Monthly Archives: Dec 2022

အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေ ညာ ချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို

အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်အပေါ်  ကြိုဆိုပေမဲ့ စစ်ကောင်စီကို ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်က  အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေးပူးတွဲထုတ်ပြန်ချက်မှာ မြန်မာအရေးနဲ့ ပတ်သက်လို့  နိုင်ငံအတွင်း အကြမ်း ဖက် မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးဖို့တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက မတရား ကွပ်မျက်ခဲ့အပေါ် အီးယူနဲ့ အာဆီယံခေါင်းဆောင်တွေက ရှုတ် ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ကို သက်ဆိုင်တဲ့ အဖွဲ့ အားလုံးနဲ့ အပြည့်အဝ ထိတွေ့ဆက်ဆံ ယုံကြည်မှုတည်ဆောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒီတောင်းဆိုချက်တွေကို NUG အနေနဲ့ ကြိုဆိုပေမဲ့ အရေးပါတဲ့ အချက်အလက်တွေ မပါဝင်ဘဲ ကျန်ရှိနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသလို  စစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ယုတ်မာရက်စက်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံဖို့၊  စစ်အုပ်စုရဲ့ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းကို ပယ်ချဖို့၊ လေ ယာဉ်ဆီ ရောင်းချနေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အပါအဝင် အပြစ်မဲ့အရပ်သားတွေအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြု လုပ်လာနိုင်တဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရေး ထိရောက်တဲ့ဆောင်ရွက်မှုတွေလုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထပ်မံကွပ်မျက်တာ မပြုနိုင်အောင် ပြင်းထန်တဲ့ ဖိအားတွေပေးဖို့လည်း NUG ကတိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမယ်၊ အာဆီယံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနဲ့ နိုင်ငံတ ကာ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုတွေ အပေါ်ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသဖို့လည်း NUG ကတိုက်တွန်းလိုက်ပါတယ်။ DVB

KNU နယ်မြေ၊ မဲဝိုင်ကျေးရွာအုပ်စုနှင့် ကျုံဒိုးမြို့နယ် ကို စစ်တပ် က လေ ကြောင်း ဖြင့် ဗုံးကျဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နေအိမ် ၁၉ လုံး ပျက်စီး

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်ဒိုးမြို့နယ်၊ မဲဝိုင်ကျေးရွာ အုပ် ကျေးရွာအုပ်စု၊ ဝါသိုးလော်ကျေးရွာအတွင်း အကြမ်း ဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNU တပ်မ ဟာ ၅ က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဝါသိုးလော်ကျေးရွာအတွင်း ကျ ရောက် ခဲ့ပြီး လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည့် အပြင် လူနေအိမ် ၁၀ လုံး၊ စပါးကျည် တစ်လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်က မဲဝိုင်ကျေးရွာ အုပ် စု၊ ခလိုမီးကျေးရွာအတွင်း တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကျဲခဲ့ရာ လူနေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး နောက်ထပ် လူနေအိမ် ၄ လုံးနှင့် စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့ကြောင်း ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ မဲဝိုင်ဒေသတွင် (၂) ရက် ဆက်တိုက် တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံ ရွာသား များမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ် က မူတော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ခေါဝါးရွာရှိ လယ်ယာ လုပ်ငန်းခွင်အတွင်း တိုက်လေယာဉ် ဖြင့် ဗုံး ၂ လုံးကြဲချပြီး နေ့လည် ၁၀ နာရီ ၄၁ မိနစ်ကလည်း ဗုံး ၂ လုံးထပ်မံကျဲချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်ပိုင် မဲ၀ိုင်စခန်းကို KNU နှင့် PDF တပ်ဖွဲ့များ နေ့စဉ်တိုက်ခိုက်လျက်ရှိ ကြောင်း ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၈ ရက် မွန်းတည့် ၁၂ က အကြမ်းဖက်စစ်ကောင်စီ (ခလရ-၉၇) တပ်ရင်းကကေအဲန်ယူ- ဒူးပလာယာခရိုင် ၊ ကျုံဒိုးမြို့ နယ်၊ဖားကျကျေးရွာ အတွင်းသို့ ၁၀၅ မမ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာလူနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း သိရသည်။khit thit

စစ်ကိုင်းတွင် ထွေအုပ်ဌာနကို စစ်မျိုးစစ်နွယ်များဖြင့် လည်ပတ်ရန် စီစဉ်

စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသီး သီးတွင် တပ်မိသားစုဝင်များကို အလုပ်ခန့်ရန် စစ်ကောင်စီ စီစဉ်နေသည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ မှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က ယခုလ ၉ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပေးပို့သည့် ရုံးစာတစ်စောင်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်း၊တပ်ဖွဲ့ဝင်များရှိ မှီခိုသူများ အလုပ်အကိုင်ရရှိရေး ကူညီပေးရန် သက်ဆိုင်ရာ စီမံ အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားသည်။​

မုံရွာ၊ အရာတော်၊ စစ်ကိုင်း၊ ရွှေဘို၊ ပခုက္ကူ၊ ကျီကုန်း၊ ဟုမ္မလင်းတပ်နယ်များမှ ထွေအုပ်ဌာန အလုပ်အကိုင်အတွက် လျှောက်ထားသူ ကျား ၁၃၊ မ ၄၈ စုစုပေါင်း ၆၁ ဦးရှိကြောင်း၊ အသက် ၃၅ နှစ်မှ ၁၇ နှစ်အရွယ်အတွင်းရှိကြောင်း၊ အရာခံဗိုလ်မှ တပ်သားအဆင့်ရှိ စစ်သားများ၏ ဇနီး၊ သားသမီးနှင့်  ညီညီမမှစ၍ တူတူမများအထိ ပါဝင်သည်ကို တွေ့ရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် စပ်ဆက်သော နေရာများတွင် စစ်ဆင်ရေး လုပ်ဆောင်နေသည်။ 

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီလက်ချက်ဖြင့် ကျေးရွာများ မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်း တွင် အများဆုံးဖြစ်သည်။ ထို့အတူ စစ်ကိုင်းတိုင်းအတွင်း ရရာလက်နက်ဖြင့် ခုခံနေသူများကို စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်နေရသည်။

ထိုအခြေအနေတွင် စစ်ကိုင်းတိုင်းအတွင်း၌ ဒေသန္တရဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများ၌ အလွန်အရေးပါ သည့် ထွေအုပ်ဌာနများတွင် တပ်မိသားစုဝင်များကို အလုံးအရင်းဖြင့် ခန့်အပ်ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို စစ်အာဏာရှင်များက ၎င်းတို့ တိုက်ရိုက်စီမံခန့်ခွဲနိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ထားရှိကာ အပြည့်အဝ ထိန်းချုပ်ထားသည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အရပ်သားအစိုးရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) လက်ထက်တွင် ထွေအုပ်ဌာန၏ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနက စီမံခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ၊ စစ်တပ်က တကျောပြန် အာဏာသိမ်းပြီးနောက်တွင် ပြည်ထဲရေးအောက်သို့ ပြန်ရွှေ့ထားသည်။

စစ်ကောင်စီ လက်ထက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လွှတ်တော်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ တပ်ဘက်မှ အများဆုံး ပြောင်းရွှေ့လာကြကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်း ထံမှ ကြားသိရသည်။

“စစ်ကောင်စီက ရွေးကောက်ပွဲကို အဓိက ဦးစားပေးလုပ်နေတာ။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဌာနတွေကို စစ်တပ်ကသူတွေ အများဆုံးပြောင်းရွှေ့နေတာတော့ တွေ့ရတယ်”ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ လုံခြုံရေးအရ နာမည်မဖော်လိုသည့် ညွှန်ကြားရေးမှူးအဆင့် အမျိုးသားက ပြောသည်။

မိုးကျရွှေကိုယ်များထဲတွင် ဗိုလ်မှူးကြီးအဆင့်ကို ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်ကို ဒုတိယ ညွန်ကြားရေးမှူး ရာထူးများပေးလေ့ရှိကြောင်း၊ အာဏာရှင်ဟောင်း ဦးသန်းရွှေခတ်တွင် အရပ်ဘက် ပြောင်းသည့် ဗိုလ်ကြီးအဆင့်များမှာ ဦးစီးအရာရှိ ရာထူးသာရလေ့ရှိသော်လည်း စစ်ကောင်စီကမူ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်အထိပင် ပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဌာနတွေမှာ မိုးကျရွှေကိုယ်တွေလည်းရောက်တယ်။ စစ်တပ်က မိသားစုဝင်တွေလည်းရောက်တယ်။ ဌာနအကြီးအကဲရဲ့ ဆွေမျိုးတွေ ဝန်ထမ်းတွေရဲ့ အမျိုးတွေလည်း ရောက်တာပဲ။ ရာထူးတွေတော့ မတူကြ ဘူးပေါ့။ ရာထူးကြီးတဲ့သူရဲ့ အကန့်နဲ့ဆိုရင် နေရာကောင်းရတာပေါ့ဗျ”ဟု အထက်ပါ သတင်းရင်းမြစ် ကဆိုသည်။

နေပြည်တော်ရှိ ဌာနတစ်ခု၏ ဦးစီးအရာရှိတစ်ဦး၏ အဆိုအရ စစ်ကောင်စီလက်ထက်တွင် စစ်ဘက်မှ အရပ်ဘက်သို့ အပြီးပြောင်းရွှေ့သူများရှိသလို တွဲဖက်ဟူသော သတ်မှတ်ချက်ဖြင့် အရပ်ဘက်၊ စစ်ဘက် ပူးတွဲတာဝန်ယူထားသူများလည်းရှိနေကြောင်း သိရသည်။

“အရပ်ဘက်ရော၊ တပ်ထဲရော ပြောင်းချင်တဲ့ဘက် အချိန်မရွေး ပြောင်းလို့ရအောင် တွဲဖက်ဆိုပြီး စကစ (စစ်ကောင်စီ) အစိုးရအဖွဲ့ရုံးမှာ ထားပေးထားတာ။ ရာထူးကြီးကြီးနဲ့ ပြောင်းရွှေ့လာတဲ့ လူကြီးတွေက သူ့လူယုံတွေကို ခေါ်လာတဲ့သဘောပေါ့ ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက အစိုးရဝန်ထမ်းများကို အသက် ၆၂နှစ် ပြည့်ချိန်မှ သက်ပြည့်ပင်စင်ယူခွင့် ပြုမည်ဟု ပြင်ဆင်သတ်မှတ်ထားချိန်တွင် တပ်ဘက်မှ အရပ်ဘက်ဌာနအသီးသီးသို့ အရာရှိများအဖြစ် ရောက်လာ၍ အရပ်သားဝန်ထမ်းများ ရာထူးတက်လမ်း မျှော်လင့်ချက်မရှိသဖြင့် စိတ်ဓာတ်ကျနေရ ကြောင်း ဝန်ထမ်း လုပ်သက် ၂၀ နှစ်ကျော်ရှိသည့် အထက်ပါ ဦးစီးအရာရှိထံမှသိရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း အစိုးရ ဝန်ထမ်းအများအပြား နှုတ်ထွက်ခဲ့ကြသဖြင့် စစ်ကောင်စီ အ ကြပ် တွေ့ခဲ့ရသည်ကို ကျန်းမာရေးကဏ္ဍတွင် ထင်ရှားစွာ တွေ့ခဲ့ရသည်။  စစ်ဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြု ၂၀၀ နီးပါးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် အရပ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုဘက်သို့ ယခုနှစ်ဆန်းတွင် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခဲ့သည်။

အာဏာသိမ်းပြီးနောက်တွင် မိုးကျရွှေကိုယ်ဟု အများက ခေါ်ကြသည့် စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ထမ်းဆောင်သူများမှာ ထွေအုပ်နှင့် ကျန်းမာရေးဌာနများတွင်သာမကဘဲ အခြားဝန်ကြီး ဌာနများသို့လည်း အလုံးအရင်းဖြင့် ရောက်လာသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီလက်ထက် တပ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသည့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ အ တည်မပြုနိုင်သေးပေ။ myanmar now

ကဗျာဆရာ လူဖန်ခါးကို ထောင်ဒဏ် ၂ နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၈ နှစ်ခွဲရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး ပင်မသပိတ်စစ်ကြောင်းခေါင်းဆောင် ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၁၉ ရက် မှာ   ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက် သူ့အပေါ်ချမှတ်ထားတဲ့ စုစု ပေါင်းထောင်ဒဏ်  ၂၈ နှစ်ခွဲရှိသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ကဗျာဆရာ လူဖန်ခါးကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ (၁၂၂) (၁၂၄)၊ ပုဒ်မ ၅၀၅၊  ပုဒ်မ ၃၃၂ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွေအပါအဝင် အမှု ၈ မှုနဲ့  တရားစွဲဆိုထားခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ပုဒ်မ ၅၀၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်ချခဲ့တာပါ။

လူဖန်ခါးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက”ဖမ်းခံရတဲ့အချိန်ကစပြီး မတရား ပုဒ်မတွေတပ် တရားစွဲ ထောင်ချခဲ့တာ။ အမှု ၈ မှုတပ်ထားတယ်။ အဲဒီအမှုတွေထဲကမှ ပုဒ်မ ၅၀၅ အမှုအတွက် ၂ နှစ်ထပ်ပြီး တိုးတယ်။ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ်နဲ့ ၆ လ ဖြစ်သွားတယ်”လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ လူဖန်ခါးကို ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးခဲ့ကာ မတရားပုဒ်မတွေတပ် တရားစွဲခဲ့ပြီးနောက် ထောင်ဒဏ်ချခဲ့တာဖြစ်ပါတယ်။

ဒီနောက် ဇွန် ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ လူဖန်ခါးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ  ၁၁ ဦးကို ထောင်ဒဏ်နှစ် ၂၀ စီ  ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  DVB

တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများကို စစ်ကောင်စီက သစ္စာအဓိဋ္ဌာန် ၆ ချက် နံနက်တိုင်း ရွတ်ဆိုခိုင်း၊ ယခင် သစ္စာအဓိဌာန် ၄ ချက်သာရှိရာမှ မင်းအောင်လှိုင်က ၂ ချက်တိုးထည့်၍ ရွတ်ဆိုခိုင်း

အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများကို သစ္စာအဓိဋ္ဌာန်ပြုချက် ၆ ချက်ကို ဆိုင်း ဘုတ် များဖြင့် စိုက်ထူခိုင်းပြီး နံနက်တိုင်း ရုံးတက်ချိန်တွင် ရွတ်ဆိုခိုင်းနေကြောင်း ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခင်က ဝန်ထမ်းသစ္စာအဓိဋ္ဌာန်သည် ၄ ချက်သာရှိရာမှ အကြမ်းဖက်မင်းအောင်လှိုင်က ထပ်မံ၍ အချက် ၂ ချက် တိုးကာ ယင်းသစ္စာအဓိဋ္ဌာန်ချက်များကို နံနက်ခင်း ရုံးတက်ချိန်တိုင်း ဝန်ထမ်းအားလုံး မဖြစ်မနေ ရွတ်ဆိုရန် စစ်ကောင်စီနှင့် မင်းအောင်လှိုင်က ခိုင်းစေလာခြင်းဖြစ် ကြောင်း သိရှိရသည်။

“စစ်ကောင်စီက တစ်နိုင်ငံလုံး ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၄ ချက် ရှိနေရာကနေ ၆ ချက်အထိတိုးတယ်။ အဲဒါတွေကို မနက်တိုင်း ရုံးတက်ရင် ရွတ်ခိုင်းတယ်။ ရုံးတွေ အားလုံး မဖြစ်မနေ လုပ်ခိုင်းတာ။ စစ်တပ် လိုမျိုး လုပ်နေတာ”ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခင်က ဝန်ထမ်း သစ္စာအဓိဋ္ဌာန်အဖြစ် အချက် ၄ ချက်သာရှိပြီး အဆိုပါ အချက် ၄ ချက်မှာ-

၁-ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။

၂- ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၃- ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။

၄- ကျွန်ုပ်တို့သည် အမိနိုင်တော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်း ဆောင် ရွက် ပါမည် အချက်များဖြစ်သည်။

သို့ရာတွင် အကြမ်းဖက်မင်းအောင်လှိုင်က ဝန်ထမ်းများ သစ္စာအဓိဋ္ဌာန်အဖြစ် နံပါတ် ၅ နှင့် နံပါတ် ၆ အချက်များကို ထပ်မံ ထည့်သွင်းလိုက်ပြီး ယင်းတို့မှာ-

၅-ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင် နေထိုင်ပါမည်။

၆- ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်သွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည် ဆိုသော အချက်များဖြစ်သည်။

သိန်းစိန်အစိုးရ လက်ထက်နှင့် NLD အစိုးရလက်ထက်တွင် ဝန်ထမ်း သစ္စာအဓိဋ္ဌာန်များကို ရွတ်ဆို ရခြင်းမရှိဘဲ ယခု အကြမ်းဖက်မင်းအောင် လှိုင်က ဝန်ထမ်းတိုင်း ရွတ်ဆိုခိုင်းလာခြင်းမှာ ဝန်ထမ်း ယန္တရားကို စစ်တပ်ကဲ့သို့ ပုံသွင်းပြီး စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည် တည် ထောင်ခြင်းဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယင်းသို့ရွတ်ဆိုရမှု၊ ဝန်ထမ်းများနှင့်မသက်ဆိုင်သော မင်းအောင်လှိုင် ကို အလေးပြုရသည့် ဗိုလ်ရှုသဘင်များအပေါ် စိတ်ပျက် လာကြ ကြောင်း သိရှိရသည်။ khit thit

မြန်မာအရေး ဆုံးဖြတ်ချက်မူကြမ်းအား လုံခြုံ ရေးကောင်စီ မဲပေးမည်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပြီး ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရန် စစ်အာဏာသိမ်းအုပ်စုကို တိုက်တွန်းသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လာမည့်ရက် ဒီဇင်ဘာ ၂၁ ရက်တွင် မဲပေးဖွယ်ရှိကြောင်း သံတမန်များက ပြောသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော တာဝန်ရှိသူများကို ဖမ်းဆီးပြီး ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ရာ ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများနှင့် လက်နက်တော်လှန်မှုများ ဖြစ်ပွားပေါ်ပေါက်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခအကျပ်အတည်း ဆိုက်လျက်ရှိသည်။ 

စစ်အာဏာသိမ်းအုပ်စုကို ပြင်းပြင်းထန်ထန် အရေးယူခြင်းအား တရုတ်နှင့် ရုရှတို့က ကားဆီးထားဖွယ်ရှိကြောင်း သံတမန်များ၏ ပြောဆိုမှုနှင့်အတူ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီတွင် မြန်မာအရေးက ကာလရှည် သဘောထားကွဲလွဲလျက် ရှိသည်။ ၂၀၁၇ ခုနှစ်က စစ်တပ်ဦးဆောင်သော ရိုဟင်ဂျာမွတ်စလင်များကို ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ၇၀၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံရသည့် မြန်မာ့အရေးတွင် လုံခြုံရေးကောင်စီသည် လက်ရှိအထိ သမရိုးကျ ထုတ်ပြန်ချက်များသာ သဘောတူညီမှု ရှိသည်။ 

ဗြိတိန်က မူကြမ်းရေးဆွဲသော ဆုံးဖြတ်ချက်မူကြမ်းအပေါ် စေ့စပ်ညှိနှိုင်းမှုများသည် စက်တင်ဘာလအတွင်းက စတင်သည်။ ရိုက်တာက မြင်တွေ့ခဲ့ရသည့် ကနဦး မူကြမ်းပါ စာသားတွင် မြန်မာနိုင်ငံဆီ စစ်လက်နက်ပစ္စည်းများ ပေးပို့ခြင်း ချက်ချင်း ရပ်တန့်ရန် တိုက်တွန်းထားကာ ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသော်လည်း ယင်း စာသားများကို ထိုအချိန်ကပင် ဖယ်ရှားခဲ့သည်။ 

ဆုံးဖြတ်ချက် အတည်ဖြစ်ရန်မှာ လုံခြုံရေးကောင်စီတွင် အနည်းဆုံး ကိုးနိုင်ငံက မဲပေးထောက်ခံရပြီး ရုရှ၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဗီတိုအာဏာသုံး ပယ်ချခြင်း မပြုမှ အတည်ဖြစ်နိုင်သည်။ 

“ဒီကိစ္စကို ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတုန်းပဲ ဖြစ်တယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗာဆေးလီ နီဘန်ဇီယာက တန င်္လာနေ့တွင် ပြောပြီး “လက်သင့်မခံနိုင်စရာ တစ်ခုခုကို အတည်ပြုမိခြင်းဖြင့် မြန်မာအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်လာခြင်း မရှိရာမှ မြန်မာနိုင်ငံက ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ရိုက်ခတ်လာနိုင်မှု”ကို ရုရှအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဖြည့်စွက်ပြောသည်။ 

ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်က မူကြမ်းပါ စာသားနှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် တောင်းခံမှုကို ချက်ချင်း တုံ့ပြန်လာခြင်း မရှိပေ။ 

ရိုက်တာက မြင်တွေ့ခွင့်ရသည့် ဆုံးဖြတ်ချက် မူကြမ်းတွင် အာဏာသိမ်းချိန်၌ စစ်တပ်က ပြဋ္ဌာန်းသော ရှိနေဆဲ အရေးပေါ် အခြေအနေနှင့် မြန်မာပြည်သူများအပေါ် “စိုးရိမ်ဖွယ် ရိုက်ခတ်မှု” ကို “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဖော်ပြထားသည်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို “လက်တွေ့ဖြစ်ပြီး ချက်ချင်းဆောင်ရွက်မှုများ” ဖြင့် အကောင်အထည်ဖော်ရန် ယင်းမူကြမ်းတွင် တိုက်တွန်းထားသည်။ ထိုပြင် “မြန်မာပြည်သူများ၏ သဘောထားများနှင့် အကျိုးစီးပွားတို့အရ အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ထိန်း သိမ်း ရန်” တောင်းဆိုထားချက်လည်း ပါရှိသည်။  mizzima

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၆၁၄ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၁၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၆၃ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၈၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၇၂၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၅၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ကနေ လွတ်မြောက်လာပြီး ၇ လအကြာမှာ ထပ်မံဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်မြို့က  သတင်း ထောက် ကိုစိုးရာဇာထွန်းကို အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုစိုးရာဇာထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဆန္ဒထုတ်ဖော်ပွဲတွေကို သတင်းယူနေချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်က လွတ်မြောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှာတော့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ ထပ်မံဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါ တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က သင်္ဃန်းကျွန်းပို့စ်မီဒီယာက အယ်ဒီတာချုပ် ကိုဝေလင်းယုနဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ ကိုဝေလင်းယုနဲ့ မထက်ထက်အောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊  စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခံရချိန်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စွပ်စွဲခံထားခဲ့ရတာ ဖြစ်ပါ တယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

« Older Entries