Monthly Archives: Dec 2022

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားမြို့မရဲစခန်းမှာ မတရားအသင်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ စတဲ့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့မရဲစခန်းကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရောက်လာပြီး KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းအက်ဥ ပဒေပုဒ်မ ၁၇ (က) နဲ့ အမှုဖွင့်ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူ့ကို လိုင်ဇာမှာလုပ်တဲ့ KIO အစည်းအဝေးတက်ခဲ့လို့ ပုဒ်မ ၁၇(က) နဲ့ အမှုဖွင့်တာ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ KIO နဲ့ PDF တွေကို အားပေးတယ်၊ ထောက်ခံတယ်ပေါ့၊ အာ့ကြောင့် အမှုဖွင့်တာ။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားရဲစခန်းက (ပ) ၂၀၀/၂၀၂၂ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတာ မှန်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။

“မနေ့ကပဲ ပုဒ်မ ၁၇(က) ရယ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ ဘယ်ပုဒ်မနဲ့ ဖွင့်မလဲတော့ မသိဘူး။ မြစ်ကြီးနားရဲစခန်းမှာတော့ မရှိဘူး။ သူ့ကို ဘယ်မှာဖမ်းချုပ်ထားလဲမသိဘူး။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးစစ်ဖို့သွားချိန် မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကိုအမြန်ဆုံး ချက်ချင်းပြန်လွှတ်ပေးဖို့ American Baptist Churches USA, World Kachin Congress, ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာ ပေအဖွဲ့ချုပ်နဲ့ တခြားအဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ DVB

မော်လမြိုင်တွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင်စင်မဲ့ကား ချောင်းထဲ ထိုးကျ ပြီး ပွဲချင်းပြီးသေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်တွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင် စင် မဲ့ကား လမ်းဘေး ထိုးကျပြီး ပွဲချင်းပြီးသေဆုံးကြောင်း ပရဟိတ ကယ် ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီအချိန် မော်လမြိုင် မုပွန်၊ အိုးရုံလမ်းတွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင်စင်မဲ့ ကား (ကားနံပါတ်အတု YGN-9I 5716) သည် ချောင်းထဲ ထိုးကျ သွားကြောင်း၊ ယင်းနောက် ဒုရဲအုပ် ဝင်းထွန်း နိုင်သည် ကားအတွင်း သေဆုံးသွားပြီး အလောင်းကို ကားအတွင်းမှ ထုတ်ယူပြီး ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ကားက ချောင်းထဲထိုးကျပြီး မိနစ် ၂၀ လောက်ကြာမှ လူတွေက တွေ့တာ။ တွေ့တဲ့ အချိန်မှာ ဆွဲထုတ် တော့ အဲဒီရဲက သေနေပြီ။ သူ့သင် တန်းဆင်း လက် မှတ် မှာက တောင်ကြီးမြို့မရဲစခန်း ဒုရဲအုပ် ဝင်းထွန်း နိုင်လို့ ရေးထား တယ်။ ရဲဆိုတာတော့ သေချာပါတယ်။ ကားက လိုင်စင်မဲ့ကားပါ။ အမူး လွန်လို့ ချောင်းထဲ ကားထိုးကျတာလားတော့ သေသေချာချာမသိဘူး” ဟု ကယ်ဆယ် ရေးတွင် ပါဝင် ကူညီခဲ့သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။khit thit

တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဟု စစ်ကောင်စီထုတ်ပြန်

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ စာမေးပွဲအချိန်စာရင်းတွင် မတ်လ ၈ရက်နေ့တွင် မြန်မာစာ၊ မတ်လ ၉ ရက်နေ့တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၀ ရက်နေ့တွင် သင်္ချာ၊ မတ်လ ၁၃ရက်နေ့တွင် ဓာတုဗေဒ၊ မတ်လ ၁၄ရက်နေ့တွင် ရူပဗေဒ၊ မတ်လ ၁၅ရက်နေ့တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ ၁၆ရက်နေ့တွင် ပထဝီ၊ မတ်လ ၁၇ရက်နေ့တွင် သမိုင်းနှင့် မတ်လ ၁၈ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စာမေးပွဲဖြေဆိုချိန်ကိုမူ နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ သတ်မှတ်ထားသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲသည် နောက်ဆုံးအကြိမ်ကျင်းပပေးသော စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်က နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၈၀၀,၀၀၀ ကျော်မှ ၉၀၀,၀၀၀ ကျော်အထိ ရှိခဲ့ရာမှ အာ ဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ်တွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၈၀,၀၀၀ ကျော်သာရှိခဲ့ကြောင်း စစ်ကောင်စီ စာစစ်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမများ CDM ဝင်ခဲ့ကြသကဲ့သို့ စစ်ကောင်စီ၏ စာမေးပွဲကိုဝင်ရောက်မဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများလည်းရှိသည်။

တရားမဝင် စစ်​ကောင်စီ၏ ပညာ​ရေးလုပ်​ဆောင်မှုအားလုံးသည် အလိုအ​လျောက်တရားမဝင်​ကြောင်း ​ကြေညာထားပြီးဖြစ်သဖြင့် စစ်​ကောင် စီ၏ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲရလဒ်များကို ဖက်ဒရယ်စနစ်ဖြင့် အ​ကောင်အထည်​ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်၊ ​​ကောလိပ်၊ သိပ္ပံများက အသိအမှတ်ပြုလက်ခံမည်မဟုတ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။ mizzima

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ယနေ့ သဘောတူလက်မှတ်ထိုးမည်

စစ်ကောင်စီနဲ့  အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ နေပြည်တော်မှာ တတိယနေ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး နှစ်ဖက် တူညီတဲ့ သဘောထားတွေကို သဘောတူညီချက်တွေအဖြစ် လက်မှတ်ရေးထိုးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

နေပြည်တော်မှာ သွားရောက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူးတို့ ဖြစ်ပါတယ်။

နေပြည်တော် ရောက်နေတဲ့ အဖွဲ့ ၅ ဖွဲ့ ထဲမှာ  DKBA နဲ့  KNU/KNLA-(PC) အဖွဲ့တွေဟာ ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဩ ဇာခံအဖွဲ့တွေဖြစ်ပြီး ကျန်တိုင်းရင်းသား ၃ ဖွဲ့ဟာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာမရှိသလို အင်အားလည်းမရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ 

PPST အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပြီး အန်စီအေ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေထဲက အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော်- ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ( SSA-RCSS) အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP )တို့ ကတော့ ဒီတကြိမ်ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။ 

စစ်ကောင်စီဘက်ကတော့ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင် စသူတွေ တက်ရောက်ပါတယ်။

၃ ရက်ကြာဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးပြီး ဘာတွေ  သဘောတူညီချက် လက်မှတ်ရေးထိုးမယ် ဆိုတာတော့ မသိရသေးပါဘူး။ DVB

လောင်းလုံးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး တို့ ပစ်ခတ် ခံရပြီး ၃ ဦးသေ ဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၂ ဦးတို့ ပစ်ခတ် ခံရပြီး ၃ ဦးသေဆုံး​ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်မှ တပ် ကြပ်ကြီး ပြုံးချိုကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော တပ်ကြပ်ကြီး ပြုံးချိုထံမှ စစ်ဝတ်စုံ ယူနီဖောင်း ၂ စုံ ၊ ခရာကြိုး ၁ ခု ၊လုံချည် ၂ ထည်၊ အင်္ကျီ ၂ ထည် ၊ မှတ်ပုံတင် ၃ ချပ် ၊ ဆိုင်ကယ် ၁ စီး၊ မှတ်တမ်းစာအုပ် ၁ အုပ်၊ ကြည့်မျက်မှန် ၁ ခု၊ ဖုန်း ၁ လုံး၊ ကြောပိုးအိတ် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် ကဒ် ၁ ကဒ်၊ ဓာတ်မီး ၁ လုံး၊ စာရွက်စာတန်းများ၊ စားစရာတချို့နှင့် ပိုက်ဆံ ၂၅၃၀၀ ကျပ်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် မောင်းမကန် ရွာတွင် နေထိုင်သည့် ပျူစောထီး ခေါင်း ဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦးတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက် ဖြစ်သူ ပျူစောထီး နိုင်ဦးတို့သည် လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးများကို စစ်သင်တန်းပြန်ပေးနေသူများ ဖြစ် ကြောင်း၊ သမီးဖြစ်သူ အေးလဲ့ထွေး(ခ) မီးကန်းသည် ငွေကြေးဖြင့် ပျူစောထီးအဖွဲ့ဝင်များ တိုးပွားရန် စုဆောင်းသူဖြစ် ကြောင်း၊ စစ်ကောင်စီထံ သတင်းပေး၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခိုင်း သူတစ် ဦးလည်းဖြစ်ကြောင်း၊ လောင်းလုံး PDF တပ်ဖွဲ့က အကြိမ်ကြိမ် စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ နေအိမ်များ အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ကာ လုံခြုံရေးအရ လက်နက်ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိ ကြောင်း သိရသည်။khit thit

ဆောက်လုပ်ရေးအင်ဂျင်နီယာရုံးမှ ဝန်ထမ်းခေါ်ယူခြင်းဟု လိမ်ညာရေးသားကာ စစ်တပ်က အလုပ်ခေါ်

ဧရာဝတီတိုင်း၊ အလုပ်အကိုင်ရှာဖွေရေး Facebook Groupများနှင့် မြို့နယ်အလိုက်ပြုလုပ်ထားသည့် အရောင်းအဝယ် Facebook Group များတွင်”ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးမှဝန်ထမ်းခေါ်ယူခြင်း”ဟုလိမ်ညာရေးသားကာ စစ်တပ်က အလုပ်ခေါ်ယူနေကြောင်းသိရသည်။

ပညာအရည်ချင်းအလယ်တန်းမှ အထက်တန်းဘွဲ့ရအထိလျောက်ထားနိုင်ပြီး ကားမောင်း၊ ကားပြင်၊ စက်ပြင်၊ စက်မောင်း၊ မြေတူးစက်၊ မြေကော်စက်၊ ကရိန်းမောင်း၊ ဝန်ချီစက်များ၊ လမ်းကြိတ်စက်ကြီးများ ပြုပြင်မောင်းနှင်ခြင်းများပြုလုပ်မည်ဆိုပါက နေစားငြိမ်း လစာပေးမည်ဟု အဆိုပါအ လုပ်ခေါ်စာ၌ ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်းက ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်မြို့နေ လူငယ်သုံးဦး၊ အဆိုပါအလုပ်ခေါ်စာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်အလုပ်လျှောက်ပြီး ၎င်းတို့ခေါ်သည့်နောက်ကို

လိုက်သွားရာက စစ်တပ်ကအလုပ်ခေါ်သည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ကို ခေါ်လို့လိုက်သွားတဲ့အခါမှာ ရန်ကုန် ဗိုလ်တထောင်နားမှာ အရပ်ဝတ်နဲ့လူတစ်ယောက် လာခေါ်တယ်။ ဟိုရောက်တော့ ကျွန် တော်တို့ကိုလာခေါ်တဲ့လူရဲ့အခန်းထဲမှာ စစ်ဝတ်စုံချိတ်ထားတယ်။ လိုင်းခန်းလိုဟာတွေလည်းတွေ့တယ်။ ပြီးတော့ အဲ့ဒီလူက ခြောက်လ စစ် ရေးသင်တန်းတက်ရမယ်လို့ ပြောတယ်။ အဲ့တာနဲ့ ကျွန်တော်တို့လည်း ပြန်ပြေးလာခဲ့တာပါ”ဟု အလုပ်လျှောက်ခဲ့ဖူးသူက ဆိုသည်။

၎င်းအပြင် အဆိုပါအလုပ်ခေါ်စာမှာ စစ်မြေပြင်အင်ဂျင်နီယာတပ်(GE တပ်)မှ အလုပ်ခေါ်နေခြင်းသာဖြစ်ကြောင်း၊ GE တပ်မှ အလုပ်ခေါ်သည်ဟုရေးသားခြင်းမရှိဘဲ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာရုံးမှ ဝန်ထမ်းခေါ်ယူခြင်းဟု လိမ်ညာရေးသားထားခြင်းဖြစ်ကြောင်း အဆိုပါအလုပ်ကို လျှောက်ရန် မေးမြန်းခဲ့ဖူးသူတစ်ဦးက ပြောသည်။

အဆိုပါ အလုပ်ခေါ်စာ၌ အသက် ၁၈ မှ ၃၀ နှစ်အထိလျှောက်ထားနိုင်သည်ဟု ဖော်ပြထားပြီး သင်တန်းကာလ ခြောက်လပြီးပါက လစာ ၂၅၀,၀၀၀ ရရှိမည်ဟု ရေးသားထားသည်ဟု ဆက်လက်ပြောသည်။

“မြို့တိုင်းမှာရှိတဲ့ Facebook Group တွေမှာ အကောင့်အတုတွေနဲ့ လိုက်တင်ထားတာတွေ့ရတယ်။ စစ်တပ်ထဲရောက်သွားရင် ရှေ့တန်းလည်းထွက်ရင်ထွက်ရမှာပဲ။ တပ်သားသစ် စုဆောင်းနေတာလည်း ဖြစ်နိုင်တယ်။ ပုသိမ်မှာ အဲ့ဒီအလုပ်ကို လျှောက်ထားတဲ့သူတွေ မနည်းဘူးလို့ကြားတယ်။အလုပ်လျှောက်မယ်ဆိုရင် သေသေချာချာ စုံစမ်းမေးမြန်းပြီး လျှောက်ကြပါ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကပြော သည်။

စစ်အာဏာသိမ်းမှု နှစ်နှစ်နီးပါး ကြာမြင့်လာပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားတွင် အလုပ်အကိုင်ရှားပါးမှုများ၊ ကုန်စျေးနှုန်းမြင့်တက်မှုများ များစွာဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ mizzima

“ရရာနဲ့ဆော် အညာရဲဘော်” ကမ်ပိန်းလက် မှတ်တစောင် ကျပ် ၅၀၀၀ ဖြင့် အားလုံးပါဝင်နိုင်

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တတပ်တအားပါဝင်နေကြတဲ့ အညာဒေသက ရဲဘော်တွေအတွက် “ရရာနဲ့ဆော် အညာရဲဘော်” ကမ်ပိန်းလက်မှတ်တစောင်ကို ငွေကျပ် ၅၀၀၀ နဲ့ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်နေပါတယ်။

“တော်လှန်မိဘပြည်သူတို့ခင်ဗျာ။ ကျွန်တော်ထောက်ပို့မှ အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်တိုက် ခိုက်ရာတွင် လက်လုပ်တူမီး ရရာလက် နက်နဲ့စွဲကိုင်တိုက်ခိုက်နေရတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်ဗျ။ သို့ဖြစ်၍ အညာဒေသအဖွဲ့များသို့ လှူဒါန်းရန်အတွက် ကံစမ်းမဲလေးရောင်းချပါရစေဗျာ။ ကံစမ်းမဲ အရေအတွက် ၁၅၀၀ ခန့်ရောင်းချပြီး တစ်စောင်ရင် ၅၀၀၀ ကျပ်ပါခင်ဗျ မိဘပြည်သူတို့အနေဖြင့် လာရောက်လှုဒါန်းပါ၀င် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ။”

ဒီကမ်ပိန်းကိုတော့ မုံရွာခရိုင်ထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ Monywa People’s Force-MPF Support Team က ဦးဆောင်တာဖြစ်ပြီး ကံစမ်းမဲကာလ ၅ ရက်အတွင်း မဲလက်မှတ်စောင်ရေ ၁၅၀၀ သာရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဆုတွေအနေနဲ့ ပထမဆု ရွှေနားကပ်တရံ၊ ဒုတိယဆု Nikon D3100 ကင်မရာ တလုံးနဲ့ တတိယဆု EGM Sneaker ဖိနပ်တရံ ပေးအပ်သွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃၁ ရက်အထိ မဲလက်မှတ်ဝယ်ယူရင်း ပါဝင်ထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

စစ်ကိုင်းနှင့် တနင်္သာရီတွင် စစ်တပ် စစ် ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခင်ဦးမြို့နယ်၊မြင်းမူမြို့နယ်နှင့် တနင်္သာ ရီတိုင်း ထားဝယ်မြို့နယ် တို့တွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ ခြင်း၊ ပစ် ခတ် တိုက်ခိုက်ခြင်းများ PDF တပ်များက လုပ်ဆောင်ခဲ့ရာ စစ်သား ၃၃ ဦး သေဆုံး ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကောလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

====================================

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာဟောင်းရွာတွင် စစ်ကောင်စီတပ် နှင့်ဒေသပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Kawlin Revolution –KR က ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၄ နာရီခန့်အချိန် ကောလင်းမြို့နယ်၊ ရွာ ဟောင်း ရွာတွင် ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ကော လင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးက စတင်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ခန့်အထိ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ် ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အထိနာ သွားသော စစ်တပ်က ရွာဟောင်းရွာကို မီးရှို့ဖျက်ဆီးပြီး ကပ်လျက်ရှိသော သဲကော ရွာကိုလည်း ယနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်တပ်က သဲကောရွာအား မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်နေ ကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခန့်အချိန် စစ်တပ်က ကြာအင်း၊ သဒွတ်ခုံ ရွာဘက်မှ ဝန်သိုမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း၊ ထိုသို့ပြန်ဆုတ်စဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂၁ ဦးသေဆုံး

=============================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသော စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံး ခဲ့ကြောင်း Khin U –Dynamite Squad ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အင်အား ၅၀ ကျော်ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထပ်မံ၍ ရှေ့ဆက် တိုးလာသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Khin U – Dynamite Squad အဖွဲ့က တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် ခင်ဦး-ကန့်ဘလူလမ်းမကြီးကို အသုံး ပြုသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြော ဆိုသည်။

အလားတူ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်း ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာမြောက်ဘက်သို့ ထွက် ခွာလာစဥ် “တို့ညီနောင် မဟာမိတ် အင်အားစုအဖွဲ့” (နယ်မြေခံ ပကဖ) က အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြင်းမူ၊ ညောင်ပင်ဝန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

===============================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက် နယ်စွန် PDF ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မ ၃၃ လက် အောက်ခံ တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးနေသဖြင့် ယင်း စစ်ကြောင်း ပြန်လှည့်လာစေရန် တိုက်နယ်စွန် PDF နှင့်မဟာမိတ် များအဖွဲ့က ညောင်ပင်ဝန်းရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

PDF များက ရဲစခန်းကို လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ရဲစခန်း အတွင်းရှိ စစ်တပ်က စနိုက်ဘာ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ညနေ ၆ နာရီခန့်တွင် ဗိုလ်မိုးကြိုးအဖွဲ့ နှင့်ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း တိုက်နယ်စွန် PDF အဖွဲ့က ထုတ်ပြန်ထားသည်။

သရက်​ချောင်းနှင့် ထားဝယ်တွင် စစ်ယာဉ်တန်းနှင့်ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

======================================

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီး လမ်းကွေ့တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် သရက်ချောင်းဖက်မှ ပုလောသို့ ဆင်းလာသည့် စစ်ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ၊ သေဆုံးသွားသော စစ်သား အလောင်းများကို စာသင်ကျောင်းရှေ့၌ ပုံထားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ပကာရီရဲစခန်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။khit lthit

« Older Entries