ရေဦးမြို့နယ်တွင် ကျေးရွာ ၁၇ ခု မှ နေအိမ် ၁၆၃၀ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးလိုက်၍ ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေ


စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၇ ခုမှ နေအိမ် ၁၆၃၀ လုံးကို စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း မီးရှို့ ဖျက်ဆီးလိုက်သဖြင့် စစ်ဘေး ရှောင် ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ် အထည်များ လိုအပ် လျက်ရှိကြောင်း People’s Defense Comrade တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့်ရွာများမှာ ပိတ်ဋကတ်ကျရွာတွင် နေအိမ် ၁၇ လုံး ၊ ပေါက်သာရွာတွင် အိမ်အလုံး ၉၀ ၊ ဇိန့်ဇွန်း အရှေ့ရွာတွင် အိမ် ၃၄ လုံး၊ ဇိန့်ဇွန်း အနောက်ရွာတွင် ၃၅ လုံး၊ မုတ်စီတွင် ၁၅၅ လုံး၊ ရွာမိဿာတွင် ၄၁၀ လုံး၊ ချမ်းသာရွာ/ ခရစ်ယန်ပိုင်းရွာတွင် နေအိမ် ၅၉ လုံး၊ အိုးသယ်ကွက်တွင် အိမ်အလုံး ၅၀ ၊ ထန်းတောကုန်းတွင် ၁၆ လုံး၊ ကုန်းသာတွင် ၂၀၉ လုံး ၊ ရွာသစ်တွင် ၁၅၀ ၊ ထန်းပင်ကုန်းတွင် ၃၁ လုံး၊ ဇဝတွင် ၆၇ လုံး၊ ဝက်ဖိုးတွင် ၃၈ လုံး ၊ တောင်ကုန်းတွင် ၅၁ လုံး၊ ချောင်းဆုံတွင် ၂၉ လုံး ၊ ငှက်ပျော တောတွင် ၄၁ လုံး ၊ ကွမ်းအုံတွင် ၃၅ လုံး ၊ မကျည်းကုန်းတွင် ၇၅ လုံး ၊ ညောင်ပင် သာတွင် ၃၈ လုံး စုစု ပေါင်း အိမ်ခြေ ၁၆၃၀ လုံး ဖြစ်ကြောင်း သိရှိရ သည်။
“အခုမီးရှို့ခံရတဲ့ရွာ ၁၇ ရွာလုံးက ရွာလုံးကျွတ်နီးပါးတွေချည်းပဲ၊ နှစ်ကြိမ် သုံးကြိမ် အရှို့ခံရတဲ့ရွာတွေလဲ ပါတယ်။ ချမ်းသာရွာဆိုရင် တတိယအကြိမ် အရှို့ခံရတာ၊ ဖြစ်သလို အသစ်ပြန်ဆောက်ထားတဲ့ အိမ်လေးတွေပါ မီးရှို့ သွားတာ၊ အခုဆိုရင် ဘေးနားက တစ်ချို့ရွာက ထမင်းထုပ်လေးတွေလာပို့တာ စားနေ ကြရတယ်၊ ဆန်၊ ဆီ၊အနွေးထည်၊စောင်၊ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု People’s Defense Comrade ပကဖ ရဲဘော် အမေ့သား က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။
မော်လိုက် အခြေစိုက် ခမရ ၃၆၄ တပ်နှင့် မှော်ဘီ အခြေစိုက် ခလရ ၇၀၁ တပ်ဖွဲ့ တို့က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ပြီးနောက် ရေဦး မြို့နယ်သို့ ကူးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က ချမ်းသာ ရွာမှ ပြည်သူတစ်ဦးကို ဦး ခေါင်းဖြတ် သတ်ခဲ့ပြီး ဇဝရွာမှ အဘွားအို တစ်ဦးကို လည်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။
“ဒီကောင်တွေက တိုက်ပွဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နယ်မြေရှင်းလင်းရေးဆိုပြီး ခေါင်းစဉ်တပ်ရှို့နေတာ၊ ရွာတွေ ဒီလအတွင်း ပြာကျစေရမယ်ဆိုလို့ ကြိမ်းဝါးပြီး ရှို့နေတာ၊ မီးရှို့ဖို့သက်သက် သီးသန့်လာတဲ့ ခွေးတပ် တွေပါ၊ ကျနော်တို့ အဖွဲ့ အစည်းတွေ အနေနဲ့လည်း ပြန်လည်နေရာချထားရေးအတွက် အမြန်ဆုံးစီ စဉ်နေပေမယ့် တစ်ရွာတည်းမဟုတ်တော့ လက်ရှိ အဆင်မပြေသေးဘူးဗျ” ဟု People’s Defense Comrade ပကဖ ရဲဘော် အမေ့သားက ဆက်ပြောသည်
လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသော ပြည်သူများ၏ ပြန်လည် ထူထောင် နိုင် ရေးနှင့် အရေးပေါ် စားနပ် ရိက္ခာများ လိုအပ်လျက်ရှိသဖြင့် ပြည်တွင်း ပြည်ပ မှ စေတနာ့အလှူရှင်များ တတ် နိုင်သလောက် ပါဝင်လှူဒါန်းပေး ကြ ပါရန် မေတ္တာရပ်ခံပါကြောင်း People’s Defense Comradeက ထုတ်ပြန် ထား သည်။khit thit