Monthly Archives: Dec 2022

ရခိုင်ပြည်နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေ

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီ နှစ်ဖက်အုပ်ချုပ်ရေးနှစ်ခုကြားမှာ ညပ်နေကြပြီး  တာဝန်ဆက်လက်ထမ်းဆောင်ဖို့ အဆင်မပြေတော့တာကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်နုတ်ထွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတဦးက “ကျနော်တို့ အခုလုပ်နေရတဲ့ အလုပ်တွေက နှစ်ဖက် အုပ်ချုပ်ရေးကြားမှာ ညှပ်နေတာပါ။ အေအေဘက်ကခိုင်းရင်လည်း လုပ်ပေးရတယ်။ မလုပ်ပေးရင် အမြင်မကြည်ဘူး။ စစ်ကောင်စီဘက်ကမေးရင်လည်း မသိတာကို မသိဘူးလို့ ဖြေရင်လည်း သံသယဖြစ်တယ်။ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမယ်။ ထောင်ချခံရမယ်။ ဒါကြောင့် မိမိတို့ဘာသာ နုတ်ထွက်ပြီး ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားတော့မယ်လို့ ဆုံးဖြတ်ပြီး အလုပ်ထွက်လိုက်တာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ လက်ရှိအုပ်ချုပ်ရေးမှူးတွေဟာ အရင်ကထပ်ပိုမို ခက်ခဲ ကျပ်တည်းလာတာကြောင့်  သူတို့ရဲ့ သ ဘော ဆန္ဒနဲ့ နုတ်ထွက်ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်နဲ့ မောင်တောမြို့ အင်ဒင်ကျေးရွာက အုပ် ချုပ်ရေးမှူးတို့ နုတ်ထွက်ခဲ့ကြပြီး ဒီဇင်ဘာ ၁၆ ရက်ကလည်း ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်စု ၁၉ စုရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်နယ်မြေရှိ ကူတောင်၊ ကပ်ချောင်း၊ ဖြူချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ညောင်ပင်လယ်၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မွတ်ဆလင်)၊ မြင်းကန်းချောင်း၊ မင်းဂံ၊ သာစည်ထောင့်၊ ရေပိုက်ဆုံ၊ ကျွန်းကြီးနဲ့ ရွှေလောင်းတင် ကျေးရွာ ၁၉ ရွာက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၉ ဦး နုတ်ထွက်စာ တင်ကြတာလည်း ဖြစ်ပါတယ်။

အေအေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို ၂၀၂၀ ပြည့်နှစ်ကစပြီး  မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ စတင်ခဲ့ပြီးနောက် တချို့မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားကို ပယ်ဖျက်ကာ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို လုပ်ဆောင်လာနေကြတာပါ။

အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက “အုပ်ချုပ်ရေးမှူးတွေ  နုတ်ထွက်သွားတော့ ကျနော်တို့ ကျေးရွာတွေက လူတွေက ခရီးတွေသွားတဲ့အခါ အတော်လေး အခက်အခဲဖြစ်ရတယ်။ အေအေဘက်ကို သတင်းပေးသွားရင်လည်း စစ်ကောင်စီဘက်က မှတ်ပုံတင်စစ်တာတို့ အုပ်ချုပ်ရေးမှူးလက်မှတ် မပါရင် ခရီးသွားလာခွင့် မပေးတာတို့နဲ့ ကြုံနေရတယ်” လို့  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ချိန်က ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မင်းပြား စတဲ့မြို့နယ်တွေက ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံ ၁၃ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး တချို့လည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။DVB

နေပြည်တော်၊ ဥတ္တရသီရိ V4 လမ်းဆုံ စစ် ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်၊ ကြာအင်းဆိပ်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲမှု မြို့နယ်မှူးရုံးခန်း ပျက် စီးပြီး ရဲ ၁ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ V4 လမ်းဆုံရှိ စစ်ကောင် စီ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်ကြောင်း နေပြည်တော် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဥတ္တရ သီရိမြို့နယ်၊ ရွှေနံ့ သာ ရပ်ကွက် V4 လမ်းဆုံ စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ (ပ.က.ဖ)က လက်ပစ်ဗုံးဖြင့်ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း အဆိုပါ ပ.က.ဖ အဖွဲ့ဝင်က ပြောဆိုသည်။

“စစ်ခွေး အသေအပျောက် အထိ အခိုက်တော့မသိရသေးဘူး။ ထိခိုက်မှုမရှိတာ လည်း ဖြစ်နိုင်ပါတယ်။ နေပြည်တော်မှာ ငြိမ်သက်မနေဘူးဆိုတာ ပြချင် တာပါ” ဟု နေပြည်တော် ပ.က.ဖ အဖွဲ့ဝင်က ဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းကို ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ၂ ကြိမ်လာရောက်ဗုံးကျဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒရုန်းဖြင့် ကြာအင်းဆိပ်ကြီး မြို့နယ် မြို့မ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးများ လာကျဲချသွားကြောင်း သိရှိရသည်။

” ဒီနေ့ မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ မနေ့ည ၇ နာရီက တစ်ကြိမ် ဒရုန်းနဲ့ ဗုံးလာကျဲတယ်။ မြို့နယ်ရဲတပ်ဖွဲ့ရဲ့ မြို့နယ်မှူးရုံးခန်း ထိခိုက်ပျက်စီးတယ်။ ရဲတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှုကို မည်သည့်အဖွဲ့က တိုက် ခိုက် ခြင်းဖြစ်သည်ကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။khit thit

ပုလောမြို့အဝင်တွင် ခရီးသွားကို စစ်ကောင်စီတပ်ဖွဲ့ ရိုက်နှက်စစ်ဆေးကာ ပစ်သတ်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိမြို့အဝင်တံတားတွင် ခရီးသွားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ မြို့အဝင်တံတားထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ထားဝယ်ဘက်မှ ဆင်းလာသော ခရီးသည်တင်ကား တစ်စီးကို ရပ်တန့် စစ်ဆေးချိန်၌ ခရီးသည်အမျိုးသားတစ်ဦးကို မသင်္ကာဟုဆိုကာ အပြင်းအထန် ရိုက်နှက်စစ်ဆေးရာ ပြန်လည်ခုခံသည်ဟုဆို၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုလောမြို့ခံတစ်ဦးက“စစ်သားတွေက ဝိုင်းရိုက်တယ်လို့ သိရပါတယ်၊ မခံနိုင်လို့ လက်နဲ့ကာတဲ့အချိန်မှာ သေနတ်လုတယ်ဆိုပြီး ပစ်သတ်လိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

အကြောင်းမဲ့ ရိုက်နှက် ပစ်သတ်ခံရသည့် အမျိုးသားကို စစ်ကောင်စီ တပ်သားများက ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

သေဆုံးသူ အမျိုးသားသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဆင်းလာသည့် ခရီးသည်ဖြစ်သည်ဟုလည်းကောင်း၊ ယာဉ်နောက် လိုက်တစ်ဦး ဖြစ်သည်ဟု လည်းကောင်းဒေသခံများထံမှသိရသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အခင်းဖြစ်ပွားတဲ့ အချိန်မှာ ဆေးရုံကို တင်ပို့လိုက်တယ်လို့ ပြောတယ်၊ ဆေးရုံရောက်မှ ဆုံးသွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ခရီးသည်အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိတ်တဆိတ် နေ့ချင်း မီးသင်္ဂြိုဟ်ခဲ့ပြီး သင်္ဂြိုဟ်နေသည့်နေရာ အနီးအနားသို့ မည်သူမျှ ကပ်ခွင့်မပေးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယင်းခရီးသည်တင် ယာဉ်ပေါ်ပါ ကျန်ခရီးသည်များကိုလည်း ပုလောမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရပြီး ယနေ့ ဒီဇင် ဘာလ ၂၁ ရက်နေ့ အထိ ပြန်လည်လွှတ်ပေးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။mizzima

ဘုတလင်နှင့်ဝက်လက်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ ဝက်လက်မြို့နယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက် စစ်ကောင်စီတပ် မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်မြို့‌အထွက်က ကြောင်ပန်းလမ်းခွဲ စစ်ဆေးရေးဂိတ်အနီး ကင်းဝပ်လေ့ရှိတဲ့ နေရာကို ကြိုတင်မိုင်းထောင်ခံရပြီး သူတို့ ညနေပိုင်းကင်းပုန်း ပြန်ဝတ်တဲ့အချိန် အခုလို မိုင်းဆွဲခံရတာဗျ။ စခ ၂ ကောင်မြေပေါ်မှာ တုံးလုံးလဲကျနေတာမြင်ရတယ်။ အဲတာပြီးတော့ မထိခိုက်တဲ့ စခတွေကတော့ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တယ်။ ခဏနေကြတော့ လဲကျသွားတဲ့ စခ ၂ ဦးကို ကားအမည်းလေးတစီးပေါ်တင်ပြီး ဘုတလင်ဆေးရုံ အမြန်မောင်းသွားတယ်” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါပစ်ခိုက်တိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

အလားတူ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိန်းမကားရဲစခန်းကို ဧရာဝတီမြစ်အတွင်းကနေ ရိက္ခာလာပို့တဲ့ မော်တော် ၂ စီးအား ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဗိုလ်ကျားကြီးအဖွဲ့က သိရပါတယ်။

“မန္တလေးမြိုကနေ ရိက္ခာလာပို့တဲ့မော်တော်ဗျ။ အစောပိုင်းတုန်းကတော့ သတင်းက စောစောမရလိုက်ဘူး။ အခုဟာက ရှိန်းမကားဆိပ်ကမ်းရောက်ခါအနီးမှ သိရလို့ ကျနော်တို့ လက်နက်ကြီး ၂၀ ကျော်နဲ့ပစ်ခတ်ခဲ့တယ်ဗျ။ သူတို့နေရာအနီးတော့ကျတယ်ဗျ၊ အထိခိုက်အကျအဆုံးတော့ မသိရသေးဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီး ၃ လုံးနဲ့ ပြန်ပစ်တယ်။ ပေါက်ကွဲမှုမရှိလို့ ကျနော်တို့အဖွဲ့ အထိအခိုက်မရှိခဲ့ဘူး” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နဲ့ ကျားသစ်နက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် များ ဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ ကာ ကွယ် ရေး တပ်များ အကြား ယနေ့ နံနက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ် တပ် က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများနှင့်ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုကြသည်။

ကနီမြို့နယ် မုဌေါရွာအနီးတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန် မှစတင်ပြီး စစ်ကောင်စီနှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ပေါင်းစုံတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Mi35 ရတ်ယာဉ်များဖြင့် ပစ်ခတ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၈ ရက် နေ့ ၊မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ စတင်ထွက်ခွာသော တပ်များ ဖြစ်‌ပြီး ကျောက်မှော်ကျေးရွာမှ ပြည်သူ ၂ ဦး၊ အိုင်တောင်ကျေးရွာမှ ပြည်သူ ၂ ဦး စုစုပေါင်း အရပ်သား ပြည်သူ ၄ ဦးကို သတ် ဖြတ်ခဲ့သော တပ်များဖြစ် ကြောင်း၊ ယနေ့တွင်မူ ကနီမြို့နယ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်စဉ် တိုက်ပွဲ များ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နှစ်ဖက်တိုက်ပွဲက ဒီမနက် ၇နာရီကျော်လောက်က စတယ်။ စခတွေဘက်က အထိ အခိုက်များမယ် ။ သူတို့အကျအဆုံးများလို့ အခု‌လို ရ ဟတ်ယာဉ်နဲ့ လာ ပစ် တာ။ ရဟတ်ယာဉ်နဲ့လာပစ်တာက နံနက် ၁၁ နာရီလောက်မှာ လာပစ် တယ်။ စစ်ခွေးတွေအတော် အထိနာတယ်။ စစ်ခွေးတွေ သေတာ ဘယ်လောက် မှန်းမသိပေမယ့် ကျနော်တို့ ပြည်သူ့ ရဲဘော် ၄ ဦးတော့ ထိထားတယ်။ လိုအပ် တဲ့ ဆေးကုသမှုတွေ ပေးနေပြီ” ဟု ကနီကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များကို ကနီမြို့နယ်မှ တပ်ရင်းများ၊ယင်းမာပင်မြို့နယ်မှ တပ် ရင်း များ၊မဟာမိတ်တပ်ဖွဲ့များနှင့် ဒေသခံ PDFများ ပူးပေါင်းတိုက်ခိုက် နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ သတင်းရေးသားသည့်အချိန်အထိ စစ်ပွဲအခြေအနေ ပြီးဆုံးခြင်းမရှိဘဲ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာ နေဆဲဖြစ်ကြောင်း၊ တိုက် ပွဲဖြစ်ပွားရာ နေရာ များမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည် သူများက ပြောဆိုကြသည်။ khit thit

ကျောက်တော် မဟာမုနိစစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်က ရှာဖွေမှုပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မဟာမုနိစစ်ဘေးရှောင်စခန်းအား ယမန်နေ့ ဒီဇင်ဘာလ ၂၀ရက်တွင် စစ်ကောင်စီ တပ်မ (၅၅)က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ယမန်နေ့ ညအချိန် ၉ နာရီကျော်လောက်တွင် အင်းအား ၅၀ခန့်ရှိသည့် မုဟာမုနိ၌ တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်မ (၅၅)က စခန်းအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း မဟာမုနိစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စခန်းကို ဝင်လာတာက ဘုရားက သေနတ်တစ်ချက်ဖောက်ပြီးတော့ ဝင်လာတယ်။ စခန်းထဲက အိမ်တိုင်းလိုလိုကို ဝင်မွှေတယ်။ လူစိမ်းရှိလားဆိုပြီးတော့ မေးတယ်။ အာ့ပြီးတော့ ကယ်ဆယ်ရေးရုံးထောင့်မှာ ကျည်ဆန်တစ်တောင့် ကျန်ခဲ့တယ်။ နောက်ပြီးတော့ အားသွင်းထားတဲ့ power bank တစ်လုံးကို ယူသွားတယ်။ ပြန်ထွက်သွားတဲ့အချိန်မှာလည်း သေနတ်နှစ်ချက်ဖောက်တယ် ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ၂၀၁၈ တိုက်ပွဲစဖြစ်သည့် အချိန်မှစတင်ကာ ကျောက်တော်မဟာမုနိဘုရားတွင် တပ်စခန်းချပြီး မကြာခဏ အဝင်အထွက်များ ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ၂၀၂၂ခုနှစ် မေလမှ စတင်ကာ မဟာမုနိဘုရားတွင် တပ်မ(၅၅)က တပ်စခန်းချပြီး နေထိုင်နေခြင်းဖြစ်သည်။

မဟာမုနိစစ်ဘေးရှောင်စခန်းနှင့် စစ်ကောင်စီတပ်စခန်းမှာ ကပ်ရပ်အနေထားရှိနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဝင်ရောက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“ စိုးရိမ်တာပေါ့။ အားလုံးအိမ်ကို ဝင်ရောက်ရှာတယ်၊ မေးလားမြန်းလာဆိုတော့ စစ်ဘေးရှောင်တွေအကုန်လုံးက အရမ်းကြောက်နေကြတယ်။ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၃၅၀ကျော်ရှိပြီး ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ဦးရေး ၁,၆၅၆ ယောက် နေထိုင်နေခြင်းဖြစ်သည်။mizzima

ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသူ ၁ ဦး ညမထွက်ရအမိန့်ကြောင့် အချိန်မီဆေးမကုနိုင်ဘဲ သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ည ၈ နာရီကျော်ရင် အပြင်မထွက်ရတဲ့ စစ်ကောင်စီရဲ့ တားမြစ်မိန့်ကြောင့်  မြွေကိုက်ခံရသူတယောက် အချိန်မီ ဆေးကုသမှုမပေးနိုင်ဘဲ သေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ တပတ်အတွင်း မြွေကိုက်ခံရသူ ၃ ဦးရှိပြီး ၁ ဦး သေဆုံးကာ ၂ ဦး စောင့်ကြည့်နေရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ထန်းကုန်းတိုက်နယ်ရှိ အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ဦး မြွေကိုက်ခံရကာ ညမထွက်ရအမိန့်ကြောင့် လုံလောက်တဲ့ ဆေးကုသမှု ခံယူနိုင်ခြင်းမရှိဘဲ အသက်သေဆုံးခဲ့ရတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတဦးက “အဲဒီဒေသမှာ ကုသပေးတဲ့နေရာ သိပ်မရှိဘူး။ မြေပြင်ကလည်း မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတော့ တလုံးလောက်တော့ ထိုးရတယ်။ စစ်ကောင်စီဘက်က ၈ နာရီကျော်ရင် ညမထွက်ရတဲ့အမိန့် ထုတ်ထားတာကြောင့် ကျနော်တို့ပြည်သူတွေ ဒုက္ခပိုရောက်တယ်။ သေရေးရှင်ရေးဖြစ်နေတာတောင် ဆေးရုံဆေးခန်း ချက်ချင်းမသွားရဲဘူး။ မနက်မိုးလင်းတဲ့အထိ စောင့်ပြီးမှ ဆေးရုံသွားရတယ်။ အဲဒီတော့ ဆေးကုသမှုအချိန်မီမရတော့ အသက်အသေခံရတာပေါ့ဗျာ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ကိုးတောင်ဘို့တိုက်နယ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသား တယောက်နဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ချပ်သင်းတိုက်နယ်က အသက် ၁၈ နှစ်အရွယ် အမျိုးသား တယောက် မြွေဆိုးကိုက်ခံရပါတယ်။

ကိုးတောင်ဘို့တိုက်နယ်မှ မြွေဆိုးကိုက်ခံရသူတွေကို ဘီပီအိုင်ထုတ် မြွေဆိပ်ဖြေဆေး ၄ လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၂ လုံး ထိုးထားပေးရကာ စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။

ချပ်သင်းတိုက်နယ်က မြွေဆိုးကိုက်ခံထားရတဲ့သူကိုတော့ မြန်မာနိုင်ငံထုတ် ဘီပီအိုင် မြွေဆိပ်ဖြေဆေး ၄ လုံးအထိ ထိုးပေးထားကာ ဆက် လက်စောင့်ကြည့်နေရတဲ့ အခြေအနေ ရှိတယ်လို့ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း‌တွေဆီက သိရပါတယ်။ DVB

မင်္ဂလာဒုံတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း လုပ်ထားရန် ကြံ့ဖွတ် အုပ်ချုပ်ရေးမှူး များက ဖိအားပေးပြီး မလုပ်လျှင် ထောင် ၆ လ ချမည်ဟု ခြိမ်းခြောက်၊ ရွေးကောက်ပွဲရှိလာလျှင် မဲပေးရမည် ဟုဆို

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အိမ်တိုင်းနှင့်လူတိုင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ရှိရမည်ဖြစ်ပြီး မရှိသူများအနေဖြင့် ချက်ချင်း လုပ်ထားရန်၊ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမရှိလျှင် ထောင် ၆ လ ချမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူး အသစ်များက ခြိမ်းခြောက် နေကြောင်း‌ ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မင်္ဂလာဒုံမှာ လူတိုင်းမှတ်ပုံတင်နဲ့ သန်ခေါင်စားရင်းလုပ်ဖို့ဆိုပြီး မိုက်နဲ့လိုက်အော်နေပါတယ်။ မလုပ်ရသေးရင် ထောင်၆လ ချမယ်ဆိုပြီး ပြောပါတယ်။ ခုဆို ရပ်ကွက်တွေထဲ သန်းခေါင် စာရင်း တစ်ခုရဖို့ကို ၁သိန်းကနေ ၁သိန်းခွဲကြားပေးမှ အမြန်ရပါတယ်။ ငွေမပေးရင် မရပါဘူး။ အခုဆို အိမ်ငှားနေတဲ့သူတွေလည်း နယ်တွေ တော်တော်များများပြန်ကုန်ကြသလို မင်္ဂလာဒုံမှာ ရှိတဲ့ ပြည်သူ အများစုကလည်း ဒီ သန်ခေါင်းစာရင်း ကိစ္စနဲ့ အတော် အာရုံနောက်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံတွင် စက်ရုံအများစုရှိနေသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ အများစု နေထိုင် ကြကြောင်း၊ အလုပ်သမားများအားလုံးကို မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ အမြန်ဆုံးပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဖိအားပေးနေခြင်းဖြစ်ကြောင်း၊ သန်းခေါင် စာရင်းလုပ်ရန် ရပ်ကွက်ထောက်ခံချက်အဖြစ် ငွေ ၁ သောင်းမှ ၅ သောင်းအထိ ရပ်ကွက်များက တောင်း ယူနေ ကြောင်း သိရှိရသည်။

“ကျနော်တို့က ဧရာ၀တီတိုင်းဘက်ကလာပြီး အလုပ်လုပ်နေတာ။ သန်းခေါင်စာရင်းက ဧရာ၀တီ တိုင်းဘက်မှာ အဲဒါကို ရာအိမ်မှူးက ခေါ်ပြောတယ်။ ဧည့်စာရင်းနဲ့ ဧရာ၀တီတိုင်းသန်းခေါင်စာရင်းနဲ့ ရေရှည် နေလို့မရဘူး။ တရားမဝင်ဘူး။ အခုလက်ရှိ နေတဲ့ မြို့နယ်မှာ သန်းခေါင်စာရင်း လျှောက်ခိုင်း တယ်။ သန်းခေါင်စာရင်းလျှောက်တော့ ရပ်ကွက် ထောက်ခံစာ ၅၀၀၀ တောင်းတယ်။ နောက်ပြီး နေထိုင်ခွင့်မှာ သန်းခေါင်စာရင်း လျှောက်ထားဆဲဆိုပြီး ထောက်ခံ စာ တစ်စောင် အတွက် နောက်ထပ် ၅၀၀၀ ထပ်တောင်းတယ်။ တောင်းသလောက်ပေးရတာပဲ။ အဲဒါတွေ မလုပ်ရင်တော့ ထောင် ၆ လ ချမယ်လို့ ပြောပါတယ်” ဟု မင်္ဂလာဒုံစက်မှုဇုန်တွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်း အလုပ် သမားတစ်ဦးက ရှင်းပြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးများက အစည်းအဝေးများ ခေါ်ယူပြီး ရွေး ကောက်ပွဲရှိ လာပါက မဲပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်သည် မဲပေးရေး ဖြစ်ကြောင်း၊ မဲမပေးလျှင် ဥပဒေအရ အရေးယူခံရမည် ဟု ပြည်သူများကို ခေါ်ယူပြော ဆိုမှုများရှိကြောင်း သိရှိရသည်။

“ရပ်ကွက်လူကြီးတွေက အစည်းအဝေးရှိတယ်ဆိုပြီး တစ်အိမ်တစ်ယောက် ခေါ်ပါတယ်။ ရပ်ရေးရွာရေး ဖြစ်မယ်ထင်ပြီး အကုန် သွားတယ်။ အစည်းအဝေးဆိုပြီး ကြက်ဥ ကဒ်တွေဗန်းပြ တက်တဲ့လူ ပေး မယ် လို့ စည်းရုံးတယ်။ ဟိုရောက်တော့ မဲ ပေးဖို့ စည်းရုံးတယ်။ ရဲ အရာရှိ စစ်အရာရှိ ၂ ဦး၊ ၃ ဦး ပါမယ်။ NLD မပါရင်လည်း ရွေးကောက်ပွဲမှာ ဘယ်ပါတီဖြစ်ဖြစ် မဲပေးလို့ရတယ်။ အစည်း အဝေးပြီး တော့ ကြက်ဥကတ် တွေကို မဲဖောက်ပေးတယ်” ဟု မင်္ဂလာဒုံမြို့ခံတစ်ဦးက ပြောဆိုသည်။khit thit

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်၊ ကားနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်တလာကျေးရွာတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး နေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးသွားကာ တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့သည်။

ကော့ကရိတ်မြို့အခြေစိုက် စကခ(၁၂)လက်အောက်ခံ အမြောက်တပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၉၇)တပ်ရင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုတွင် ထိုသို့ထိခိုက်ပျက်စီးသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

“လူနေအိမ်တစ်လုံး ထိတယ်၊ ကားတစ်စီးနဲ့ တိရစ္ဆာန်တွေထိတယ်၊ ကျန်တဲ့အလုံးတွေက လယ်ကွင်းမှာ ကျတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီတပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုတွင် ကော့ဖောင်းကျေးရွာနှင့် ဖားကျကျေး ရွာဘက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရ သေးပေ။

ယနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကော့နွှဲကျေးရွာအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးတွင် KNU နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။mizzima

« Older Entries