Monthly Archives: Dec 2022

ရန်ကုန်တွင် ဧည့်စာရင်းတိုင်ကြားသူများ ဓာတ်ပုံနှင့် ငွေကြေး ပေးဆောင်နေရ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့ရှိ ရပ်ကွက်ရုံးတွေဟာ ဧည့်စာရင်းတိုင်ကြားနေထိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်အပြင် ဓာတ်ပုံ ၂ ပုံပါ တောင်းယူနေပြီး ဧည့်စာရင်းတိုင်ကြားချိန်မှာလည်း မြန်မြန်ဆန်ဆန် ရေးပေးအောင် ပိုက်ဆံပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ဒေသခံတဦးက “ဦးသိန်းစိန်လက်ထက်ကတည်းက ဒီရပ်ကွက်နေတာ၊ အဲ့တုန်းကလည်း တိုင်ရတယ်။ ကိုယ့်စာအုပ်နဲ့ကိုယ် တလပေးတယ်။ ဒီလောက်လည်း အငေါက်မခံရဘူး။ အခုဟာ အိမ်ထောင်စုစာရင်းက ယာယီပဲမို့လို့ ဧည့်စာရင်း သွားတိုင်ပါတယ်။ သူတို့စာရွက်နဲ့ပဲ ရမယ်၊ မိသားစုဓာတ်ပုံ ၂ ပုံ ပေးရမယ်၊ ပိုက်ဆံပေါ်တင်တောင်းတယ်၊ အလှူငွေလို့တောင် မပြောဘူး။ တိုင်ရတာလည်း ရုံးခန်းမှာ မဟုတ်ဘူး၊ ရပ်ကွက်စာရေးမက ရေးပေးတာ၊ တပတ်တခါပဲ ပေးတယ်။ ပိုက်ဆံ ၂,၀၀၀ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ဘက်မှာလည်း ဧည့်စာရင်းတိုင်ပါက ပြောင်းရွှေ့လာတဲ့ ဒေသ၊ ရပ်ကျေးက ထောက်ခံစာပါမှ ဧည့်စာရင်းပေးနိုင်မယ်လို့ သိရပြီး အဆိုပါရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ကြားသူတွေက နယ်ကလာတဲ့ စက်ရုံအလုပ်သမားတွေဖြစ်ကြလို့ ကိုယ့်ရပ်ရွာက ထောက်ခံစာ မရတဲ့အတွက် အဆင်ပြေစေဖို့ ရပ်ကွက်ရုံးက စာရေးတွေရဲ့ ပိုက်ဆံတောင်းသလောက် ပေးနေရတယ်လို့ သိရပါတယ်။

ပုလဲမြို့သစ်‌မှာ နေထိုင်သူတဦးက “ညီမတို့ဆို အားလုံး ၄ ယောက် အဆောင်ငှားနေတယ်။ အာဏာမသိမ်းခင်ကတည်းက နေတာ၊ သုံးလေးနှစ် မကတော့ဘူး။ အခု ရွာက လူကြီးတွေလည်း မရှိဘူး၊ ရုံးလည်းမရှိဘူး၊ ပစ်ခတ်နေတော့ ဘယ်သူမှလည်း မလုပ်ရဲဘူးလေ။ အခု ဒီမှာ ကိုယ့်ဒေသက ထောက်ခံစာပါမှ ဆိုပြီး ရစ်နေလို့ ၁၇ ရက်နေ့က တိုင်တာ ၅,၀၀၀ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မင်္ဂလာလေတပ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီးနောက်ပိုင်း မင်္ဂလာဒုံနဲ့ ထိစပ်မြို့နယ်တွေက ရပ်ကွက်‌ရုံးတွေမှာ စစ်သားတွေ ညတိုင်း အလှည့်ကျစောင့်နေပြီး ဧည့်စာရင်းဝင်စစ်မှုတွေ များလာတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကလည်း မြောက်‌ဥက္ကလာပ၊ ဝေဘာဂီမြို့သစ်မှာ ဧည့်စာရင်း မတိုင်မိတဲ့ ရခိုင်က ဆေးလာကုသူနှစ်‌ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။DVB

TNLA တပ်သား ၄ ဦးကို လက်နက်များနှင့်ဖမ်း မိသည်ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ သတင်းမှား ဖြန့်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ(၃)နယ်မြေအတွင်း လက် နက်သယ်ယူပို့ဆောင်နေသည့် TNLA တပ်သားများကို လီလုကျေးရွာအနီးတွင် လက်နက်ခဲယမ်းများနှင့် တကွဖမ်းဆီးရမိကြောင်း စစ်ကောင်စီဝါဒဖြန့် ဖေ့ဘုတ်စ်နှင့်တယ်လီဂရမ်ချန်နယ်များမှ ဖြန့်ဝေမှုရှိနေ သည်။ ထိုအကြောင်းအရာမှာ မှားယွင်းနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် “ရွှေဘ” မှ ဒီဇင်ဘာလ ၉ ရက်နေ့တွင် “ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်အ တွင်း TNLA အဖွဲ့ဝင် (၄) ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ” ဟု ဆို ကာ မျက်နှာဖုံးအမဲအုပ်ခံထားရသည့် လူလေးဦးပုံနှင့်တကွ စတင်ဖြန့်ဝေခဲ့သည်။ ယင်းမှာ တယ်လီဂရမ် ချန်နယ် ၃၀ ကျော်နှင့်ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့ခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့်မီဒီယာများဖြစ်သည့် မြဝတီနှင့် မြန်မာ့အသံတို့ တွင် ကြေညာထားခြင်းမရှိချေ။

အလားတူ တပ်မတော်သတင်းနှင့်ပြန်ကြားရေး ဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီသည် ဓားစာခံများ၊ ရန်သူ့တပ်သားများကိုဖမ်းဆီးရမိသည့်အခါတွင် မျက်နှာများ၊ လက်နက် များကို သိသာစွာထုတ်ဖော်ပြသသော်လည်း ယခုသတင်းထုတ်ပြန်မှုတွင် လူမျက်နှာများကို ဖုံးကွယ်ထား သလို ဖမ်းဆီးမိသည့်လက်နက်များကိုလည်း အိတ်များဖြင့်ထုတ်ပိုးထားသည်ကို တွေ့ရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တပ်သားလေးဦးဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့် စပ်လျဉ်း ပြီး TNLA ပြောခွင့်ရသူ ဒုဗိုလ် မှူးကြီး တာအိုက်ကျော်မှ ၎င်းတို့ထံ တပ်သားများဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို သတင်းပေးပို့ချက် မရှိကြောင်း မဇ္ဈိမအချက်အလက်စစ်ဆေးသူများ၏ မေးမြန်းမှုကို ဖြေကြားသည်။

TNLA တပ်သားများဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး နမ့်ဆန်မြို့တွင်နေထိုင်သူတစ်ဦးက “ ကျွန်မ တို့ နေ့တိုင်းအဲ့ဒီလမ်းကိုသွားနေကြပါ၊ လီလုရွာက ပန်လုံမရောက်ခင်နေရာပါ။ အဲဒီရွာမှာ တစ်အိမ်၊ နှစ် အိမ်ပဲရှိပါတယ်၊ လီလုတံတားရှိတယ်။ အခုလို TNLA တပ်သားတွေဖမ်းမိတယ်ဆိုတာတော့ မကြားမိဘူး။ လီလုကနေ သီပေါမရောက်ခင် နမ္မတူ – သီပေါအစပ်မှာတောင် TNLA စစ်ဆေးရေးဂိတ်ရှိပါတယ်” ဟု ပြော သည်။

ထို့အတူ TNLA ၏ သတင်းအချက်အလက်များကို ထုတ်ပြန်နေသည့် News and Information Department က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် “မြန်မာစစ်ကောင်စီသတင်းထုတ်ပြန်သကဲ့သို့ မိမိတို့၏ တအာင်းတပ်မတော် လက်နက်များသော်လည်းကောင်း၊ NUG-PDF ၏ လက်နက်ပစ္စည်းများသော်လည်း သိမ်းဆည်းခံရခြင်း၊ ဆုံးရှုံးပျက်စီးခြင်း မရှိပါ” ဟု သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် TNLA တပ်သားလေးဦး လက်နက်များနှင့်တကွ ဖမ်းဆီးရမိသည်ဆိုသည်မှာ သတင်းအမှား သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

မုံရွာတောင်ပိုင်းရှိ ပျူစောထီးရွာကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း မြို့တော် မုံရွာမြို့တောင်ဘက် ၁၀ မိုင်အကွာ တောပုရွာအတွင်း စစ်ကောင်စီနှင့် ပျူစောထီး အခြေချစိုက်သည့် နေအိမ်တစ်လုံးကို ၄၀မမ ဗုံးသီးတပ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)က ပြောသည်။

စစ်ကောင်စီနှင့် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) ၁၀၀ နီးပါးရှိသည့် တောပုရွာ အနီးသို့ ကပ်၍ ဒီဇင်ဘာ ၁၅ ရက်၊ ညတွင် ဗုံးသီးလေးလုံးဖြင့် ပစ်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်တော်သားများ စုဝေးနေသည့် နေရာသို့ကျကြောင်း Monywa Lightning People Defence Force တာဝန်ရှိသူက ဆိုသည်။

တော်လှန်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အနည်းဆုံး လေးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရသည်ဟု အထိုအဖွဲ့က ပြော သည်။ တော်လှန်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်မှုကို Dragon Brother’s PDFနှင့် ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

အထက်ပါ တော်လှန်ရေးနှစ်ဖွဲ့သည် တောပုရွာခံ ပျူစောထီးနှင့် စစ်ကောင်စီအဖွဲ့ကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ စစ်ကောင်စီအဖွဲ့က တောပုရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာ ကျပိုင်ရွာ အနောက်ဘက်ရှိ ကွမ်းခြံများကို မီးရှို့ရန် ချီတက်လာသဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Monywa Lightning PDFက ဆိုသည်။

ထို့အပြင် ဒီဇင်ဘာလဆန်းပိုင်းကလည်း မုံရွာနှင့် ချောင်းဦး မြို့နယ် အခြေစိုက် PDF ၁၁ဖွဲ့ ပူးပေါင်း၍ တောပုရွာ တွင် အခြေချသည့် စစ်ကောင် စီအဖွဲ့ကို တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲမှာ နှစ်နာရီကျော်ကြာမြင့်ခဲ့ကာ ရှော့ တိုက်ဒုံး ၅၀ ကျော်၊ ၉၀ မမ လက်လုပ်လက်နက်ကြီး ၁၀ လုံးကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အထက်ပါ တော်လှန် ရေးအဖွဲ့ထံမှသိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

မုံရွာသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် မြို့ဖြစ်သည်။ ထိုစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် စပ်ဆက်သော နေရာများတွင် စစ်ဆင်ရေး လုပ်ဆောင်နေသည်။myanmar now

ရဟတ်ယာဉ်အမှုအတွက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုတွေအတွက် တရားခံပြသက်သေဖြစ်တဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို  ဒီဇင်ဘာ ၁၉ ရက် ဒီကနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ ရုံးချိန်းမှာ  သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။  

ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ စစ်ကောင်စီစွပ်စွဲထားတဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပြီးပါတယ်။

ပြီးခဲ့တဲ့အပတ် ရုံးထုတ်မှာလည်း   ခံပြသက်သေအဖြစ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးခဲ့ပေမဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုငါးမှုမှာ သုံးမှုသာ စစ်ဆေးပြီးခဲ့တဲ့အတွက် ဒီနေ့ ဆက်လက်စစ်ဆေးတာ ဖြစ်ပါတယ်။

တရားရုံးနဲ့နီးစပ်သူတဦးက “ဒီနေ့ ခံပြသက်သေအဖြစ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်တဲ့နှစ်မှု ဆက်စစ်တာ ပြီးသွားပြီ။ မနက်ဖြန် ဘယ်သူ့ကိုစစ်မယ် မသိသေးဘူး” လို့  ပြောပါတယ်။

ဒီရဟတ်ယာဉ်ဝယ်တာ၊ ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတာဝန်ပါ ယူခဲ့သူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြီးခဲ့တဲ့ရုံး ချိန်းမှာ စွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတယ် ဆိုတဲ့အ ကြောင်း ထွက်ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်တာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုအတွက် စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေတွေအနေနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် အရင် ပို့ဆက်ဒုဝန်ကြီး ဦးကျော်မျိုး၊ ရဟတ်ယာဉ်ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာတဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စစ်ဆေးပြီးဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ DVB

အမေရိကန် စစ်မှုထမ်းဟောင်း သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့သင်တန်း CNDF ပြုလုပ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းတွင် အမေရိကန်စစ်တပ်မှ သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့(Special Force) သင်တန်း ပြုလုပ်လျက်ရှိကြောင်း ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့ တပ်မဟာ(၁) တပ်ရင်း (၂) (CNDF – VAKOK) တပ်ရင်းက ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ထုတ်ပြန်သည်။

“သင်တန်းဆရာက မြန်မာပြည်ဖွား အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး အနားယူထားတဲ့သူပါ။ အရင်ကလည်း အခြား တိုင်း ရင်းသားအဖွဲ့တွေကို စေတနာ့ ဝန်ထမ်းအဖြစ် သင်တန်းပေးထားခဲ့ဖူးပြီး အဆက်အသွယ်ရလို့ အခုလိုသင်တန်းကို စီစဉ်လိုက်ရတာပါ” ဟု VAKOK – CNDF မှ စခန်းမှူး Uk Pi က မဇ္ဈိမ ကိုပြောသည်။

သင်တန်းဆရာ အချိန်ပေးနိုင်မှုနှင့် VAKOK – CNDF တပ်ဖွဲ့၏ ဘဏ္ဍာရေး အကန့် အသတ်များကြောင့် သင်တန်းသားဦးရေ အနည်းငယ်နှင့် သင်တန်းကာလ တိုကိုသာ ပြုလုပ်နိုင်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း လေ့ကျင့်ရန်နှင့် ပြည့်စုံစွာထောက်ပံ့နိုင်ခြင်း မရှိသောကြောင့် လက်နက်ခဲယမ်း အနည်းဆုံး အရေအတွက်ဖြင့်သာ လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။

အထူးတပ်ဖွဲ့ (Special Force) သင်တန်းပြီးဆုံးပါက မြို့တွင်းတိုက်ပွဲ ၊ အနီးကပ် ချေမှုန်းရေး၊ တန်ပြန် ထိုးစစ်ချေမှုန်းတိုက်ခိုက်ရေးနှင့် ပြောက် ကျားစစ်ဆင်ရေးများကို တပ်ဖွဲ့ စစ်ရေးလှုပ်ရှားရာ ကလေးမြို့ မြို့တွင်းနှင့် တောင်ပိုင်းဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

VAKOK – CNDF တပ်ဖွဲ့အနေဖြင့် နေ့စဉ်လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးများတွင် အဆင်ပြေသလို နေထိုင်နိုင်သော်လည်း ဘဏ္ဍာရေးနှင့် လက်နက်ခဲယမ်းများအတွက် လိုအပ်ချက်များရှိနေကြောင်း စခန်းမှူး Uk Pi က ဆိုသည်။

ယခုအချိန်တွင် ၎င်းတို့ တပ်ဖွဲ့၏ စစ်ရေးအသုံးစရိတ်မှာ မြင့်မားလျက်ရှိပြီး တိုက်ပွဲများ ဖော်ဆောင်ရန်အတွက် လက်နက်ခဲယမ်းလိုအပ်မှုမှာလည်း မြင့်မား လျက်ရှိကြောင်း အသိပေးထားသည်။

မိဘပြည်သူများ ၊ ပြည်တွင်းပြည်ပရှိ ညီအကိုမောင်နှမ များမှလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်း တိုက်ပွဲဝင်နေသည့် ၎င်းတို့ကို ဆက်လက် အားဖြည့်ကူညီပေးကြရန် VAKOK – CNDF တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။mizzima

နွားထိုးကြီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် ယခုလ ၁၇ ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ကာ အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ နွားထိုးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နီလာလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးဆိုသူ၏ဇနီး မလဲ့လဲ့ဖြစ်ပြီး အဖမ်းခံရပြီး နောက်တစ်ရက်တွင် တောင်သာအသွား ကားလမ်းဘေးတစ်နေရာ၌ ရုပ်အလောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံနှစ်ဦးက ဆိုသည်။

စစ်တပ်နှင့် ပျူစောထီးအဖွဲ့က လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးအား လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းခေါ်သွားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“သေသွားတဲ့အမျိုးသမီးက နီလာလျှပ်စစ်ပစ္စည်းဆိုင်ကပါ။ အမှန်က သူ့ယောက်ျားကို ဝင်ရှာတာ၊ မတွေ့လို့ မိန်းမကို ခေါ်သွားတာ။ ကိုယ်ဝန်ကြီးနဲ့ အသတ်ခံလိုက်ရတာပါ၊ ကိုယ်ဝန်က ငါးလတောင် ရှိနေပြီ” ဟု ထိုအမျိုးသားက ဆိုသည်။

နီလာလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

ကိုယ်ဝန်ငါးလဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အသက် ၃၇ နှစ်အရွယ် မလဲ့လဲ့၏ ရုပ်အလောင်းကို နွားထိုးကြီးမြို့အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ ရုန်းကုန်းရွာ (ဒေသအခေါ် ရုန်းပင်ကုန်းရွာ) အနီး လမ်းဘေးတွင် တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။​

“ဓားဒဏ်ရာတွေနဲ့ပါ။ ဗိုက်တွေကို ထိုးတယ်၊ ရင်ဝတွေကို ထိုးထားတယ်၊ လည်ပင်းကိုလည်း လှီးထားတယ်” ဟု နွားထိုးကြီးမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြင်းခြံ၊ တောင်သာမြို့နယ်တို့နှင့် ထိစပ်နေသည့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစ၍ ၁၈ ဦးအထိ ရှိလာပြီဖြစ်သည်။ 

မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင် ဆက်တိုက် ဖမ်းဆီးသတ်ဖြတ်ခံနေရသူ အများစုမှာ NLD ပါတီ ထောက်ခံသူများဖြစ်ပြီး ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူမှာ မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဖြစ်သည့် အသက် ၄၀ အရွယ် ဒေါ်သီတာယုမွန်ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုကြသည်။

အဆိုပါ အချက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဒေါ်သီတာယုမွန်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။​

ညအချိန်တွင် ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ NLD ထောက်ခံသူများ၏ နေအိမ်ကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ရောက်လာကာ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လေ့ရှိသည်ဟု နွားထိုးကြီးမြို့ခံတို့က ဆိုသည်။

“ညပိုင်းဆို လူတွေက ရှောင်ပြီး အိပ်နေရတာ။ မြို့ထဲမှာကို မအိပ်ရဲဘူး။ အရင်တုန်းက NLD အမာခံတွေပေါ့။ ပါတီဝင်တွေကို အကုန်ချိုးနှိမ်နေတဲ့ သဘောပါပဲဗျာ” ဟု အထက်ပါ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် အသက် ၅၀ အရွယ် ဦးသန်းမြင့်ဆွေ၊ ၄၀ အရွယ် ဒေါ်အေးမြတ် မွန် (ခ) မဘဲဥနှင့် အခြား နွားထိုးကြီးဒေသခံနှစ်ဦးမှာ ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရပြီးနောက် အလားတူ သတ်ဖြတ်ခံခဲ့ရသည်။​

နွားထိုးကြီးမြို့နယ် အပါအဝင် မြန်မာနိုင်ငံအလယ်ဗဟိုပိုင်းရှိ မန္တလေးတိုင်းအတွင်းမှ မြို့နယ်များတွင် စစ်ကိုင်းနှင့် မကွေးကဲ့သို့ တိုက်ပွဲများဖြစ်မနေသော်လည်း စစ်ကောင်စီ၏ဩဇာခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်ဆိုသူများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။

myanmar now

အာဆီယံတွင် မြန်မာက ငွေကြေးဖောင်းပွမှု ဒုတိယအဆိုးရွားဆုံးဖြစ်ဟု ADB ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အခု ဒီဇင်ဘာလမှ ထုတ်ပြန်တဲ့ အာရှဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာမှာဖော်ပြပါတယ်။

အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိရာက ဇွန်လမှာ ၁၉ ဒသမ ၄ အထိ မြင့်တက်ခဲ့တာဖြစ်ပြီး အာဆီယံဒေသထဲမှာတော့ မြန်မာနိုင်ငံက လာအိုပြီးရင် ဒုတိယအဆိုးရွားဆုံးဖြစ်တယ်လို့  ADB အစီရင်ခံစာအရ သိရပါတယ်။  

စစ်တပ်ကအာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၂ ခုနှစ်မှာတော့ ဇွန်လမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၉ ဒသမ ၄ ရာခိုင်နှုန်းအထိ စစ်တပ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ မြင့်တက်လာတာရှိလာတာ တွေ့ရပါတယ်။

စီးပွားရေးသီအိုရီသဘောအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏနဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီတဲ့ အားမျှခြေအပေါ်မှာ ရှိနေဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏကသာ များနေပြီး ပြည်တွင်းက ထုတ်လုပ်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေတာကြောင့် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “တည်ငြိမ်နေတဲ့ကာလတုန်းက မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုက ၇ နဲ့ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိခဲ့တယ်။ အဲဒီ့ကနေ ၂၀ ရာခိုနှုန်းနီးနီးဆိုတော့ တော်တော်လေးများတာပေါ့။ သီအိုရီအရ ပြောရင်တော့ ငွေကြေးဖောင်းပွမှုနှုန်းက အနည်းဆုံး ၁၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသင့်တယ်ပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင် ၅ ရာခိုင်နှုန်း အောက်သာ ထားရမယ်။ စီးပွားရေးပညာရှင်တွေရဲ့ အမြင်က ၅ ရာခိုင် နှုန်းအောက်သာ ရှိရမယ်။ တကယ်လို့ ၁၀ ရာခိုင်နှုန်းထက်ကျော် လာရင် တိုင်းပြည်မှာ စီးပွားရေးအခက်အခဲ တွေဖြစ်ပေါ်လာစေပြီး အထူးသ ဖြင့် ပင်စင်စားတွေ အနိမ့်ဆုံး လုပ်ခရတဲ့သူတွေနဲ့ လက်လုပ်လက်စားတွေ ဒီလူတန်းစား သုံးရပ်ကို ထိခိုက်စေတယ်။ အခုတော့ ငွေကြေး ဖောင်းပွမှု နှုန်းက ၂၀ ရာခိုင်နှုန်းနီးနီးဆိုတော့ တော်တော်လေးကြောက်စရာ ကောင်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်စစ်အစိုးရဖြစ်တဲ့ နဝတ၊နအဖ ခေတ်မှာ လိုငွေတွေအတွက် ငွေစက္ကူရိုက်နှိပ် ထုတ်ဝေပြီး ဖြေရှင်းခဲ့သလို လက်ရှိ စစ်ကောင်စီကလည်း လိုငွေအတွက် ငွေစက္ကူရိုက်နှိပ်တဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းမှာဖြစ်လို့ ပြည်တွင်းငွေကြေးဖောင်းပွမှုက စိုးရိမ်စရာ ရှိနေပါတယ်။

စီးပွားရေးမူဝါဒရေးရာသုတေသီတဦးကတော့ “အန်အယ်လ်ဒီ လက်ထက်မှာလည်း လိုငွေ ပြခဲ့တာပဲ။ ကိုဗစ်ဖြစ်တော့ ကျန်းမာရေးအတွက် အသုံးစရိတ်က သုံးရမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရဖြစ်တော့ ကျနော်တို့က ငွေစက္ကူတွေ ရိုက်မထုတ်ဖို့ ပြောကြတော့ မထုတ်ခဲ့ကြဘူး။ ဘယ်ကရလဲဆိုတော့ အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ဖြေရှင်းကြတယ်။ အဲ့တုန်းကတော့ ရောင်းလို့ရတယ်။ စီးပွားရေးက ပုံမှန်လည်ပတ်နေတာ ဆိုတော့ ပြည်သူကလည်း ဝယ်တယ်၊ ဘဏ်တွေကလည်း ဝယ်ကြတယ်။ ဒါပေမဲ့ အခုဟာ ခေတ်က ပြောင်းလဲသွားပြီ။ သူတို့ထုတ်ရောင်းလည်း ပြည်သူတွေက မဝယ်ကြသလို ဘဏ်ကလည်း ဝယ်မှာ မဟုတ်ဘူး။ ငွေတိုက်စာချုပ်တွေကို သူတို့ထုတ်ရောင်းဖို့အ တွက် ကြေညာတာ နှစ်ခါ သုံးခါ လောက်ရှိတယ်နော်၊ ကျနော် တွေ့တာ။ ဒါပေမဲ့ မရောင်းရဘူးလို့ ကျနော်တော့ ထင်တာပဲ။ ဒီတော့ မရောင်းရရင် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်းပဲ ရှိတော့တယ်။ ဒီတော့ ငွေကြေးဖောင်းပွမှုပြဿနာက ပိုဆိုးမယ့်သဘောပဲ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( အန်အယ်လ်ဒီ)လက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလ အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်မတိုင်မီကာလ ၂၀၂၀ ပြည့်နှစ်ကတော့ ပြည်တွင်းမှာ ဓာတ်အားခနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် မြန်မာ နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ DVB

ကမ္ဘာ့ဖလား ဗိုလ်လုပွဲကျင်းပနေချိန် မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ပေါ်ရှိ စစ်ကော်စီတပ်သားများစုဝေးရာ လေးနေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်တော်လှန်ရေးတပ် (Myaung Revolution Army) မှ ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုနေကြမည့်အခြေအနေကို အခွင့်ကောင်းယူကာ ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောင်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ယာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

” ဒီ Mission ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျနော်တို့ Plan (အစီအစဉ်) တွေချခဲ့ပါတယ်။ နောင်လည်း ခုလို Mission တွေလုပ်သွားဦးမှာပါပဲ ” ဟု Myaung Revolution Army ၏ တာဝန်ခံက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာများတွင် သွားလာလှုပ်ရှားမှု တက်နိုင်သလောက် မပြုလုပ်ကြရန်နှင့် ဂရုတစိုက်နေထိုင်ပေးကြရန်လည်း မေတ္တာရပ်ခံကြောင်း ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အထိအခိုက် အကျအဆုံး အများအပြားရှိသည်ဟု ပြန်လည် ကြားသိရသော်လည်း သတင်းအချက်များကိုစိစစ်ဆဲဟု သိရသည်။

ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း-၅ (MRA) နှင့်အတူ မြောင်မြို့နယ် (ပ.က.ဖ)၊ မန္တလေးခရိုင် တပ်ရင်း-၆ (MNPDF)၊ မုံရွာခရိုင်တပ်ရင်း-၁၂၊ တပ်ခွဲ-၃ ၊ မြင်းခြံခရိုင် တပ်ရင်း-၆၊ တပ်ခွဲ-၁ (NYSGF)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအပြီး ရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း မြောင်တော်လှန်ရေးတပ် (Myaung Revolution Army) ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ mizzima

စစ်ကောင်စီနှင့် မပတ်သက်လိုသောကြောင့် ထိုင်းရေနံကုမ္ပဏီမှ နော်ဝေနုတ်ထွက် 

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund က ယခုလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုင်းနိုင်ငံပိုင် PTT ရေနံကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေပြီး PTT ၏လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော PTTOR သည်လည်း မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူလုပ်ငန်းများရှိနေသည်။ 

ယခုနှစ် မေလအတွင်း နော်ဝေနိုင်ငံ၏ ကျင့်ဝတ်ရေးရာကောင်စီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၏ အကြံပြုချက်အတိုင်း ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများမှ နုတ်ထွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာစစ်တပ်အတွက် အကြီးမားဆုံးဘဏ္ဍာငွေအရင်းအမြစ် ဖြစ်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အကျိုးသက်ရောက်စေတဲ့အတွက်ပါပဲ” ဟု နော်ဝေကျင့်ဝတ်ရေးရာကောင်စီ (Council of Ethnics) က ဆိုသည်။​

“မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အကူပြုစေတဲ့ ဘဏ္ဍာရေးအရအထောက်အပံ့ပြုနေတာပါ” 

အထက်ပါကောင်စီသည် နိုင်ငံတကာရှိ နော်ဝေရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံရှိ အထင်ကရ နော်ဝေရင်းနှီးမြှုပ်နှံလုပ်ငန်းကြီးတစ်ခုဖြစ်သော တယ်လီနောဆက်သွယ်ရေးကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးကုမ္ပဏီမှာ မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ Norway’s Oil Fund ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ PTT ရေနံကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂ သန်း၊ PTTOR ကုမ္ပဏီတွင် ၁၀ ဒသမ ၉ သန်းရှိသည်ဟု စစ်တပ်က၏ အကျိုးစီးပွားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ရှယ်ယာများတွင် အမေရိကန် ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် State Street နှင့် Bank of New York Mellon တို့လည်း ပါဝင်နေပြီး နော်ဝေရေနံရန်ပုံငွေအတိုင်း လိုက်ပါ လုပ်ဆောင်ရန် လိုကြောင်း JFM က ထောက်ပြထားသည်။ 

ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီက စစ်ကောင်စီနှင့် လက်တွဲကာ အကျိုးတူစီးပွားရှာနေခြင်းအတွက် ထိုင်းအစိုးရအပေါ် မေးခွန်းထုတ်စရာဖြစ်နေ သည်ဟုလည်း နော်ဝေကျင့်ဝတ်ရေးရာကောင်စီက ဆိုသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total နုတ်ထွက်သွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာ ဝဓာတ်ငွေ့စီမံကိန်းတွင် ထိုင်းနိုင်ငံပိုင် PTT က အော်ပရေတာ ဖြစ်လာခဲ့သည်။ ထို့ပြင် PTT မှာ ဇောတိကစီမံကိန်း၏ အော်ပရေတာလည်းဖြစ်ကာ မြန်မာ့ကမ်းလွန်၌ အခြားလုပ်ကွက်များလည်း ရရှိထားသည်။

ယင်း၏ကုမ္ပဏီခွဲဖြစ်သော PTTOR မှာ စစ်တပ်ပိုင် MEC နှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင် ဖြန့်ဖြူရေးလုပ်ငန်းများ လုပ် ကိုင်နေသည်။​

ဗြိတိသျှရေနံကုမ္ပဏီ BP ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ၆ ဒသမ ၇ ဘီလျံကုဗမီတာ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ၃ ဒသမ ၉ ဘီလျံကုဗမီတာ တင်ပိုခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ စုစုပေါင်းတင်ပို့မှုမှာ အင်ဒိုနီးရှားနှင့် အခြား အာရှပစိဖိတ်နိုင်ငံများထက် များပြားကြောင်း သိရသည်။​

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဝင်ငွေရရှိနေပြီး အဆိုပါငွေများသည် MOGE မှတစ်ဆင့် အာဏာသိမ်းစစ်တပ်ထံ ရောက်ရှိနေသည်။myanmar now

« Older Entries