Monthly Archives: Dec 2022

အင်းတော်တွင် စစ်တပ်က ရွာသား ၈ ဦးကို နှိပ်စက်သတ်ဖြတ်၊ လူငယ် ၂ ဦးအား ရိုက်နှက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နတ်မဟုတ်ကြီးကျေးရွာသား  ၈ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းပြီး မြေမြှုပ်ထားတဲ့ ရုပ်အ လောင်းတွေကို ဒီဇင်ဘာ ၂၅ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့  အင်းတော် PDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။

အင်းတော်ဒေသခံ အမျိုးသားတဦးက “အလောင်းတွေတွေ့တာ ဟုတ်တယ်။ ကမ်းနီရွာနားမှာ နတ်မဟုတ်ကြီးနဲ့ ကမ်းနီက ကားလမ်း ဟိုဘက်ခြမ်းဒီဘက်ခြမ်း ကမ်းနီရွာရဲ့ မနီးမဝေး တောထဲမှာတွေ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နတ်မဟုတ်ကြီးကျေးရွာသား  ၈ ဦးကို  စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး အခုမှ   အလောင်းတွေပြန်တွေ့ရတာဖြစ်ပါတယ်။

တွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ အင်းတော်မြို့နယ် ဒေသခံတွေဖြစ်တဲ့ ဦးမင်းနိုင် အသက် ၅၀ ကျော်၊ ဦးကျော်သန်း အသက် ၆၀ နှစ်၊ ကိုဘိုဘိုဝေ အသက် ၃၃ နှစ်၊ ဦးကျော်သန်းသား ဦးကျော်ဌေး အသက် ၅၀ ကျော်၊ ဦးကျော်ထွန်း အသက် ၃၈ နှစ်၊ ဦးထွန်းနိုင် အသက် ၆၀ နှစ်၊ ဦးမြင့်ဖေ အသက် ၆၈ နှစ်၊ ဦးသာပြူး ၆၈ နှစ် တို့ဖြစ်ပြီး  ဒီအထဲက ၂ ဦးမှာ ဦးခေါင်းဖြတ် အသတ်ခံထားရကာ ကျန် ၆ ဦးကိုတော့ ရိုက်နှက်ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခံထားရတယ်လို့ အင်းတော် PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “သတ်ခံရတဲ့သူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး ဒလန်က တိုင်တော့ စကစ စစ်သားတွေက ဖမ်းသွားပြီး သတ်ထားတာ။ အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာ၊ စစ်ကြောင်းလာတယ်ကြားရင် အဝေးလွတ်ရာကို ရှောင်စေချင်တယ်” လို့  ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ တပ်ရင်းတွေက တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မကွေးအခြေစိုက်တပ်ရင်းဖြစ်ပြီး တပ်မ ၈၈ လက်အောက်ခံတပ်တွေဟာ ထီးချိုင့်နယ်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ အရွယ် လူငယ် ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်းတော်အင်းဘက်ကလာတဲ့ လူငယ်တွေနဲ့ အင်းလမ်းဘက်ကိုပြန်မယ့် လူငယ်တွေကို ဒီရက်ပိုင်းအတွင်း အဓိကထား စစ်ဆေးဖို့ စစ်ဆေးရေးဂိတ်ကို မှာကြားထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက “နောက်နှစ်ကို အင်းတော်မှာရှိတဲ့ PDF တွေကို အပြတ်တိုက်ထုတ်မှာ။ တိုက်ထုတ်လို့ နည်းနည်းပါးပါး ကျန်တဲ့ကောင်တွေက ကေအိုင်အေဘက်ကို ပြေး။ အဲဒီမှာ ကေအိုင်အေက နှိပ်စက်။ ၈၈ တုန်းကလို ခံစားရမယ့်ကောင်တွေ။ မင်းတို့လည်း PDF တွေလာရင် ပြောဆိုပြီး ရဲတွေက လိုက်လံပြောဆိုနေကြောင်း ဒေသခံတွေဆီက ပြန်သိရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက အင်းတော်ဘောလုံးကွင်းထဲကို စစ်ကောင်စီဘက်က MI-17 တစီးနဲ့ လက်နက်ခဲယမ်းတွေချပြီး အနောက် တောင်ဘက် ပျံတက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်‌ပြောဆိုပါတယ်။ DVB

ရေစကြိုတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး၊ မြင်းမူတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောအကြမ်းဖက် စစ်တပ်မှ စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့​ပြီး တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် သဲတောရွာမှ တဆင့် ထန်းပင် ချောင်းကျေးရွာသို့ ဆက်လက် ချီတက်လာပြီး ထပ်မံ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ရွာသာအေးရွာမှ နေအိမ် ၂ လုံး၊ ထန်းပင်ချောင်းကျေးရွာမှ နေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက် ဆီးပြီး ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းတွင် ပြန်လည်ဆုတ် ခွာသွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ Southern YSO မှ PDF ရဲဘော် ၁ ဦးနှင့် Young Force (PKU) PDF မှ ရဲဘော်တက်ပု၊ ရဲဘော်အာဒမ်၊ ရဲဘော်တေမိတို့ ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို PKU N PDF ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူတွင် စစ်ကား ၃ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက People’s knight Defense Force Myinmu တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ဝမ်းပြည့်နှင့် အလ္လကပ္ပ အကြား ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU)နှင့် People’ Army To Fight Dictatorship အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင် မဟာမိတ်အဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့်အဂတိအမှုများ လာမည့် ​သော ကြာနေ့ အမိန့်ချမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့်အဂတိအမှုများကို လာမည့် ဒီဇင်ဘာလ ၃၀ရက် ​သောကြာနေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရုံးချိန်းတွင် အမှုများနှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်။

ယင်းအမှုများသည် တရားစွဲခွင့်မရှိဘဲ စွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ ပြစ်မှုအင်္ဂါရပ်များကိုလည်း မကျူးလွန်သည့်အတွက် အမှုက လွှတ်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သမ္မတတို့ဘက်က ရှေ့နေအဖွဲ့က လျှောက်လဲချက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိရင်ဆိုင်​နေရသည့် အမှုများမှာ သဘာဝဘေးအတွက် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သက်၍ အဂတိလိုက်စားသည်ဟုဆိုကာ အမှုငါးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့က လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း သက်သေထွက်ဆိုထားကြသည်။

ယခုတစ်ပတ်အတွင်း အမိန့်ချမှတ်​မည့် ယင်းအမှုငါးမှုသည် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ​ရင်ဆိုင်​နေရသည့် ​နောက်ဆုံးလက်ကျန်အမှုများဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

ထို့​ကြောင့် အမိန့်ချမှတ်မည့်ရက်ကို ပုံမှန်ရုံးချိန်းအတိုင်း နောက်တစ်ပတ် တနင်္လာနေ့သို့ တောင်းဆိုခဲ့သော်လည်း မရရှိဘဲ ယခုတစ်ပတ်အ တွင်းအမိန့်ချရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် လက်ရှိတွင် အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်အနေဖြင့် အမှုသုံးမှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။ mizzima

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်ချ

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီရဲ့ အင်းစိန် ထောင်တွင်းအထူးတရားရုံးကနေ ဒီဇင်ဘာ ၂၆ ရက်မှာ  ထောင်ဒဏ်  ၅ နှစ်ထပ်မံချလိုက်တယ်လို့ သူ့ရဲ့ မိသားစုနဲ့ ရှေ့နေဆီကနေ သိရပါတယ်။

ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ – ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဒီနေ့မှာ နောက်ထပ်ထောင်ဒဏ် ၅ နှစ် အပြီးသတ်အမိန့်ချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဦးဟံသာညိန်းရဲ့ မိသားစုဝင်တယောက်က  “ကျမတို့မိသားစုလည်း ကျမတို့အစ်ကိုနဲ့အတူတူ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေကြပါတယ်။ မျှော်လင့်ထားပြီးသား ကိစ္စကြီးလည်း ဖြစ်တယ်။ တွက်ဆထားပြီးသားဖြစ်တဲ့အတွက်တော့ ထောင်ချခံရတဲ့ အစ်ကိုရော ကျမတို့ မိသားစုတွေရော ရင်ဆိုင်ဖြတ်သန်းကြပါမယ်” လို့ ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ အသက် ၄၁ နှစ်ပြည့်သွားတဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းဟာ သူ့ရဲ့ မွေးနေ့ကို အကျဉ်းထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာ ၂ နှစ်ရှိလာပါပြီ။

ရန်ကုန်အခြေစိုက် အွန်လိုင်းမီဒီယာတခုဖြစ်တဲ့ ကမာရွတ်မီဒီယာရုံးကို ၂ဝ၂၁ ခုနှစ်၊ မတ်လဆန်းပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်‌မောင်နဲ့အတူ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းလည်း  ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကောင်စီဘက်က အမေရိကန်နိုင်ငံသားခံယူထားသူ ဦးနေသန်မောင်ကို စွဲဆိုထားတဲ့အမှုကို ပြန်ရုပ်သိမ်းပြီး အမေရိကန်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်၊ သူတို့နှစ်ဦးဟာ စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ပြန်လွတ်လာတဲ့ ဦးနေသန်မောင်က မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့အကြိမ် ၃ဝ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အ ဆိုပြုခံရသူ သတင်းထောက် ၁၅ ဦးနဲ့ သတင်းမီဒီယာတွေစာရင်းကို RSF က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ ဦးဟံသာညိန်းလည်း ပါဝင်ခဲ့ပါတယ်။

ဦးဟံသာညိန်းဟာ RSF ရဲ့သူရသတ္တိဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အကျင့်ပျက် ခြစားမှု၊ ဖိနှိပ်တဲ့အစိုးရတွေကို ထိန်းချုပ်ရေးအား ထုတ်မှုတွေအတွက် အဆိုပြုခံခဲ့ရတာ ဖြစ်တယ်လို့လည်း RSF က ဖော်ပြပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုအဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေအထဲ မြန်မာနိုင်ငံဟာ ထိပ်သီးနိုင်ငံတခု ဖြစ်လာပြီး အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၅၄ ယောက်ရှိပါတယ်။ DVB

အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက် မှတ် လျှောက်ထားမှု ရပ်ဆိုင်း ပြီးနောက် ပတ်စ်ပို့ လုပ်ရန် ငွေကျပ် ၈ သိန်းအထိ စျေးပေါက်လာ၊ သွေးနှော များ နိုင်ငံကူးလက်မှတ်ရရန် အလွန် ခက်ခဲ

အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူး လက် မှတ် လျှောက်ထားမှု အစီ အစဉ် ကို ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်း လိုက်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် မှောင်ခို စျေးကွက်တွင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ရှစ်သိန်းအထိ စျေးနှုန်းများ ပေါက်နေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

QR Code စနစ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ အထိ စနစ်သစ်ဖြစ်သော Online Booking မစတင်နိုင်သေးဘဲ နိုင်ငံကူး လက်မှတ် လုပ်လိုလျှင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ၈ သိန်းအထိ ပေး၍ လုပ်ကြရ ကြောင်း၊ အလိမ်အညာများစွာဖြင့် အလိမ်ခံရသူများလည်း မြောက် မြားစွာ ရှိနေကြောင်း သိရှိရသည်။

“QR ပိတ်လိုက်တာ အခု ရက် ၂၀ ရှိလာချိန်မှာ နိုင်ငံကူးလက်မှတ် လုပ်ချင် တဲ့သူတွေ အတော်ကို ဒုက္ခရောက်ကြတယ်။ ရုံးထဲက သူတွေနဲ့ ပွဲစားတွေ ချိတ်ဆက်ပြီး ၄ သိန်းခွဲကနေ ၈ သိန်းအထိ တောင်းတယ်။ အရင်ထက် ပို စျေးကြီးတယ် လုပ်ရတာ။ အလိမ်အညာတွေလည်းများတယ်။ စနစ်သစ် Online Booking နဲ့ ၂၄ နာရီ လျှောက်လို့ရမယ်ဆိုတာ လည်း ဘာမှ ဖြစ် မလာတော့ လုပ်စားဂွင်ကြီးဖြစ်နေတာ” ဟု နိုင်ငံကူးလက်မှတ်ရရှိရေး ကြိုးပမ်းနေသူတစ်ဦးက ပြောသည်။

နယ်မြို့များသို့ ဆင်း၍ နိုင်ငံကူးလက်မှတ် လျှောက်ထားရယူမှုများ ရှိသော် လည်း နောက်ပိုင်းတွင် စစ်ကောင်စီက နယ်ကျော် နိုင်ငံကူးလက် မှတ် လုပ် ခွင့်များကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဟိန္ဒူ စ သည်ဖြင့် မှတ်ပုံတင်တွင် ဖော်ပြခံထားရသည့် သွေးနှော နိုင်ငံ သား များ အနေ ဖြင့် နိုင်ငံကူး လက်မှတ်ရရှိရန် အလွန်ခက်ခဲပြီး အနည်းဆုံး ငွေကျပ် ၁၃ သိန်းမှ သိန်း ၂၀ အထိ ပေးမှ နိုင်ငံကူးလက်မှတ် ရရှိမှုများလည်းရှိကြောင်း သိရှိရသည်။

“အိန္ဒိယ၊ ပါကစ္စတန်၊ ဗမာဆိုပြီး မှတ်ပုံတင်မှာ လ၀ကက ရေးပေးထားတာ နိုင်ငံ ကူးလက်မှတ်လုပ်တော့ ပြန်လွှတ်တယ်။ စိစစ်ရမယ်။စာတင်ရမယ်နဲ့။ နောက် တစ်ခေါက်သွားတော့ လက်ခံထားတယ်။ ဘာမှ မပြောဘူး။ ကြာမယ်ပဲ ပြောတယ်။ ပွဲစားကတော့ လိုင်းရှိတယ်ပြောတယ်။ ၁၅ သိန်းလောက် ကုန် မယ်ပြောတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ အဲဒီလောက် မတတ်နိုင်လို့ ” ဟု ရန်ကုန် မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် QR Code ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့်စနစ် ရပ်ဆိုင်းလိုက်ပြီးနောက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ ပြည်သူတိုင်း အလွန်ခက်ခဲနေရပြီး အလိမ်အညာများကြောင့် ငွေကြေးဆုံးရှုံးရမှုများစွာ ရှိနေကြောင်း သိရှိရသည်။

“ပတ်စ်ပို့လုပ်ကြတာ အများစုက ထိုင်း မလေးရှား၊ ဒူဘိုင်း အလုပ်သွားလုပ်ဖို့ တင်ကြတာများတယ်။ အခုက ဘယ်လိုမှ အဆင်မပြေဘူး။ ပတ်စ်ပို့ရုံးကလည်း အခုအချိန်အထိ ဘာမှကို ထပ်မကြေညာသေးတော့ ရန်ကုန် လာစောင့်ပြီး အချိန်ကုန် ငွေကုန်ဖြစ်နေတာ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပ ထွက် ခွာသွား သော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည် တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ယခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အ လမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။ khit thit

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ထုတ်ပြန်ချက်၌ မိမိတို့လူမျိုးသမိုင်းတွင် မည်သည့်အခါကမှ မကြုံဘူးသည့်ဖြစ်ရပ်များဟု ဆို

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို အဓမ္မလုယူ သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ မိမိတို့ချင်းလူမျိုးများ အပါအဝင် ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားများသည် မျိုးစုံသောဒုက္ခဆင်းရဲများကို နေ့စဥ်ရင်ဆိုင် ကြုံတွေ့နေကြရလျှက်ရှိသည်ဟု ကြားကာလ ချင်းအမျိုးသား အ တိုင်ပင်ခံကောင်စီမှ ဒီဇင်ဘာ၂၅ရက် ခရစ္စမတ်နေ့အထိမ်း အမှတ်သဝဏ်လွှာတစ်စောင် ထုတ်ပြန်လိုက်သည်။

သဝဏ်လွှာထဲတွင် ‘’၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ရက် နေ့ထိ ပြည်သူပေါင်း ၁.၁ သန်းကျော် နေရပ်စွန့်ခွာစစ်ရှောင်နေကြရပြီး၊ နေအိမ်ပေါင်း ၃၈,၀၀၀ နီးပါး မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။ မိမိတို့ ချင်းလူမျိုးတစ်သိန်းနီးပါး ပြည်နယ်အတွင်းနှင့် နိုင်ငံပြင်ပတွင် စစ်ရှောင်များအဖြစ် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသကဲ့သို့ နေအိမ်ပေါင်း ၁,၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ဤအခြေအနေများသည် မိမိတို့လူမျိုးသမိုင်းတွင် မည်သည့်အခါကမှ မကြုံဘူးသည့်ဖြစ်ရပ်များပင်ဖြစ်သည်’’ ဟုလည်း ခရစ္စမတ်နေ့အထိမ်း အမှတ်သဝဏ်လွှာတွင်ပါရှိသည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်ရှိတရားရုံးမှ အ လုပ်ကြမ်းနှင့်ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ်ချမှတ်ခဲ့သည့် မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိ က္ခာ တော်ရဆရာ သျှန်းလျန်ဆန်းနှင့် ဒီဇင်ဘာလ ၅ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်တို့နှစ်ဦးအားလည်း ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်ကိုလည်း ဒီဇင်ဘာလ ၂၂ရက်နေ့ထုတ်ပြန်ထားရှိခဲ့သေးသည်။ mizzima

မန္တလေးတိုင်းတွင် မြနန္ဒာစစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်ကားများ တိုက်ခိုက်ခံရ

မန္တလေးတိုင်းအတွင်း မြနန္ဒာစစ်ဆင်ရေးစတင်နေရာမှာ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီးကို ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားနောက်ပိုင်းထိမှန်ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ  မြကံသာရွာမြောက်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားဟာ မတ္တရာမြို့ကနေ ပုသိမ်ကြီးကို မောင်းလာစဉ် ကားမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြနန္ဒာစစ်ဆင်ရေးအဖြစ် မဟာမိတ်ညီလေးတွေနဲ့ပေါင်းပြီး လုပ်တာပါ။ အဲဒီကားက Non CDM တွေကို ကြိုပို့လုပ်နေတဲ့ကား။ ရုံးပိတ်ရက်ဆိုတော့ Non CDM မပါဘူး။ စစ်သားကတော့ ၆ ကောင် ၇ ကောင် အမြဲပါတယ်။ ကားမိုင်း ၂ လုံးဆွဲခဲ့တာ၊ ကားနောက်ပိုင်း ပျက်စီးသွားတယ်၊ ထိတဲ့လူတွေလည်းရှိတယ်။”

အလားတူ ဒီဇင်ဘာ ၂၅ ရက် ညနေ ၆ နာရီလောက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်း ၅၁ လမ်းရှိ အ.ထ.က ၂၉ ကျောင်းမှာ စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘန်ကာထဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။

အ.ထ.က ၂၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ ကျောင်းသားကျောင်းသူတွေကို မထိခိုက်စေချင်တာကြောင့် ကျောင်းပိတ်ရက်ကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးရဲ့ ခေါင်းပေါ်ကို ဗုံးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အ.ထ.က ၂၉ ကျောင်းထဲ အရေးပေါ်ကားတစီး ဝင်သွားတာ တွေ့ရပြီး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်စွာမနေဖို့နဲ့ MOD နဲ့ မန္တလေးတိုင်းအတွက် တာဝန်ရှိသူတွေ၊ Fundraiser တွေက မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့ပေးကြဖို့ NGU :FF မြေခွေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာလည်း ညောင်တိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူတို့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်သံတွေ ကြားရတယ်၊ ညလည်းဖြစ်နေတော့ သွားမကြည့်ရဲဘူး။ ခဏနေတော့ အုန်းဆိုတဲ့ အသံကြီးလည်း ကြားရတယ်။ ကားသံတွေ အများကြီးလည်း ကြားရပြီး အုပ်ချုပ်ရေးမှူးနဲ့ သူ့သားတို့ ပစ်သတ်ခံရတယ်။ နေရာတင် သေဆုံးသွားတယ်ဆိုတာ ရွာထဲမှာပြောနေတာ သိရတယ်။”

ကျေးရွာ ၇ ရွာပါဝင်တဲ့ ညောင်တိုကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ (ခ) ပုလုံးတို့ဟာ PDF တွေကို  ဓာတ်ပုံနဲ့တကွ လိုက်လံရှာဖွေနေကာ ကျင်းရွာ၊ သဲတောလေးရွာ၊ တဲစုရွာ၊ ခင်ကြီးရွာ၊ သခွတ်မြင့်ရွာက ပြည်သူတွေအနေနဲ့ PDF တွေကို ရွာထဲကိုအဝင်မခံဖို့ လော်စပီကာနဲ့ လိုက်လံကြေညာခဲ့သူတွေဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအဖွဲ့ (WTRF) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးပြေအေးဟာ ကျေးရွာနေပြည်သူတွေအပေါ် အမြဲတမ်း အနိုင်ကျင့်နေတာကြောင့် WTRF က ပစ်ခတ်ရှင်းလင်းခဲ့တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ညကလည်း သဲတောလေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးမောင်ရှိန် ပစ်သတ်ခံခဲ့ရသလို ဝမ်းတွင်းမြို့နယ်မှာ ဒီဇင်ဘာလအတွင်း  အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံခဲ့ရပါတယ်။ DVB

မုံရွာမြို့ပေါ်တွင် ကွမ်းထွက်ဝယ်သည့် ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မ​ုံရွာမြို့ပေါ်တွင် ကွမ်းထွက်ဝယ်သည့် ရဲ ၇ ဦး လိုက်ပါလာသည့် ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၃ ဦးသေဆုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း၇ Lightning People Defence Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့၊ နန္ဒဝင်ရပ်ကွက်၊ သမစိတ္တလမ်း၊ အင်ကြင်းခိုင် ဟိုတယ်အနီး ပစ်တိုင်းထောင် ကွမ်း ယာဆိုင်တွင် ကွမ်းယာလာဝယ်သည့် အမှတ် ၂ ရဲခွေးစခန်းမှ စခန်းမှူးအပါအဝင် ၇ ဦး လိုက်ပါလာသော ကား ၁ စီးကို ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းမှူး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” စခန်းမှူး အပါအဝင် ရဲခွေး ၃ ကောင်နေရာမှာပဲ သေတယ်။ နောက်ထပ်ခွေး ၂ ကောင်ကလည်း အခြေအနေမကောင်းဘူးလို့ သိရတယ်။ ခွေးတွေဘက်က စစ်ကူတွေအလျင်အမြန် ရောက်လာလို့ လက်နက် တက်မကောက်နိုင်ပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု Lightning People Defence Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှ ရဲဘော်များ၊ Black Falcon မြို့ပြပျောက်ကြားအဖွဲ့ မှ ရဲဘော်များနှင့် မုံရွာမြို့နယ် ပ.လ.ဖ အဖွဲ့ မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။khit thit

Time မဂ္ဂဇင်းတွင် ဖော်ပြခံရသည့် ကမ္ဘာ့ဩဇာသက်ရောက်မှုအရှိဆုံး မြန်မာအ မျိုးသမီး ၃ ဦး

၂၀၂၂ ခုနှစ်၏ ထူးခြားဖြစ်စဥ်များအတွင်း သတင်းကောင်းတစ်ခုမှာ Time မဂ္ဂဇင်းမှ နှစ်စဉ်ရွေးချယ်ဖော်ပြလေ့ရှိသည့် ကမ္ဘာ့ဩဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် မြန်မာအမျိုးသမီး သုံးဦးပါဝင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် တစ်ဦးမှာ အင်္ဂါဂြိုလ်ပေါ်ပျံသန်းနိုင်သည့် စူးစမ်းရေးရဟတ်ယာဥ်ငယ်ကို တီထွင်ခဲ့သူ အမေရိကန်ပြည်ထောင်စုမှ မြန်မာနွယ်ဖွားအာကာသသိပ္ပံပညာရှင် ဒေါက်တာမီမီအောင်ဖြစ်သည်။

ဒေါက်တာမီမီအောင်ကို စူးစမ်းတီထွင်နိုင်သူကဏ္ဍတွင် ဩဇာအလွှမ်းနိုင်ဆုံး သူတစ်ဦးအဖြစ်ထည့်သွင်းခဲ့ခြင်းဟု သိရသည်။

ကျန်နှစ်ဦးမှာ နွေဦးတော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည့် ကချင်တိုင်းရင်းသူ အက်စတာဇေနောနှင့် ရှမ်းနီတိုင်းရင်းသူ မအိသဉ္ဇာမောင်တို့ဖြစ်ကြသည်။

အက်စတာဇေနောနှင့် မအိသဉ္ဇာမောင်တို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ လမ်းမများပေါ်မှ ဆန္ဒပြပွဲများတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။

မအိသဉ္ဇာမောင်သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သည်။

Time မဂ္ဂဇင်းမှဖော်ပြသည့် ကမ္ဘာ့ဩဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တရုတ်သမ္မတ ရှိကျင့်ဖျင် တို့လည်းပါဝင်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၁ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင် ကမ္ဘာ့သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ကြေညာခံရဖူးသည်။ mizzima

« Older Entries