ကင်းပုန်းဝပ်နေသော ပျူစောထီးများကို တိုက်ခိုက်ရာ ၅ ယောက်သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောပုကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကင်းပုန်းဝပ်နေသောနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force က ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၁ရက်နေ့ ညနေ ၄နာရီ ၄၅မိနစ်အချိန်တွင် တောပုရွာအနောက်တွင် ကင်းပုန်းလာဝပ်သော ပျူစောထီးအဖွဲ့ဝင် ၂၀ကျော် ကို ၄၀မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ပျူတွေက နှစ်ဖွဲ့ခွဲပြီးကင်းပုန်းဝပ်တာ သတင်းအတိအကျရလို့သွားထုကြတာ ၊ ပထမ တစ်ချက်က သူတို့ကျော်သွားတယ် ၊ သူတို့ဘက်က ပြန်ပစ်တဲ့အတွက် နေရာသိပြီး ပြန်ပစ်တော့မှ မှန်တာ” ဟု Lightning PDF မှ ရဲဘော် တစ်ဦးမှ မဇ္စျိမ ကို ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်သေဆုံးကြောင်းကို ခိုင်လုံသော သတင်းအရင်းမြစ်များထံမှ ပြန်လည်သိရှိရခြင်းဖြစ်ကြောင်း ဆိုသည်။
တောပုရွာ ပျူစောထီးများဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force နှင့် အတူ Dragon Brothers People Defence Force မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၂ရက် မနက်အစောပိုင်းတွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ စစ်ကားကြီး နှစ်စီးဖြင့် ပျူစောထီးအ လောင်း များကို လာရောက်သယ်ဆောင်သွားကြောင်း ဆိုသည်။
အဆိုပါ တောပုရွာတွင် နေထိုင်နေသည့် ပျူစောထီးအဖွဲ့ဝင်မဟုတ်သော ပြည်သူများအနေဖြင့် ယင်းကျေးရွာမှ အခြားလုံခြုံသည့် ဒေသသို့ပြောင်းရွှေ့နေထိုင်ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၇ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၂ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် တောပုကျေးရွာသည် စစ်ကောင်စီအုပ်စု၏ စစ်ကြောင်းတွင် စစ်အင်အားဖြည့်တင်းရာဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင် အများစုနေထိုင်သောကျေးရွာဖြစ်ကြောင်းဖော်ပြထားသည်။
ကာကွယ်ရေးတပ်ဖွဲ့များ၏ အဓိက ပစ်မှတ်ထား တိုက်ခိုက်ရမည် ရန်သူ့ကျေးရွာတစ်ခု ဖြစ်နေသောကြောင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပါက အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရန်အတွက် ပြောင်းရွှေ့နေထိုင်ပေးကြပါရန် အသိပေးထားခြင်းဖြစ်ကြောင်း ဆိုသည်။
ထုတ်ပြန်ချက်တွင်ပါဝင်သော အဖွဲ့အစည်းများမှာ Special ဒိတ်ဒိတ်ကြဲ PDF Monywa ၊ Black Dragon Special Task Force ၊ Monywa Fighter Group ၊ ဗန္ဓုလနှင့်အဖွဲ့သားများ PDF ၊ Hrban Hunter Force ၊ The Ants PDF ၊ Sun King Envoy LPDF ၊ Golden Eagle Force Monywa ၊ Brave Heart Army ၊ Democratic Gueerrilla Force ၊ Wara Zein ၊ Monywa Force ၊ Peacock Brothers ၊ The Brightness Monywa ၊ PTTF ၊ Monywa Ranger Group ၊ Area 71 PDF တို့ဖြစ်ကြောင်း သိရှိရသည်။
တောပု ကျေးရွာအတွင်းတွင် တောင်မြောက် ကွဲပြားနေပြီး မြောက်ပိုင်းအခြမ်းဘက်တွင်ရှိသောသူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှ သိရှိရသည်။ mizzima