Monthly Archives: Dec 2022

မတ္တရာနယ်၌ အမျိုးသမီး ၂ ဦး ရိုက်နှက်ဖမ်း ဆီးခံရ၊ အောင်ပန်းတွင် YUG ရဲဘော် ၁၁ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်‌ဖွဲ့ဝင်တွေက အမျိုးသမီးနှစ်ယောက်ကို အကြမ်းဖက်ရိုက်နှက်ပြီး  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်က ကြပ်ပြင်ကျေးရွာကို စစ်ကောင်စီတပ်တွေ လာရောက်ပြီး အမျိုးသားဖြစ်သူက PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ သူ့ရဲ့အမျိုးသမီးကို လာရောက် ဖမ်းဆီးရာမှာ သံကြိုးနဲ့ပါ အကြမ်းဖက် ရိုက်နှက်စစ်ဆေးခဲ့ပြီး ရေထဲနှစ် ‌စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မတ္တရာနယ်ခံတဦးက “သူ့ယောက်ျားလေးကို မမိလို့လို့ ပြောတယ်။ သံကြိုးတွေနဲ့လည်း ရိုက်တယ်လို့လည်း ပြောတယ်။ တချို့ကလည်း သေတယ်လို့ပြောနေတာပဲ။ တချို့ကလည်း မသေဘူးပြောတာပဲ။ နောက်ဆက်တွဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးနဲ့အတူ အခင်းတဲရှိ တခြားအမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ကိုလည်း ရိုက်နှက်စစ်ဆေးကာ အမျိုးသမီးနှစ်ယောက်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လာရောက်ဖမ်းဆီးရာမှာ စစ်ကားလေးစီးနဲ့အတူ မတ္တရာမြို့ပေါ်ရှိ ပျူစောထီးအဖွဲ့ဝင်တွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၇ ရက် မနက်ကလည်း ကျောက် ဆည်လေးကျေးရွာက နေအိမ်တလုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာတော့ အမှတ် ၃ ရပ်ကွက်ရှိ “နေလ” ကွမ်းယာဆိုင်အနီးမှာ ရွာငံမြို့အခြေစိုက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဖြစ်တဲ့ YUG အဖွဲ့ဝင် အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ YUG မှ ရဲဘော် ၁၁ ဦးကို ကယားပြည်နယ်ဘက် သင်တန်းတက်ရောက်ဖို့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်မှ ရွာငံ-အောင်ပန်း လမ်းကြောင်းအတိုင်း ဆိုင်ကယ်တွေနဲ့ ထွက်ခွာလာစဉ် ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်တွေကတော့ ကျော်ဇင်မင်း၊ အောင်ဇော်ထွေး၊ ဇော်နေဝင်း၊ အေးမင်းဖြိုး၊ ရဲလင်းနိုင်၊ အားမာန်ဖြိုး၊ ဒိုးဒိုးနိုင်း၊ သန်းဝင်းအောင် (ခ) မောင်လေး၊ ချောအိခိုင်  နဲ့ မြတ်နိုးမေ တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ၁၁ လပိုင်းမှ ၂၀၂၂ ခုနှစ် ၇ လပိုင်းအထိ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုပေါင်း ၁၂ ခုကို ပြုလုပ်ခဲ့ကြောင်း ရဲဘော်တွေက ထွက်ဆိုတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး YUG မှ အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦး ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသတွင်း ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ   ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ YUG စခန်းကို သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ ၉ လုံးကျည် ၁၁ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ DVB

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိ၊ အများပြည်သူသွားလာရေးနေရာဖြစ်၍ စစ်တပ်နှင့် ပျူများ လက်ချက်ဖြစ်နိုင်ဟုဆို

ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှ ဒလဘက်သို့ ကူးနေသည့် ကူးတို့သင်္ဘောပေါ်တွင် ယနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ပန်းဆိုးတန်း-ဒလ ကူးနေသည့် ချယ်ရီ ကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ရန်ကုန်မြို့ခံတချို့က ပြောသည်။

“သင်္ဘောပေါ်မှာ ဗုံးပေါက်တယ်။ အဲဒါ ထိခိုက်ဒဏ်ရာရတာ ၁၀ ဦးလောက် ရှိတယ်။ သေဆုံးတယ်လို့တော့ မကြားသေးဘူး။ အများပြည်သူသွား လာတဲ့ သင်္ဘော ပေါ် ဖောက်တယ်ဆိုရင်တော့ ဒါက ဘယ်သူ့လက်ချက် သိသာ နေတာပဲ။ စစ်ခွေးတွေနဲ့ ပျူတွေက လွဲရင် ဘယ်သူမှ မရှိနိုင်ဘူး” ဟု ပန်းဆိုး တန်း-ဒလ ကူးသန်း သွားလာနေသည့် ရန်ကုန်ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လတ်တလော ဗုံးပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်ကမ်းများတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး ပရဟိတ လူနာတင်ကားများကလည်း လူနာများ သယ်ယူပို့ဆောင်နေကြောင်း သိရှိရသည်။khit thit

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကျောက်ကြီးပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ လိမ်ပင်ဝဲကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၁ ဦး ထိမှန်သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

လိမ်ပင်ဝဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့ဝင်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းကို စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံရွာသား ဦးကျော်စိုး (၅၀ နှစ်) ဟာ လက်နက်ကြီး ထိမှန်သေဆုံးပြီး ဦးငွေသေး (၄၈ နှစ်) ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန် နွား ၁ ကောင်၊ ဝက် ၁ ကောင်ထိမှန်ဆုံးသေခဲ့ပြီး နွား ၃ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတဦးက ”နှစ်ဖက်တိုက်ပွဲဖြစ်တော့ စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ထည့်တာ။ ၁ ယောက်သေ ၁ ယောက်ဒဏ်ရာရတယ်။ ပြီးရင် နွား ၁ ကောင် ဝက် ၁ ကောင်သေတယ်။ နွား ၃ ကောင်က ထိမှန်ဒဏ်ရာတွေရတယ်။ အခု စစ်ကောင်စီတပ်က ရွာထဲမှာရှိနေတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

နိုဝင်ဘာ ၁ လတာအတွင်း ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နယ်မြေခံ KNLA၊  KNDO ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပေါင်းအကြိမ် ၃၀ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၄၀ ဦးသေပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာအတွင်းကို ဒရုန်း နဲ့ ၇ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်မသူ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ် ၃ လုံး၊ ဆေးရုံ ၁ ရုံ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါအပြင် ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လေကြောင်းကနေ ၃၄ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၄ လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံ ၁ ရုံ၊ ဆေးရုံ ၁ ရုံ ထိမှန်ပျက်စီးခဲ့သလို လူနေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။  DVB

ရေစကြိုမြို့နယ် ဗြိဘကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သည့်အတွက် နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး

စစ်ကောင်စီတပ်များက မကွေးတိုင်း ရေစကြိုမြို့နယ် ဗြိဘကျေးရွာအုပ်စု ရှိ ဗြိဘအနောက်ရွာကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ ကြောင်း Yesagyo Township Info Committee က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဗြိဘအနောက်ရွာကို ဝင်ရောက်ခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲကာ ကျေးရွာအတွင်းမှနေအိမ်များထဲမှ ပစ္စည်းများကို မွှေနှောက်ရှာဖွေ လုယက်ယူဆောင်သွားပြီးနောက် ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးရှို့ပြီး မနက် ၇ နာရီလောက်က ထွက်သွားပါတယ်။ မနေ့က ကားသုံးစီးနဲ့ ပစ္စည်းတွေကို ခိုးယူလုယက် ယူဆောင်သွားပါတယ်။ နေအိမ် ၆၀ ဝန်းကျင် မီးလောင်ပျက်စီးပါတယ်၊ အတိအကျတော့ မသိရသေးပါ ဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ပြည်သူများမွေးမြူထားသည့် ကြက်၊ ဝက်စသည့်တို့ကိုလည်း သတ်ဖြတ်စားသောက်ထားပြီး အရက်သေစာများသောက်စားကာ ထင်တိုင်းကျဲထားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။ ဗြိဘကျေးရွာမှထွက်ခွာ သွားသည့် စစ်ကောင်စီတပ်များသည် ကမ်းဖြူရွာနှင့် ဆင်ဖြူရှင်တံတားဘက်သို့ ထွက်ခွာသွားကြောင်းဆို သည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဗြိဘအရှေ့ရွာကို စစ်ကြောင်းထိုးဝင် ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့သည့်အတွက် နေအိမ် ၆၅ လုံး မီးလောင်ပျက်စီးခဲ့သည်။mizzima

ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက် အစောပိုင်း စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးပြီး လူထိခိုက်မှုမရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက်အစာပိုင်းအချိန် စစ် တပ် က တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းကြောင့် လူနေအိမ် ၄ လုံး ဗုံးထိမှန်ပျက်စီး‌ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကော့ကရိတ်မြို့ခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၂ မိနစ်အချိန် တိုက်လေယာဉ် များ ဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကျဲခြင်း၊ လက်နက်ကြိး ၁၂၀ မမများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကအားဖြင့် KNU တပ်မဟာ ၆ စခန်းများဘက်သို့ ကျဲချခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်မြို့ခံများက ဆိုကြ သည်။

“အိမ်လေးဆောင် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တောင်ပိုင်းတနေရာပဲ လူတွေတော့ ထိခိုက်တာ မကြားပါဘူး” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျား ဖြူစစ်ကြောင်း က ဦးဆောင်ပြီး မဟာမိတ်တပ်များက တိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၇ ဦးသေကာ ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ က သ တင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူ စစ် ကြောင်း က ဦးဆောင်ပြီး KNLA တပ်များ၊ PDF တပ်များ အပါ အဝင် မဟာမိတ် တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည့် အပြင် လေကြောင်းစစ်ကူ တိုက်ခိုက်ရေး ရဟတ် ယာဉ် ၃ စင်းနှင့် သာလွန် အင် အားဖြင့် လာရောက်စစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျားဖြူစစ် ကြောင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာလက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ khit thit

လှည်းကူး ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ မှာ ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ လုံခြုံရေးကင်းမှာ ဗုံးပေါက်ကွဲခဲ့တာလို့ စက်မှုဇုန်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဗုံးပေါက်တာ အတော်ပြင်းတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ စစ်ကားတွေရော လူနာတင်ယာဥ်တွေပါ ရောက်လာတာ။ စစ်တာဆေးတာတွေရော အကုန်လုပ်တာ”လို့ ပြောပါ တယ်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“နှစ်ဦးဒဏ်ရာရတယ်။ အခုဆေးရုံမှာ ဘယ်သူတွေဒဏ်ရာရလဲဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာကတော့ပြင်းထန်တယ်။”

ဘယ်အဖွဲ့က ဗုံးဖောက်ခွဲခဲ့တယ်ဆိုတာ မသိရသေးဘဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန် ၁ မှာ စစ်ဆေးနေတယ်လို့ စိုက်ပျိုးရေးဇုန်မှာနေထိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၇ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၇ ကြိမ်ဖြစ်ခဲ့ပြီး ၁ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုရဲလင်းဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ကိုရဲလင်းဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

ကိုရဲလင်းဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂပြောရေးဆိုခွင့်ရှိသူ အက်စတာက မဇ္ဈိမကိုပြောသည်။

“အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၂(က)နဲ့ထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်တာပါ” ဟု ဆိုသည်။

ကိုရဲလင်းဦးကို ပြီးခဲ့သည့်မတ်လလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသည့်အတွက် ယခုချမှတ်လိုက်သည့်အမှုအပါအဝင် စုစုပေါင်းထောင်ဒဏ် ၁၀ နှစ်ကို အင်းစိန် အကျဉ်းထောင်အတွင်း ကျခံနေရခြင်းဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်လေးဦးအပါအဝင် စုစုပေါင်းလူငယ်‌ ခြောက် ဦးဖြစ်သည့် မဝတ်ရည်အောင် (သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ ကိုစည်သူအောင်တင် (ဥပဒေ)၊ ကိုရဲလင်းဦး(ရှေး/သု)၊ ကိုမြင့်သိန်းနိုင် (ပထဝီဝင်)၊ ကိုနေထက်လင်း (သမိုင်း)တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ နေအိမ်တစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက်၎င်းတို့ကို မြို့နယ်အသီးသီးတွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြရာတွင် ခြောက်ဦးစလုံးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် စွဲဆိုခြင်းခံခဲ့ရပြီး အမှုဆောင်လေးဦးဖြစ်သည့် ကိုရဲလင်းဦး၊ ကိုစည်သူအောင်တင်၊ မဝတ်ရည်အောင်၊ မသဉ္ဇာဇော်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများ ဖြင့် ထပ်မံတရားစွဲဆိုခြင်း ခံထားရသည်။

“မိတဲ့အချိန်တုန်းက အကြမ်းဖက်လို့စွပ်စွဲလို့ရတဲ့ ဘယ်လက်နက်ခဲယမ်းမှ မပါ ပါဘူး” ဟု အက်စတာက ဆိုသည်။

လက်ရှိအချိန်တွင် ကိုရဲလင်းဦးသည် ထောင်ဒဏ် ၁၀ နှစ်၊ ကိုစည်သူအောင်တင်သည် ထောင်ဒဏ် ၁၀ နှစ်၊ မသဉ္ဇာဇော်သည် ထောင်ဒဏ် ၁၃ နှစ်၊ ကိုမြင့်သိန်းနိုင်နှင့် ကိုနေထက်လင်းတို့သည်ထောင်ဒဏ် သုံးနှစ်စီ စသည့်ဖြင့် အသီးသီး အကျဉ်းကျခံနေရလျက် ရှိနေသည်။

ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် မဝတ်ရည်အောင်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ‌ဒေပုဒ်မ ၅၂(က)အတွက်မူ အမှုရင် ဆိုင်လျက်ရှိနေဆဲဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ကိုစည်သူအောင်တင်နှင့် မသဉ္ဇာဇော်တို့ကို မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကကိုင်တွယ်ပြီး ထောင်ဒဏ်များအမြောက်အများ ချမှတ်ခဲ့ခြင်းဖြစ်သည်။ mizzima

ယင်းမာပင်၊ အရာတော်နှင့် ရွှေဘိုတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၁ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ကြောင်း ဗျတ္တညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် နေ့က ဘန့်ဘွေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ရွာအပြင်ဘက် လယ်တောအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထောင် ထားသော မိုင်းကွင်းပေါ်အရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရကာ အကြမ်းဖက်စစ် သား ၊ ပျူစောထီး ၁၁ ဦး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗျတ္တညီနောင် PDF တပ်ဖွဲ့ထံက သိရသည်။

“၁၁ ယောက်သေတယ်ဆိုတာက ခန့်မှန်းပါ၊ ရှေ့ထွက်မိုင်းနှစ်တွဲနဲ့ ဖောက်ခွဲလိုက်တော့ ၁၅ ကောင်လုံး ထိပြီး လဲကျနေတာအတော်ကြာတယ်၊ ပုံမှန်အတိုင်းဆိုရင် မိုင်းသံကြားတာနဲ့ ဘောက်ကုန်၊ ကျည်ကုန် ပစ်လေ့ရှိတဲ့ ကောင်တွေက မိုင်းကွဲပြီးချိန်မှာ တစ်ချက် နှစ်ချက်ပဲ ပြန်ပစ်နိုင်တယ်” ဟု ဗျတ္တညီနောင် PDF တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောကြားသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်သည့်နေရာသည် ဘန့်ဘွေး(ပျူရွာ)အနီးတွင်ဖြစ်ပြီး ဝင်္ကဘာပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၂၇ တပ်ရင်း တပ်ခွဲ ၂ IRF ၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာ(ပျူရွာ)ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး ကင်းစခန်းအား မိုင်းခွဲတိုက်ခိုက်ရာ ပျူစောထီး၊ စစ်သား ၅ ဦးဒဏ်ရာရရှိပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက် ည ၈ နာရီခန့်က ယင်းအကြမ်းဖက်စစ်ကောင်စီကင်းစခန်းရှိ ဖရဲသီးတို့နှင့် ပူးပေါင်းကာ အဝေးထိန်း Remote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zayar 7 – Sgaing ARA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်ကလည်း အရာတော်မြို့နယ်၊ ငွေတွင်း(ပျူရွာ)ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးကင်းစခန်းအား မုံရွာခရိုင်တပ်ရင်း ၂၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း၊ Masi Naw (ငရဲမီး)ပျောက်ကျားတပ်ဖွဲ့၊ NDRF ၊ MRTF ၊ Zayar 7 Sgaing ARA တို့ပူးပေါင်းပြီး ၆၀ မမလက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း OneDay Revolution Force (Shwe Bo) တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများသည် ညောင်ပင်သာကျေးရွာ အတွင်းသို့ ကင်းပုန်း ဝပ်ရန် ဝင်ရောက် လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Oneday Revolution Force တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖစ်ကြောင်း သိရသည်။ khit thit

ရန်ကုန်တွင် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက အလံများလိုက်ချိတ်

ရန်ကုန်မြို့၊ ပြည်လမ်းမကြီးတလျှောက်မှာ လာမယ့် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်မယ့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက အလံတွေလိုက်လံချိတ်ဆွဲထားပါတယ်။

အဲ့ဒီအလံတွေကို ရန်ကုန် ပြည်လမ်းမကြီးတလျှောက်ရှိ လမ်းအလယ်မီးတိုင်တွေမှာ နိုင်ငံတော်အလံအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုအလံတွေကို ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း ပြုလုပ်နေကျဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပဖို့ စီစဉ်နေပြီး ကျောင်းအသီးသီးက ကျောင်း သားကျောင်းသူတွေ၊ စစ်ကောင်စီ လက်အောက်ခံ အစိုးရဝန်ထမ်းတွေနဲ့ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ချနေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ နိုင်ငံ့အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပတာ အရင်ကထက် နည်းပါးသွားပြီး ၂၀၂၃ ခုနှစ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့အခမ်းအနားကို လုံခြုံရေးအခြေအနေအရ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်နိုင်ခြင်းရှိ /မရှိကိုတော့ စောင့်ကြည့်ရမယ်လို့ မြို့ခံတွေက ဆိုပါတယ်။  DVB

« Older Entries