲ့ သူတို့အိမ်တွေကို အဝေးကနေပဲ ကြည့်နေရတာ။ ကျွန်တော်တို့ အဲဒီဘက်တွေက တောတောင်တွေထူတယ်။ တောတွေထဲမှာ လယ်တောထဲမှာ လွတ်တဲ့နေရာတွေမှာ ပုန်းနေရတာ။ အခုလောလော ဆယ်တော့တိုက်ပွဲဖြစ်တာတော့မရှိဘူးဗျ။ စခ(စစ်ကောင်စီတပ်)တွေ လာမယ့် လမ်းတွေမှာ အရင်ရက်က မိုင်းထောင်ထားတာမျိုးတော့ ရှိတယ်” ဟု ဒေ သ ခံ သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့မှုကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်မည်ထင်သည့် တောတောင် များတွင် လည်းကောင်း၊ လယ်တောထဲရှိ လက်တဲများတွင်လည်းကောင်း ပုန်းခိုတိမ်းရှောင်နေရကြောင်း သိရသည်။ mizzima

မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုကို အီးယူထောက်ခံ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေအပေါ် ဆက်လက်ထောက်ခံသွားမယ်လို့  ဥရောပသမဂ္ဂ(အီးယူ)က ကတိပြုလိုက်ပါတယ်။ 

အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ဒီဇင်ဘာ ၁၄ ရက်ကစတင် ကျင်းပခဲ့တာဖြစ်ပြီး ဥရောပနဲ့  အရှေ့တောင်အာရှဒေသနှစ်ခုမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေ ဆွေးနွေးခဲ့ရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီကိုတော့  ဖိတ်ကြားခြင်း မရှိခဲ့ဘဲ အာဆီယံ ၉ နိုင်ငံနဲ့ အီးယူ ၂၇ နိုင်ငံက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက အကျပ်အတည်းတွေအတွက် အမှန်တကယ် စိုးရိမ်ပူပန်မိပါတယ်လို့ ဘရပ်ဆဲလ်မြို့ အစည်းအဝေးအပြီးထုတ်ပြန်တဲ့  ပူးတွဲကြေညာချက်မှာ တွေ့ရပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆာခွန်းက အီးယူရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးကော်မတီ တံခါးပိတ်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ  မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေစတင်ဖို့ အခက်အခဲရှိကြောင်းနဲ့ ဒုတိယအကြိမ် ခရီးစဉ်ကျရင် ပါဝင်ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထား‌ကြောင်း ပြောခဲ့တယ်လို့ ဖနွမ်ပင်ပို့စ် ကမ္ဘောဒီးယားသတင်းစာမှာ ရေးပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေအတွက် ကတိပြုခဲ့ကာ မြန်မာနိုင်ငံက ဖမ်းဆီးခံ နိုင်ငံခြားသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အကြမ်းဖက်မှုတွေကို ‌ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၊ အထူးသံတမန်ရဲ့ လုပ်ဆောင်မှုတွေ အပါအဝင် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကို ပံ့ပိုးပေးဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးအပိုင်းမှာ ယုံကြည်ချက်အပြည့်နဲ့ အီးယူက ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ခွဲခြားဆက်ဆံခြင်းတွေမရှိဘဲ အကူအညီတကယ်လိုအပ်နေတွေ အပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးပို့ဆောင်ရွက်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အီးယူ- အာဆီယံအဖွဲ့နှစ်ခုအနေနဲ့ ရခိုင်ဒေသက အသိုက်အဝန်းတွေအားလုံးအတွက် ဘေးကင်းလုံခြုံရေးကို မြန်မာစစ်ကောင်စီက အာမခံချက်ပေးဖို့ လေးလေးနက်နက်ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်ပြန်လိုသူတွေဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးကိုလည်း တောင်းဆိုခဲ့ကြ ပါ‌သေးတယ်။

မြန်မာ့နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူ အတိုက်အခံ ၄ ဦးကို ဇူလိုင်လက သေဒဏ်ပေးမှုကို ကန့်ကွက်ရှုတ်ချခဲ့ပြီး အာဆီယံပဋိညာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် ကတိကဝတ်တွေကို ထင်ရှားစေတဲ့ ငြိမ်းချမ်းရေးအဖြေကိုရှာဖို့ အားလုံးက နှစ်ဆတိုးပြီး ကြိုးစား အားထုတ်သွားမှာတယ်လို့လည်း ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ကူညီရာမှာ အာဆီယံအထူးသံတမန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးပေးဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DVB

« Older Entries