Monthly Archives: Dec 2022

မွန်အမျိုးသားလူငယ်များနေ့ပွဲ ကျင်းပ၊ နိုင်ငံ ရေးပြဿနာကို ညင်သာစွာ အဖြေရှာမည်ဟု နိုင်ဟံသာ ပြော

မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို  ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။

မွန်အမျိုးသားလူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ ညီစားမှာ  ဒီဇင်ဘာ ၂၈ ရက် မနက်က ကျင်းပရာမှာ ပြောကြားလိုက်တာပါ။

မွန်တမျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ မွန်လူငယ်တွေရဲ့သမိုင်းတွေဟာ ရှေ့ဆက်လက်ဆင့်ကမ်းမယ့်အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ပုံဖော်ပြီး ထောက်အကူပြုသွားဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ထည့်သွင်းပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ်မှာအခြေစိုက်တဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်ဒေသ ကာကွယ်ရေးတပ်တွေကရော မွန်အရပ်ဖက်အဖွဲ့စည်းတွေကပါ လက်ရှိသွားနေတဲ့ မွန်ပြည်သစ်ပါတီဘက်က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အရာတွေကို အခုအချိန်မှာ ပွင့်လင်းမြင်သာဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

မွန်လူငယ်အမျိုးသားနေ့ဟာ မွန်လူမျိုးတွေရဲ့ ချစ်ခင်ရင်းနှီးမှု အပြန်လှန်လေးစားမှုတွေ မွန်လူမျိုးတွေရဲ့ စာပေယဥ်ကျေးမှုတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ မွန်အမျိုးသားအလံကို အလေးပြုကြပြီးတော့ မွန်သံဃာတော်တွေ မွန်ပြည်သစ်ပါတီဝင်တွေ၊ မွန်ပြည်နယ်က မွန်အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ မွန်လူငယ်တွေက တက်ရောက်ခဲ့ကြပါတယ်။DVB

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ့ရဲဘော်များကို ရှေ့တန်းစစ်မျက်နှာ အထိ သွား ရောက် ကုသပေးမည့် ရွေ့လျားခွဲစိတ်ခန်း စီမံချက်တွင် ပါဝင်ကြရန် နှိုးဆော်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန် ရေးရဲဘော်များ ထိ ခိုက်ဒဏ်ရာ ရရှိပါက ရှေ့တန်းစစ်မျက်နှာအထိ သွားရောက်ကုသပေးနိုင်မည့် ရွေ့လျား ခွဲစိတ် ခန်း စီမံချက်ကို အကောင်အထည်ဖော်နေပြီး ပြည်သူများပါဝင်ကြရန် CDM ဆရာဝန်များက နှိုးဆော် ထားသည်။

အဆိုပါ ရွေ့လျား ခွဲစိတ်ခန်း စီမံချက်ကို တောင်ပိုင်းတိုင်းစစ်ဒေသတွင် အကောင် အထည်ဖော်မည်ဖြစ်ပြီး ရွေ့လျားခွဲစိတ်ခန်းကို ရှေ့တန်းစစ် မျက်နှာ အထိ သွားရောက်ကုသမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အဆိုပါ စီမံချက် အတွက် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

“ရှေ့တန်းနဲ့ အနီးဆုံးနေရာအထိ ခွဲစိတ်ကုသပေးနိုင်မယ့် ရွေ့လျားခွဲစိတ်ခန်း တစ်ခု တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းများဝယ်ယူရန် လှူပေးနိုင်မယ့် Project လေးပါ။ ကားကြီးနောက်ခန်းတွဲမှာ ခွဲခန်းတည်ဆောက်ပြီး ရွေ့လျား သွားလို့ရတဲ့ ပုံစံလေးပါ။ လူနာများကို ခွဲစိတ်နိုင်ဖို့ လိုအပ်တဲ့ ခွဲခန်းပစ္စည်းတွေ၊ မေ့ဆေးပစ္စည်းတွေ၊ ခွဲစိတ်ကိရိယာတွေ၊ အရေးကြီးဆေးဝါးတွေ၊ ဓာတ်ခွဲခန်း ပစ္စည်း တွေ၊ ဆေးရံပုံငွေထားဖို့တွေ အ တွက် အလှူငွေတွေ လှူဒါန်းနိုင်မှာ ဖြစ်ပါ တယ်။ မိမိ လှူချင်တဲ့ ခေါင်းစဉ်အတိုင်း လှူပေးနိုင်ပါတယ်။ ဥပမာ မေ့ဆေး ပစ္စည်းများ ဝယ်ယူရန် ၅၀၀၀၀၀ ကျပ် လှူပါသည် ဆိုတဲ့ ပုံစံမျိုး လေး ပါ။ မိဘပြည်သူများ လှူဒါန်းသည့် အလှူငွေများအားလုံးကို mobile OT တည် ဆောက်ရာတွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် သုံးစွဲသွားမှာ ဖြစ်ပါတယ်။ တောင် ပိုင်းတိုင်းက တော်လှန်ရေးရဲဘော် ၂၀၀၀ ကျော်ကို ထိထိ ရောက် ရောက် ကူညီကယ်တင်ပေးနိုင်မယ့် Project လေး ဖြစ်ပါတယ်” ဟု အဆိုပါ ပရော ဂျက်က တရားဝင်ထုတ်ပြန်သည်။

စီမံချက်ကာလသည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် ၁၄ ရက်နေ့အထိ စုစုပေါင်း ရက် ၂၀ အလှူငွေ လှူဒါန်းနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စိတ် တိုင်းကျ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ရွေ့လျားခွဲခန်းတစ်ခုနိုင်ပါက တော် လှန် ရေးရဲဘော်များ၏ အသက် ပိုမို ကယ်တယ်နိုင်ကြောင်း ၊ တော်လှန်သော မိဘ ပြည်သူအနေဖြင့် သေနတ် မလှူရဲသည့် ပြည်သူများ လှူဒါန်းနိုင်ကြောင်း တိုက်တွန်းထားသည်။

ရွေ့လျားခွဲစိတ်ခန်း စီမံချက်တွင် ပါဝင်လှူဒါန်းလိုသည့် ပြည်သူများအနေဖြင့် ထောက်ပို့ Facebook Page ဖြစ်သည့် https://www.facebook.com/HtoutPhoet တွင် ကြည့်ရှု လှူဒါန်းနိုင်ကြောင်း သိရှိရသည်။ khit thit

ရေဖြူမြို့တွင် စစ်ကောင်စီယာဥ်တန်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ ဆိုင်ကယ်စီးအမျိုးသမီးကို စစ်ကားနဲ့ တိုက်သတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် အချိန်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ ခံရမှုကြောင့် ထိခိုက် သေဆုံးမှုများရှိသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် လမ်းပေါ်ရှိ ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးကို စစ်ကားဖြင့် တိုက်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းတွင် စစ်ကောင်စီကား ၁၄ စီးပါရှိပြီး ရေဖြူမြို့နယ် ညင်းထွေးရွာအနီး ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“မိုင်းဆွဲပြီးတဲ့ အချိန်မှာ စကစကားတွေက မောင်းပြေး သွားတာပါ၊ လမ်းမှာ ဆိုင်ကယ်နဲ့ သွားနေတဲ့ အမျိုးသမီး တစ်ဦးကို စစ်ကားနဲ့ တိုက်သတ်တဲ့အပြင် တက်ကြိတ်သွားလို့ ပွဲချင်းပြီး သေဆုံးသွားတယ်”ဟု ရေဖြူမြို့ခံ တစ်ဦးက ပြောသည်။

ယင်း စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ ဖောက်ခွဲမှု သုံးကြိမ် ပြုလုပ်ခဲ့၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များနိုင်ပြီး အရေအတွက်ကိုမူ အတိအကျ မသိရှိရသေးသလို ထုတ်ပြန်ခြင်းလည်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကားဖြင့် တိုက်သတ်ခံရသည့် အမျိုးသမီးမှာ အသက် ၂၀ နှစ် ဝန်းကျင်ခန့်ရှိပြီး မည်သူမည်ဝါဆိုသည်ကိုမူ မသိရသေးသည့်အပြင် အလောင်းကို ပရဟိတအဖွဲ့က လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။mizzima

တမူးတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦး ဖြစ်တဲ့ ဦးဇော်ဝင်းမြင့်ကို ဒီဇင်ဘာ ၂၇ ရက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့မ ၁၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးဇော်ဝင်းမြင့်ဟာ ဆိုင်ကယ်ဆီဖြည့်ဖို့အတွက် မောင်ဦးဆီဆိုင်ကို ရောက်ရှိစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

ဦးဇော်ဝင်းမြင့်ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တနည်းအားဖြင့် ပျူစောထီးအဖွဲ့ဝင် ဖြစ်တာကြောင့် ပစ်ခတ်သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။

“သူက တမူးမြို့မှာ နာမည်ကြီးဗျ။ မြို့ထဲ ‌သေနတ်နဲ့ လှည့်နေတာ။ တမြို့လုံး သိတယ်။ သူတယောက်တည်း အပြင်ထွက်ချိန် ပစ်သတ်ခံရတာ။ သူ ပစ်သတ်ခံရပြီးတဲ့နောက် မြို့ထဲမှာ စစ်သားတွေ ကင်းလှည့်နေကြတယ်။”

ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တမူးဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မိမိတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဦးဇော်ဝင်းမြင့် ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF အဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဒေသခံတဦးကို လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်သွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဦးဇော်ဝင်းမြင့်ရဲ့ အလောင်းကိုတော့ တမူးမြို့ လူမှုကူညီရေးအသင်းကနေတဆင့် တမူးပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ DVB

ဒီပဲယင်းတွင် စစ်တပ်က ဒီဇင်ဘာလအတွင်း ကျေးရွာ ၂၂ ခုမှ ဘုန်းကြီးကျောင်းများ ၊ စာသင် ကျောင်းများ အပါအဝင် အိမ်ခြေ ၂၉၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်တပ်က ကျေးရွာ ၂၂ ခုမှ ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများ အပါအဝင် နေအိမ် ၂၉၀၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်က ဒီပဲယင်း မြို့နယ် အတွင်းရှိ ကျေးရွာ ၂၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၉၀၀ ကျော်ပြာကျခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် က ကျေးရွာ ၄ ခုမှ ဘုန်းကြီးကျောင်း ၄ ကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးရာတွင် ပျော်ဘွယ်ရွာမှ နေအိမ် ၂၃ လုံး၊ မဲအိုးရွာမှ နေအိမ် ၈၄ လုံး၊ ညောင်ကြီးကုန်းရွာမှ နေအိမ် ၆၅ လုံး၊ လက်ယက်ကုန်းရွာမှ နေအိမ် ၁၈၆ လုံး၊ မူးခံတွင်းရွာမှ နေအိမ် ၁၆၃ လုံး၊ ညောင်လှရွာမှ နေအိမ် ၂၀၃ လုံး၊ ကံကုန်းရွာမှ နေအိမ် ၁၄ လုံး၊ ဝဲကြီးရွာမှ နေအိမ် ၈၅ လုံး၊ သပြေသာရွာမှ နေအိမ် ၂၅ လုံး၊ ရုံးသာရွာမှ နေအိမ် ၃၁ လုံး၊ နများ ရွာမှ ၃၁၈ လုံး၊ ယဥ်ကျေးရွာမှ နေအိမ် ၁၆ လုံး၊ မူးရိုးကုန်းရွာမှ နေအိမ် ၈၈ လုံး၊ ဘန့်ဘွေးရွာမှ နေအိမ် ၂၀ လုံး၊ အင်ပင်ရွာမှ နေအိမ် ၂၅၀ လုံး၊ ကုန်းတဲရွာမှ နေအိမ် ၇၅ လုံး၊ ကုန်းကြီးရွာမှ နေအိမ် ၁၃ လုံး၊ ပေါက်ရင်းရွာမှ နေအိမ် ၁၀ လုံး၊ ချောင်းပေါက်ရွာမှ နေအိမ် ၃၂ လုံး၊ အေးသာယာ (ပျံကျ ကျေးရွာ) မှ နေအိမ် ၄၀၀ ကျော်ခန့်နှင့် ကြည်ကျေးရွာ နေအိမ် ၃၀၀ ခန့်၊ ဘုရားထွက် ကျေးရွာမှ နေအိမ် ၄၀၀ ခန့် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှရွာမှ ကံဦးဘုန်းကြီးကျောင်း၊ ယဉ်ကျေးရွာမှ ယဉ်ကျေး တော ဘုန်းကြီး ကျောင်း၊ မူးရိုးကုန်းရွာမှ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းနှင့် ညောင်ကြီးကုန်းရွာမှ ညောင်ကြီးကုန်းဘုန်းကြီးကျောင်းတို့ကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။khit thit

ဘုတလင်မြို့ ထွေအုပ်ရုံးတွင် ဝန်ထမ်းလျှောက်သူများ ဒလန်အဖြစ် ကာကွယ်ရေးတပ်ဖွဲ့ သတ်မှတ်

စစ်ကိုင်းတိုင်း ၊မုံရွာခရိုင် ၊ ဘုတလင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လိုအပ်လျက်ရှိသောနေရာများ၌ ဝန်ထမ်းများခေါ်ယူလျက်ရှိရာ စစ်ကောင်စီလက်အောက် အလုပ်ဝင်လုပ်သူများကို ဒလန်အဖြစ်သတ်မှတ်ကြောင်း PDF LION INGAR BUDALIN က ဒီဇင်ဘာ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။

ဘုတလင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတွင် CDM ပြုလုပ်သွားသည့်အတွက် လစ်လပ်သွားသော နေရာများတွင် အစားထိုးခန့်အပ်ရန်နှင့် လိုအပ်သော ဝန်ထမ်းများကို ခန့်ရန်အတွက် ဝန်ထမ်းသစ်များ ခေါ်ယူဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဝန်ထမ်းနေရာများတွင် ဘုတလင်မြို့အနီးနားကျေးရွာများမှ ဘွဲ့ရ လူအချို့နှင့် CDM မပြုလုပ်သည့်ဝန်ထမ်များ၏ ဘွဲ့ရ ၊ ဆယ်တန်းအောင် ဆွေမျိုးသားချင်းများ ဝင်ရောက်လျှောက်ထား လုပ်ကိုင်နေကြကြောင်းဆိုသည်။

“အဓိက ကတော့ ရွေးကောက်ပွဲအတွက်လို့ကြားတယ်ဗျ ၊ ရွေးကောက်ပွဲအတွက် စာရင်းကိုင်တွေကအစ မရှိလို့ခေါ်နေတာ ၊ ဘုတလင်ထွေအုပ်ရုံး ဝန်ထမ်းတွေက အခုနောက်ပိုင်း တော်တော်များများ CDM လုပ်လာကြတယ်၊ ဒါကြောင့် လူတွေလို နေတာ” ဟု PDF – LIB တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အလုပ်အကိုင်နေရာများအတွက် အလုပ်ဖောင်တင်လျှောက်ပြီးနောက် လူတွေ့ စစ်ဆေးသည့်အချိန်တွင် လျှောက်လွှာရှင်များအား ၎င်းတို့ရွာတွင် PDF များနေထိုင် ဆက်သွယ်ခြင်းရှိမရှိ နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများမေးမြန်းကြောင်း သိရသည်။

ယင်းသို့ သတင်းပေးနိုင်သူများကို အလုပ်ခန့်အပ်ကြောင်းနှင့် အလုပ်ရရှိသွားသူများ၏ ရွာ သို့မဟုတ် ဆွေမျိုးများရှိရာ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးသည့်အချိန် ကာကွယ်ရေးတပ်ဖွဲ့များ၏ နေအိမ်များကို စာရင်းနှင့်တကွ တိုက်ရိုက် ဝင်ရောက်ရှာဖွေခံရသဖြင့် PDF အဖွဲ့ဝင်နှင့်နီးစပ်သူ ၁၀ဦးခန့် ဖမ်းဆီးခံရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းပေး၍ ဝန်ထမ်းပြုလုပ်နေသောသူများအား အသိပေးလိုကြောင်း စစ်ကောင်စီ နှင့် ၎င်းတို့၏ ဌာနဆိုင်ရာရုံးများသည် ၎င်းတို့၏ ပစ် မှတ်ဖြစ် သောကြောင့် ယင်းအတွက် အလုပ်လျှောက် ဝင်ရောက်လုပ်ကိုင်သူများ၏ အသက်ကို အာမ မခံနိုင်ကြောင်း တာဝန်ခံမှ ဆက်လက်ပြောဆိုသည်။

လတ်တလောအားဖြင့် အဆိုပါ ထွေအုပ်ရုံးတွင် လူ ၃၀ခန့် လျှောက်လွှာ တင်ခဲ့ပြီး လူ ၂၀ခန့် ကို အလုပ်ခန့်ထားပြီးစီးကြောင်းနှင့် ဒလန်ကိစ္စနှင့်ပတ်သက်ပြီး ဘုတလင် ဒလန်ရှင်းလင်းရေးမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထား သည်။

ဇန်နဝါရီလ ၉ရက်မှ ၃၁ရက် ၂၀၂၃ ခုနှစ် အထိ ၂၃ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင် လူဦးရေးစာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။ mizzima

၂၀၂၃ နှစ်သစ်တွင် စစ်အာဏာရှင် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့ ခွန်အားသစ်ဖြင့် ပြန်လာမည်

ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Dark Shadow (UG) မြို့ပြ ပျောက်ကြား အဖွဲ့ သည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့ တွင်း စစ်အာ ဏာရှင် နှင့်သက်ဆိုင်သော ပစ်မှတ်များကို တိုက် ခိုက် သွားမည်ဖြစ် ကြောင်း Dark Shadow (UG)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ရန်ကုန် ခေတ်သစ် ထံသို့ ပြောဆိုသည်။

ရန်ကုန်တွင် အကြမ်းဖက်စစ်အာဏာရှင် အလုံးစုံပျက်သုဉ်းရေး၊ ဒီမိုကရေစီရရှိ ရေး အတွက် တော်လှန် ရေး Mission များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ အစွယ်အပွားများပိုင် Bar ၊ Club များအပါအဝင် စစ်ကောင်စီ၏ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် စစ်ရေး ထောက်တိုင်များ၊ စစ် ကောင် စီ၏ လက်ပါးစေ ရဲကင်းစခန်းများ၊ဌာနဆိုင်ရာ ရုံးများ၊ စနှင့် ဝေးရာသို့ ရှောင်ရှားသွားလာ နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့က ပြည်သူသို့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပန်ကြား ထား သည်။

Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့သည် ဒီဇင်ဘာ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ် ပြီး တစ်နှစ်အတွင်း စစ်ကောင်စီ၏ ထောက်တိုင် များ၊ ရဲကင်းစခန်းများနှင့် စစ်ကောင်စီနှင့် ပတ် သက်ဆက်နွယ်နေသော စီးပွား ရေး ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တော်လှန် ရေး လုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ထိခိုက်မှုကို တွက်ဆပြီး ဖျက်သိမ်း ခဲ့ရသော မစ်ရှင်များလည်း ရှိခဲ့ကြောင်းလည်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် စစ်ရေး ထောက်တိုင် များကို Dark Shadow (UG) အဖွဲ့အနေဖြင့် ၂၀၂၃ တွင်လည်း ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် အဖွဲ့အနေဖြင့် တစ်နှစ်တာ ကာလအတွင်း Mission ပေါင်း ၂၃ ခုအထိ လုပ်ဆောင်ခဲ့ပြီး ဖြစ် ကြောင်း သိရှိရသည်။

” နှစ်သစ်မှာစစ်ဆင်ရေးတွေ ပွဲတွေရှယ်ကဖို့အတွက် ပြင်ဆင်နေပါပြီ” ဟု Dark Shadow (UG) မြို့ပြ ပျောက်ကြားအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

Dark Shadow(UG) အဖွဲ့သို့ ကူညီထောက်ပံ့လိုသည့် ပြည်သူများ၊ စစ်ကောင် စီနှင့် ပတ်သက်သော သတင်းပေးလိုသူများ၊ သတင်းမီဒီများမှ ဆက်သွယ် လိုပါ က တရားဝင် Telegram Channel ဖြစ် သည့် https://t.me/DarkShadowYgnUG သို့ ဆက်သွယ်နိုင်ကြောင်း မေတ္တာ ရပ်ခံထားသည်။khit thit

သပိတ်ကျင်းနှင့် မတ္တရာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ တောင်တလုံးရွာနဲ့ အင်ပျံရွာအကြားမှာ ဒီဇင်ဘာ ၂၈ ရက် မနက် ‌၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါယာဉ်တန်းဟာ တပ်မ ၈၈ ကဖြစ်ပြီး ခြောက်ဘီးကား ၃ စီးနဲ့ ဆယ့်နှစ်ဘီးတွဲကား ၁ စီးပါကာ ထီးချိုင့်မြို့နယ်အတွင်း ရွာစဉ်မီးရှို့စစ် ကြောင်းထိုးနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီယာဉ်တန်းဟာ ထီးချိုင့်မြို့နယ်က ပြန်လာတာဖြစ်ပြီး ‌သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းလာစဉ် မန္တလေး-ဗန်းမော်ကားလမ်းကြောပေါ်မှာ ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ မနက် ၆ နာရီခွဲက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကားတွေဟာ ဘေးကိုယ်ထည်မှာ သံအထူတွေကပ်ထားပြီး ကိုယ်ထည်ထူတဲ့အတွက် ထိခိုက်ဒဏ်ရာသာရနိုင်ပြီး သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ပ.က.ဖ(တကောင်း) ကနေ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းရဲ့ ၂ စီးမြောက် ဖောကားတစီးသာ ထိခိုက်မှုရှိခဲ့ကြောင်း၊ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီယာဉ်တန်းကနေ ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပကဖ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ကားလမ်းကို အသုံးပြုကြဖို့၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ မောင်းနှင်ကြဖို့၊ အိမ်စီးကားတွေ မှန်ချမောင်းနှင်ကြဖို့ကိုလည်း ပ.က.ဖ(တကောင်း) ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာမှာ တပ်စွဲထားတဲ့ ရေကြောင်းလုံခြုံရေး ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းပဒေသာ ဗုံးသီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ABRFA Madaya တာဝန်ခံက ပြောပါတယ်။

အဆိုပါကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၅ ယောက်လောက်ရှိပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

“တိုက်ခိုက်ချိန်မှာတော့ သူတို့ PT တန်းနေချိန်မှာ မစ်ရှင်လုပ်တာဆိုတော့ အထိအခိုက် ရှိတယ်လို့ သိရတယ်။”

တိုက်ခိုက်မှုအပြီး နာရီဝက်အကြာမှာ စပိဘုတ်တစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပေမဲ့ ခဏအကြာမှာ အောက်ကို ပြန်စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ABRFA Madaya၊ ဒေါင်းစစ်သည် မတ္တရာ၊ Sky Hero Madaya၊ Unicorn Guerrilla FoRce ပြောက်ကျားတပ်ဖွဲ့ စစ်ကိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။DVB

ဒေါပုံမြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်၏ ဒေါပုံမြို့နယ်ဥက္ကဋ္ဌဖြစ်သူ ကိုဉာဏ်ဝင်းထက်သည် ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံလိုက်ရကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၇ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)နှင့် ဥပဒေပုဒ်မ(၃)တို့ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကို မနေ့က ထောင်ဒဏ် ၁၅နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ် စိတ်ပညာကျောင်းသားတစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းထက်သည် ဇူလိုင်လ အတွင်းက စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၎င်းဖမ်းဆီးခြင်းမခံရခင်က စစ်ကောင်စီသည် အပူတပြင်းရှာဖွေမှုများပြုလုပ်ပြီး ၂၀၂၂ခုနှစ်မေလအတွင်းက ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ မိဘများကို နှစ်ရက်ကြာဖမ်းဆီးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးတစ်ခုဖြစ်သည့် ဘားအံခရိုင်တရားရုံးကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ၂၃ရက်နေ့ တွင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၄၉(က)ဖြင့် ဗကသများအဖွဲ့ချုပ်၊ ဘဏ္ဍာရေးဗျူရို တာဝန်ခံ ကိုကောင်းထက်ဦးကို ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများအပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက ဖမ်းဆီးပြီး ကြီးလေးသည့် အမှုများဖြင့် တရားစွဲဆိုသည့်အပြင် အမြင့်ဆုံးပြစ်ဒဏ်များကို ပေးလေ့ရှိနေသည်။

ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည့်အပေါ် ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက” ဒီလိုနှစ်ရှည်ထောင်ဒဏ်‌ ချမှတ်နေတာတွေကတော့ လူထုကို အား‌လျော့‌ အောင် ဖိနှိပ်လိုတဲ့ စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတစ်ခုပါပဲ ။စစ်အုပ်စုရဲ့ စစ်ဗျူရိုကရက်ယန္တရားတစ်ခုဖြစ်တဲ့ တရားရေးမဏ္ဍိုင်ဟာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အခုလို ထောင်ဒဏ်မတန်တဆ အများအပြား ချမှတ်နေတာလို့မြင်ပါတယ်” ဟုဆိုသည်။mizzima

« Older Entries