Monthly Archives: Dec 2022

မင်းကင်းနှင့် ကနီတွင် ပျူစောထီးစခန်းနှင့် စစ်ရေယာဉ်တိုက်ခိုက်ခံရ၊ ချောင်းဦးတိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ပျူစောထီးအခြေစိုက်စခန်းတခုဖြစ်တဲ့ ကျော်ရွာကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ကျော်ရွာကို စစ်ကောင်စီက လက်နက်တွေ၊ စကားပြောစက်တွေ ထုတ်ပေးထားကာ ဒေသတွင်း ပျူစောထီးသင်တန်းတွေ ပို့ချပေးနေတဲ့ရွာ ဖြစ်ပြီး မနေ့မွန်းလွဲပိုင်းကနေ ညနေပိုင်းလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ပစ်ကြတာတော့ သူပစ်ကိုယ်ပစ်ပဲ။ သူတို့ဘက်ကတော့ စစ်ကောင်စီက ထုတ်ပေးထားတဲ့ သေ နတ်အစစ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က မင်းကင်းတပ်ရင်း-၅ ရဲဘော်တဦး ပေါင်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်ရခဲ့တယ်” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်‌ နောက်တဦးကလည်း “ကျနော်တို့ဘက်က လူအင်အား အသာစီးနဲ့ လက်လုပ် တတောင့်ထိုးတွေနဲ့ မောင်းပြန်ရိုင်ဖယ်အနည်းငယ်၊ တာဝေးပစ် တူမီးကြီးတွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ၁၄ ယောက် သေဆုံးတယ်။ နောက်ပြီးတော့ ရန်သူဘက်က သေနတ်တွေ အပါအဝင် ကျည်တွေ၊ စကားပြောစက်နဲ့ တခြား စစ်အသုံးအဆောင်တွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို မင်းကင်းအခြေစိုက် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ ၄၊ ၅ နဲ့ မဟာမိတ် ရွှေတြိဂံတပ်ရင်း၊ K2၊ နယ်မြေခံ ပကဖ အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ နတ်ကြီးကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်း သောင်တင်နေတဲ့ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ ရေယာဉ်တွေဟာ အထက်ပိုင်းက စစ်ကောင်စီတပ်ကိုပို့မယ့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတာလို့ ဆိုပါတယ်။

Chindwin Attack Force အဖွဲ့ဝင်က “နတ်ကြီးရွာ သောင်ပြင်ပေါ်မှာ သောင်တင်နေတဲ့ စကစ သင်္ဘော ၄ စီးပေါ်ကို အနီးနားရွာက ပကဖ၊ ပအဖတွေ အကူအညီယူပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ အဖူးတဖူးက စကစတွေကိုကျော်ပြီး ရွာတရွာထဲ ကျသွားတယ်။ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်။ အဲဒီရွာက မိဘပြည်သူတွေကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ရေယာဉ်အုပ်စုမှာ ထိခိုက်သေဆုံးတာတွေ အများအပြားရှိနိုင်ပြီး အရေအတွက်တော့ မသိရှိကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်တာ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့ရဲ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကံကြီးကုန်းရွာနားမှာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်နေတဲ့အတွက် အနီးအနားဝန်းကျင်ရွာတွေက ဒေသခံ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက် ၆ နာရီလောက်က စဖြစ်တာ။ နှစ်ဖက် တိုက်ပွဲဖြစ်နေပြီး နှစ်နာရီလောက်အကြာ တိုက်လေယာဉ်နှစ်စီး ပတ်ဝဲနေတော့ အပစ်အခတ်တော့ ရပ်သွားတယ်။ ဒေသခံ ၂,၀၀၀ ကျော်လောက်က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးရတယ်။ သိရသလောက် အရပ်သားထိခိုက်တာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကံကြီးကုန်း၊ ဆီပန်းကန်၊ ရွှေကူ၊ ငွေသာ၊ ကုန်းသာ၊ အမြင့်၊ တောကျောင်းလေးနဲ့ နဂါးဘိုရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်းထွက်ပြေးနေကြရတာပါ။

ချောင်းဦးမြို့နယ်မှာ အောက်တိုဘာလက မှန်ချို၊ မထိသာ၊ ငါးလုံးတင်နဲ့ ဆင်ပြေရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ DVB

ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေးက လာဘ်ယူမှုများ၊ အနိုင် ကျင့်ဗိုလ်ကျမှုများ ကျူးလွန်နေပြီး တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှု များတွင် ပါဝင် ပတ်သက်နေကြောင်း ကော့သောင်းအခြေစိုက် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဗိုလ်မှူးမောင်ဌေးကို ခန့်အပ်ထားရာတွင် မြို့နယ်အုပ်ချုပ်ရေး အ ဖွဲ့ဝင် ရာထူး၊ စစ်ဘက်ရာထူးများဖြင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးတွင် လာ်ယူမှုများ၊ အကျင့်ပျက်ခြစားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများ ကျူးလွန် နေကြောင်း၊ အထူးသဖြင့် စီးပွားရေးသမားများနှင့် ပူးပေါင်း၍ ရွှေတူးဖော်ရေးလုပ်ငန်းများကို တရားမဝင် ခွင့်ပြုခြင်း၊ သယံဇာတများ ခိုးထုတ်ခြင်းများတွင် အကြီးအကျယ် ပါဝင်ပတ်သက် နေကြောင်း သိရှိရသည်။

ဗိုလ်မှူးမောင်ဌေးက လာဘ်ငွေယူ၍ ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာ ကျေးရွာ နှင့် ကျွန်းကန့်လန့် အကြား နေ ရာ၊ ဝါးကျွန်းနေရာ အနီးတစ်ဝိုက် မြစ်ကြောင်း၊ ပင်လယ် ဘက်တွင် တရားမဝင် ရွှေတူးဖော်မှုများ၊ သတ္တုတူးဖော်မှုများကို ခွင့်ပြုထားကြောင်း သိရှိရသည်။

ထိုသို့ တရားမဝင် ရွှေတူးဖော်မှုသူများအနေဖြင့် သက်ဆိုင်ရာ စစ်ဒေသနှင့် မြို့နယ် အုပ်ချုပ် ရေးစစ် ကောင်စီထံသို့ ဗိုလ်မှူးမောင်ဌေးမှတစ် ဆင့် မှ ရွှေဖောင် ၁ ဖောင်လျှင် ပထမဦးဆုံး ဆက်ကြေး ၁၅ သိန်း ပေးဆောင်ရပြီး လစဉ်ကြေး ၈ သိန်း ပေးဆောင်ကာ တရားမဝင် ရွှေနှင့်သတ္တုတူးဖော်မှုများ လုပ်ကိုင်ခွင့်ရကြောင်း၊ ဗိုလ်မှူးမောင်ဌေး ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဇွန် လမှ စတင်လုပ် ကိုင်ခွင့်ရရှိခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဗိုလ်မှူးမောင်ဌေးက သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် လည်ပတ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်း များကို ခေါ်ယူ ခြိမ်းခြောက်၍ ငွေ ကြေးတောင်းခံခြင်း၊ ဆက်ကြေးသဘောမျိုး ငွေတောင်း ယူခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရှိသည့်တိုင် ငွေမပေးနိုင်သည့် စီးပွားရေးကုမ္ပဏီများကို ကော့ သောင်းမြို့နယ်အတွင်း လုပ်ငန်း လုပ်ခွင့်မပေးဟုဆိုကာ လုပ်ငန်းရပ်ဆိုင်းရန် ဖိအားပေးခြင်းစသည့် ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ လုပ်ငန်းရှင်များကိုလည်း PDF ထောက် ပံ့ သည်ဟု အကြောင်း ပြချက်ဖြင့် ဒုက္ခပေးမည်ဟု မကြာခဏ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။ khit thit

လူမှုကယ်ဆယ်ရေးကားကို အသုံးပြုကာ စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

။စစ်ကိုင်းမှ မုံရွာသို့ လူမှုကယ်ဆယ်ရေးကားကိုအသုံးပြုကာ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်လိုက်ကြောင်း People’s knight Defense Force Myinmu (PKDF-MMU)ပြန်ကြားရေး ရဲဘော်သုညက မဇ္စျိမကိုပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပ‌ကျေးရွာကြားတွင် ဒီဇင်ဘာလ ၂၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်၌ လူမှုကယ်ဆယ်ရေးကားကို အသုံးပြုကာ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ကားကိုမောင်းပြေးရာ လမ်းမထက်တွင် မှန်ကွဲစများကျကျန်ခဲ့သည်တွေ့ရပြီ ထိခိုက်မှုအ ခြေအနေကို ဆက်လက်စုံစမ်းနေဆဲဟု ဆိုသည်။

“ရိုးရိုးစစ်ကားနဲ့ဆို အမြဲမိုင်းဆွဲခံနေရတော့ ရိုးရိုးစစ်ကားတွေနဲ့ ကျနော်တို့ဘက်လမ်းတွေက မဖြတ်တာကြာပြီ။ အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ၊ လူမှုကူညီရေးကားတွေနဲ့ပဲ ဖြတ်သွားကြတယ်” ဟု ရဲဘော်သုညက မဇ္စျိမကိုပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၃နာရီခန့်တွင်လည်း စစ်ကိုင်းမှ မုံရွာသို့ ချီတက်လာကြသော အင်အားအပြည့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ ကားသုံးစီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပ ကျေးရွာကြားတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ငါးကြိမ် မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်သည်ဟု PKDF-MMUထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို People’s knight Defense Force Myinmu (PKDF-MMU)နှင့်တူ People’ Army To Fight Dictatorship (PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ် ငါးဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့သေးသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း စစ်ကိုင်း၊ မြင်းမူလမ်းတွင် ညောင်ပင်ဝန်း ရဲစခန်းမှ ထွက်လာသည့် ခြေလျင်စစ်ကြောင်းကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAM ငါးထောင့်ကြယ် ညီနောင် နှစ်ဖွဲ့မှ မိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ mizzima

ရေးမြို့နယ်၌ စစ်တပ်ကျောင်းကြိုပို့ကား ပစ် ခတ်ခံရ ၊ ပလမြို့ရဲစခန်းကို PDF ဝင်တိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအဝင်မှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီတပ်ရင်း ၅၉၁ ရဲ့ ကျောင်းကြိုပို့ကားကို  ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့ကာကွယ်ရေး တပ်ဖွဲ့မှ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကားက ကျောင်းရွာထဲမှာ အမြဲတမ်းကင်းလှည့်နေကျကားပါ အဲဒီကားကို ကျနော်တို့ ရွာထဲကနေ နေရာယူပီး စောင့်ပစ်တာပါ။ ရေးမြို့ ကျောင်းရွာထဲဝင်လာတဲ့ ကျောင်းရွာ ၅၉၁ တပ်က စစ်ကားကို ကျနော်တို့ ဝိုင်းပစ်တာပါ။ ခွေးတွေ ခွေးပြေးဝက်ပြေးကို ပြေးတာပဲ။ စစ်ကားပေါ်က စစ်သားနှစ်ယောက် ကားပေါ်မှာ ကျသွားတယ်။ ကားမရပ်တော့ ကျနော်တို့ လက်နက်တွေ လုဖို့ အချိန်မရလိုက်ဘူး ကားမောင်းပြေးသွား တယ်” လို့ ပြောပါတယ်။

ကျောင်းရွာတပ် ကျောင်းကားကိုပစ်ပြီး စစ်တပ်ဘက်က ပြန်လည်ခုခံမပစ်ခတ်နိုင်ဘဲ ပြန်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “လက်နက်ကိုင်တဖွဲ့က ဝင်ရောက်ပစ်ခတ်ကြတယ်။ ကျောင်းကားမှာပါလာတဲ့ တပ်သားရော ကလေးတွေပါ ထိခိုက်သေတာတော့ ရှိတယ်။ လောလောဆယ်တော့ အတိအကျ မသိရသေးဘူး။ အခုက ရွာထဲမှာ ဘယ်သူမှ အပြင်မသွားလာရဲကြဘူး” လို့ ပြောပါတယ်။

ကျောင်းရွာမှာ စစ်တပ်က တပ်ရင်း ၂ ခုရှိပြီး ရဲစခန်းလည်းရှိသလို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ အခုလို စစ်တပ်ကျောင်းကား ဝင်ရောက်တိုက်ခိုက်ခံရတာပါ။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ကလည်း ရေး-သံဖြူဇရပ် ကားလမ်းဘေးက စစ်တပ် ခမရ ၅၈၆ တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အစင်စံပြကျေးရွာဘက်ကနေ ဓမင်းဆိမ်ဘက်ပင်လယ်ဝသွားတဲ့ လမ်းနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က ဗိုလ်ကျန်ရစ်က ပြောပါတယ်။

အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်နေချိန် မိုင်း ၂လုံး ခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ အထိခိုက်အကျဆုံးတွေရှိနိုင်ပေမဲ့ လတ်တလော အတိအကျ မသိရသေးဘူးလို့ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။ 

အစင်ကျေးရွာဒေသခံ တယောက်က “ပေါက်ကွဲသံက ကျယ်လောင်တော့ ဘေးပတ်ဝန်းကျင် တခုလုံး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ညဘက်ဖြစ်တော့ အပြင်ဘက်ကို ဘယ်သူ့မှ မသွား လာရဲကြတော့ အခြေနေက ဘာဆက်ဖြစ်နေတာလည်း မသိသေးဘူး”လို့ ဆိုပါတယ်။ 

မိုင်းဆွဲ တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်က ရေးကနေ အစင်ကျေးရွာဘက်ကို စစ်ကား ၃ စီးနဲ့ ထပ်မံအင်အားအပြည့်နဲ့ လာရောက်ခဲ့ပေမဲ့ ရေးပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

မနက်ကလည်း ရေး ပြောက်ကျားတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်တွေဟာ နှင်းစုံကျေးရွာအုပ်စု ဒုံဖီကျေးရွာ ကြိုးတံတားက စစ်ကောင်စီတပ်ကင်းစခန်းတခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ပါသေးတယ်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း ပလမြို့ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ညဘက်ဝင်ပစ်တာ။ အဓိကကတော့ ကင်းတဲကို ဝင်ပစ်တာပါ။ သူတို့ဘက်က စိန်ခေါ်စာ ထွက်လာတယ်လေ။ ဘယ်အချိန်ဖြစ်ဖြစ် ဝင်ပစ်လို့ ရတယ်ဆိုတာ သတိပေးတာပါ”လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရှိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်များက အထိအခိုက် မရှိ ပြန်ဆုတ်လာခဲ့တယ်လို့ဆိုပါတယ်။

ပလရဲစခန်းကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၂ ရက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပါတယ်။ DVB

လေးကေ့ကော်မြို့သစ်အနီးတွင် လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ်အနီး၌ ဒီဇင်ဘာလ၂၆ရက်နေ့ ည၁၀နာရီ မိနစ်၄၀ တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်သည်ဟု ဒေသခံများထံက သိရသည်။

လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်အခြေစိုက်သည့် စွယ်တော်ကုန်း(ဗျူဟာကုန်း)နှင့် လက်ခတ်တောင်စခန်းကုန်းတို့မှ လက် နက်ကြီးများဖြင့် KNLAစခန်းကုန်းများရှိရာ နေရာများသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ ညက လေးကေ့ကော်ဘက်က ပစ်ခတ်မှုရှိတယ် ။လက်နက်ကြီး ၊ လက်နက်ငယ်အသံတွေကောကြားနေရတယ် ဘယ်ဘက်ကစပြီး ပစ်တာတော့ မသိဘူး”ဟု လေးကော့ကော်မြို့သစ် ဒေသခံတစ်ဦးကပြောသည်။

ယင်း ပစ်ခတ်မှုသည် ၄၅မိနစ်နီးပါးကြာမြင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် Cobraစစ်ကြောင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးပတ်မှစတင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စိုးမိုးထားသည့် မြဝတီ-ဝေါလေကားလမ်းမမှ နေရာအချို့ကို Cobraစစ်ကြောင်းက ပြန်လည်ဆုတ်ခွါပြီးနောက် တိုက်ပွဲငြိမ်သက်လျက်ရှိသည်။ mizzima

ပေါက်မြို့ရှိ စစ်တပ်စစ်ဆေးရေးဂိတ် တိုက် ခိုက်ခံရ၊ ရေစကြိုတွင် စစ်တပ်နှင့် ပျူစောထီးက နေအိမ် ၁၆၀ ကျော်ကို မီးရှို့

မကွေးတိုင်း၊ ပေါက်မြို့မှာ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့-SPGF တပ်ခွဲ-၁ ကနေ သိရပါတယ်။

SPGF တပ်ခွဲ-၁ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုက်ခဲက “ပေါက်မြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ အိမ်တွင်းမှုဂိတ်နားမှာ မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကျနော်တို့ဘက်က မိုင်းထောင်ဖို့သွားတဲ့အချိန်မှာ စစ်(…)တွေဘက်က ကင်းပုန်းနဲ့ တည့်တည့်တိုးပြီး နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။

SPGF ဘက်က ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး လဲကျသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ကျည်ဆန်အင်အား မလုံလောက်တာကြောင့် ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ SPGF တပ်ခွဲ-၁ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ PDF ရဲဘော် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ စားသောက်ဆိုင်ကြီး ၂ ဆိုင် အပါအဝင် ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁၆၂ လုံးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.အ.ဖ က ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၂၆ ရက်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ပခုက္ကူ-မန္တလေးကားလမ်း အောင်မိုးလမ်းခွဲက စားသောက်ဆိုင်ကြီး ၂ ဆိုင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ရေစကြိုပ.အ.ဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေရာတွေကတော့ အောင်မိုးလမ်းဆုံ၊ ဆင်ခြေယာရွာ၊ မြေစွန်းတော်၊ မလကာခြံ၊ ရွာထောင်၊ ဆပ်သွား၊ ကုန်းရင်း၊ ငါးမြာကြီး၊ ဗျည်းဘ (အနောက်ရွာ)၊ ပိတ်သင်းကပ်၊ သစ်ခေါက်ဆိပ်၊ ထန်းပင်ချောင်းနဲ့ ရွာသာအေးရွာတို့ဖြစ်ပြီး အဲဒီထဲမှာ ဗျည်းဘ (အနောက်ရွာ) ကတော့ အိမ်ခြေ ၇၄ လုံး မီးလောင်ကျွမ်းပြီး အများဆုံး မီးလောင်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပခန်းငယ်၊ ဆင်ခြောင်း၊ ဟင်္သာကျေးရွာတွေက ပျူစောထီးတွေပေါင်းပြီး လက်နက်တွေပစ်ဖောက်ကာ ကျေးရွာတွေကို စီးနင်းမီးရှို့ခဲ့တဲ့ အပြင် နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ၊ ပရိဘောဂပစ္စည်း၊ စက်ပစ္စည်း၊ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကိုလည်း ခိုးယူသွားကြတယ်လို့ ရေစကြိုပ.အ.ဖ ပြန်ကြားရေးတာဝန်ခံ က ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သူတို့စိတ်ကြိုက် သတ်ဖြတ်စားသောက်သွားတဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

မီးဘေးသင့် မိဘပြည်သူတွေကို ထောက်ပံလှူဒါန်းပေးနိုင်အောင် ရေစကြိုမြို့နယ် ပ.အ.ဖ၊ ပ.က.ဖ တို့က ဦးဆောင်ပြီး NUG အစိုးရရဲ့ သက် ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ ရေစကြိုမြို့နယ် ပ.လ.ဖ နဲ့ ရပ်ကျေး ပ.အ.ဖ အဖွဲ့တွေ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ မကွေးတိုင်းမှာ  စစ်ကောင်စီတပ်တွေက အိမ် ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

ထားဝယ်၊ ရေနက်ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကနီနှင့် ရွှေဘိုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်ရေ နက် ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Guerilla Revolutionary Force –DGRF ထံမှ သိရသည်။

အဆိုပါရဲစခန်းကို ဒီဇင်ဘာလ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသည်ကို မျက်မြင်သိရှိရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသည် ဟု သိရှိရကြောင်း DGRF တပ်ဖွဲ့က ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို Dawei Guerilla Revolutionary Force –DGRF (ထားဝယ် -ပကဖ) ၊ Launglone People Defense Force- LLPDF ၊ TYB –PDF နှင့် အခြားမိတ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဌောကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ကနီမြို့နယ်၊ မုဌောကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်ကို အမျိုးသား တော်လှန်ရေး ပျောက် ကြားတပ် (National Revolutionary Guards)နှင့် ညီနောင် မဟာမိတ်တပ်များ ပူးပေါင်းကာ ၂ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်‌ သေဆုံးမှုရှိနိုင်သော်လည်း စစ်သား သေစာရင်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို National Revolutionary Guards (NRG-PDF/Salingyi)၊ ပြည်သူအားလုံးရဲ့ PK /PDF၊ Chindwin Revolution Fighterနှင့် နယ်စည်းမခြား ဇာမဏီပြောက်ကြားတပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်ခဲ့ကြောင်း ShweBo Federal Army အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် ရွာသာ ကျေးရွာရှိ စစ်ကောင်စီတပ်သားများကို ဒေသခံ ကာကွယ်ရေး တပ် ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ShweBo Federal Army SBFA အဖွဲ့၊ တိုက်နယ် ၂ ညီနောင်များ၊ ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့၊ တိုက်နယ် (၅) နယ်မြေ ခံ ရဲဘော် အင်အားစုများ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဒေသခံ တောင်သူ လယ်သမားများ၏ လယ်ယာခင်း၊ စပါး၊ သီးနှံများကို ခိုးယူ ဖျက်ဆီးနေခြင်း ကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။khit thit

စစ်ကောင်စီက ဖိတ်ခေါ်သည့် ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့တက်ရောက်မည်

စစ်ကောင်စီက ဖိတ်ခေါ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

DKBAမှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောစိန်ဝင်းက “ကျနော်တို့ကရောက်တောင်မရောက်သေးဘူး။ ဟိုမှာဘယ်သူတွေလာမယ်မှန်းမသိဘူး။ လမ်းပေါ်မှာပဲရှိနေသေးတယ်။ အစည်းအဝေးကတော့ တက်ဖြစ်ကြပါတယ်” ဟု မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ၂၀၀၈တွင်ပါဝင်နေသည့် ဥပဒေများအ‌ေပါ် ပြင်ဆင်လိုသည်များကို ဆွေးနွေးရန်နှင့် EAOs များအနေဖြင့် သီးခြားလိုအပ်ချက်များရှိပါက ဆွေးနွေးလိုပါက ဆွေးနွေးရန်အတွက် ဒီဇင်ဘာလ ၁၉ရက်နေ့က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အနက် ငါးဖွဲ့သာတက်ရောက်မည်ဖြစ်ကြောင်း အဖွဲ့တစ်ဖွဲ့မှသတင်းရင်းမြစ်က ကမဇ္ဈိမသို့ပြောသည်။ ဆွေးနွေးပွဲသို့ မည်သည့်အဖွဲ့များတက်ရောက်မည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

“ကျနော်ကြားတာကတော့ ခုနစ်ဖွဲ့လုံးသွားဖြစ်တယ်လို့ကျနော်မကြားဘူး။ ငါးဖွဲ့တော့ သွားဖြစ်တယ်လို့တော့ကြားပါတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ဆွေးနွေးပွဲမပြုလုပ်မီက အလွတ်သဘောဆွေးနွေးပွဲများ ပြုလုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးမည်ဖြစ်ကြောင်း အဖွဲ့ ခုနစ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ KNU/KNLA (PC) ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ပြောကြားသည်။

ယခုအစည်းအဝေးတက်ရောက်ကြမည့် အစီစဉ်နှင့်ပတ်သက်ပြီး “ဆရာကတော့ အခုအပြင်မှာပဲ ဌာနချုပ်မှာပဲရှိနေတော့ အဲဒီဟာတွေသေချာတော့မသိဘူးဗျ” ဟု ဆိုသည်။

အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ရက်နေ့မှ ၃၀ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးပြီးနောက်တွင် စစ်ကောင်စီက ကျင်းပသည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးအပ်သည့် ပွဲနှင့် လွတ်လပ်ရေးပွဲများကိုလည်း တက်သွားကြရန်လည်းရှိနေသည်။mizzima

« Older Entries