Monthly Archives: Dec 2022

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်လောက် ဖမ်းဆီးချုပ်နှောင်ပြီးနောက်  ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူ တစ်ဦးက  “ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို ပြောင်းလိုက်တယ်လို့ သိရပါတယ်၊ ဘယ်နေ့က ပြောင်းလဲဆိုတာ မသိရဘူး၊ ဒီဇင်ဘာနောက်ဆုံးအပတ်ထဲမှာ၊ ဝန်ကြီးချုပ်ကတော့ ကျန်းကျန်းမာမာပဲ”လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုနဲ့ ပတ်သက်တဲ့ အမှု ၃ ခုအတွက် မွန်ပြည်နယ်တရားလွှတ်တော်မှာ အယူခံ လျှောက်တင်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို အကျဉ်းထောင် ပြောင်းရွှေ့လိုက်တာကြောင့် အယူခံအမှုတွေအတွက် တရားရင်ဆိုင်ဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့  တရားရုံးနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ လူ ၁၀၀၀ ဆံတဲ့ အကျဉ်းထောင် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဗဟိုအကျဉ်းထောင်အဖြစ် အဆင့်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ ၁၃ ခုနဲ့ အမှုဖွင့် တရားစွဲခဲ့တာပါ။

အဲဒီထဲမှာ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊  ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။ DVB

ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေး ရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ၊ပုလောမြို့နယ်၊ တိုကျေးရွာသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ် ကြောင်းနှင့် PDF များ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများ နှင့် ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစ၍ တိုရွာအနီးတွင် စစ်ကောင်စီတပ်များနှင့်ပြ ည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဒေသပြည်သူများကို ကိုလူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် စစ်တပ်က ကျေး ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောည်။

“ရွာထဲမှာလက်နက်ကြီး/ငယ်သံတွေ ဆူညံနေလိုအိမ်မှာရှိတဲ့ အသက်ကြီးပိုင်းတွေကိုခေါ်၍ တွေ့ရာပစ္စည်းဆွဲယူလာပြီး တောထဲမှာသွားပုန်းနေလိုက်တယ်။ တွေ့ရာလူကိုစစ်တပ်က ဖမ်းဆီးပြီး PDFလို့ စွပ်စွဲရိုက်နှက်တာတွေလည်းပြုလုပ်ခဲ့တာရှိသေးပါတယ်”ဟု ဒေသ ပြည်သူတစ်ဦးကို ကိုးကား၍ Dawei Information Center က သတင်းဖော်ပြသည်။

စစ်တပ်က တို၊တန်းရှင်း၊သင့်ကန်းတောရွာများတွင် အင်အား ၁၇၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး နေအိမ် (၁၀)လုံးကျော်ကို မီးရှိခဲ့ကြောင်း၊ PDF များက တိုက်ပွဲ ဆင်နွှဲလာပါက ရွာလုံးကျွတ် ကို မီးလောင်တိုက်သွင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်

လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်ကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီသူများထံမှ သိရှိရသည်။khit thit

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင် စီ ပြန်လွှတ်ပေး၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို ဆက်လက်ဖမ်းဆီးထားဟုဆို

စစ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လွှတ်တော် ဝန်းအတွင်း အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံထားရသည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း လွှတ်တော်ဝန်ထမ်းအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတတိယပါတ်အတွင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူကို စတင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကရင်ဝန်ကြီးကို အရင်လွှတ်ပေးပြီးတော့မှ တခြားဝန်ကြီးတွေကို ရက်ခြားလွှတ်ပေးတာပါ။ လွှတ်တော် ဥက္ကဌဦးအောင်ကျော်ခိုင်က လွတ်နေတာကြာပြီလို့သတင်းထွက်တယ်။ အခုမှ ဝန်ကြီးတွေနဲ့အတူတူ လွတ်တာလို့လည်းကြားတယ်။ လွတ်တာသေချာပေမဲ့ ဘယ်ရက်ကလွတ်တယ်ဆိုတာ အတည်ပြုလို့ မရဘူး” ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဦးလှမိုးအောင် (ဝန်ကြီးချုပ်)၊ ဦးဝင်းဌေး (လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ဦးစန်းထွေး (လွှတ်တော် ဒုဥက္ကဌ)၊ ဒေါက်တာစိုးဝင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)၊ ဦးဌေးဝင်း(စီမံဘဏ္ဍာဝန်ကြီး) တို့ ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ကြောင်း၎င်းကဆို သည်။

“ဦးဝင်းဌေး ၊ ဦးလှမိုးအောင် ၊ ဦးဌေးဝင်း ၊ ဂါ့မိုးမြတ်မြတ်သူ ၊ ဒေါက်တာစိုးဝင်း ၊ ဦးစန်းထွေးတို့ကတော့ အိမ်ပြန်ရောက်နေကြပြီ။ ဦးလှမိုးအောင်ကို စစ်ကော်စီတပ်က စစ်ကားသုံးစီးနဲ့ အိမ်ပြန်လာပို့သွားတယ်။ ကျန်တဲ့လူတွေကိုလည်း စစ်ကောင်စီတပ်ကပဲ အိမ်ပြန်လိုက်ပို့တယ်လို့သိရတယ်”ဟု ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်တင်ဝင်းမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက လွတ်မြောက်နေခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောသည်။

ပြန်လည်လွတ်မြောက်လာသူများထဲတွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရွေး ကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေး လိုက်သည်ဟု စာထုတ်ကြေညာခဲ့သည့် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးပါဝင်လာခြင်းမရှိကြောင်း လွှတ်တော်ဝန်ထမ်းတစ်ဦးက မဇ္စျိမကိုပြောသည်။

“အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့အချိန်မှာ ကြေညာချက်တစ်စောင်ထုတ်ခဲ့တဲ့ ဒေါက်တာလှမြတ်သွေး ကတော့ ပြန်လွတ်မလာပါဘူး။ စည် ပင်ဝန်ကြီး ဦးကျော်မြင့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာကဝင်ပြိုင်ပြီး အနိုင်ရလို့၊ နေပြည်တော်ကို လွှတ်တော်တက်ဖို့ သွားရင်း လွတ်သွားတာပါ။ အခုတော့ ဘေးကင်းတဲ့နေရာကိုရောက်သွားပြီလို့သိရတယ်” ဟု လွတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်လာမှုနှင့်ပတ်သက်၍ လွတ်မြောက်လာသူများ အား မဇ္စျိမကဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသည့်အတွက် စစ်ကောင်စီက မည်သည့်ကတိကဝတ်များဖြင့် ပြန်လွှတ်ပေးလိုက်သည်ကို မဇ္စျိမအနေဖြင့် အတည်ပြု နိုင်ခြင်း မရှိပါ။mizzima

နောင်ချိုမြို့နယ်အစပ်တွင် PDF ၈ ဦး ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မတ္တရာမြို့နယ်အစပ်ရှိ နဂါးချောင်းအနီးမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၈ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  တာဝန်နဲ့ ခရီးထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေဆုံးသူတွေက PDF တွေလို့သိထားပါတယ်။ စစ်တပ်က အဲဒီဘက်တကြောမှာ PDF တွေ ရှိတာ သိထားတာဒါကြောင့် ကင်းပတ်ကြတာပါ။ အဲ့ဒီမှာ ထိပ်တိုက်တွေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ အစည်းက PDF လည်းဆိုတာတော့ အတည်ပြုလို့ မရသေးဘူး” 

သတ်ဖြတ်ခံလိုက်ရတဲ့ PDF တွေနဲ့ ပတ်သက်ပြီး အဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီး ဆိုင်ကယ် ၄ စီး နဲ့ PDF ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။ DVB

တန့်ဆည်နှင့်မင်းကင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးခွရွာအနီးတွင် ညအချိန် ကင်းထွက်လာ သော စစ်သားနှင့် ပျူစောထီးများ မိုင်းမိသဖြင့် ၃ဦးသေဆုံးပြီး ဒဏ်ရာ ရသူများ ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ၂၉ ရက်နေ့ ည၉နာရီခန့်တွင် မူးခွရွာမှ ကင်းလှည့်ထွက်လာသော စစ်သားနှင့် ပျုစောထီးများကို တန့်ဆည်မြောက်ပိုင်း ပ.က.ဖအဖွဲ့က မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ မိုင်းထိသဖြင့် အော်ဟစ်ငိုယိုပြီး မူးခွရွာထဲသို့ ပြန်ဝင်သွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာ၌တပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ဒေသကာကွယ်ရေးတပ် ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ပွိုင့် ၃၀ ရိုင်ဖက်တစ်လက်နှင့်ခဲ ယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Eagle Freedom Fighter ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့်ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်နာရီ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦး၊ ရဲ ၂ ဦး၊ ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ပွိုင့် ၃၀ ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်အတောင့် ၈၀ နှင့် ဓားတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF တပ်ခွဲ ၁ ၊ IRF တပ်ခွဲ ၂ ၊ ယက္ခညီ နောင် တပ်ခွဲ ၅ ၊ Eagle Freedom Fighter တပ်ခွဲ ၆ ၊ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၇ ၊ Eagle 101 ၊ MKPDF တပ်ရင်း ၁ ၊ ၄ ၊ ၅ ၊ KPDF တပ်ရင်း ၂ ၊ တောင်တွင်းဗိုလ်ချုပ်သွေး ၊ တောင်တွင်း နဂါးပကဖ အဖွဲ့၊ ရွှေသမင်မုဆိုး Local TD PDF တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

မုံရွာတွင် အိမ်စီးကားဖြင့်ထွက်လာသည့် ပျူအဖွဲ့ တိုက်ခိုက်ခံရ ၃ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာမှ အိမ်စီးကားဖြင့်ထွက်လာသည့် ပျူစောထီးအဖွဲဲ့ကို၊ ဒေသကာကွယ်ရေးပြောက်ကျားများက ပူးပေါင်းတိုက်ခိုက်ရာ ပျူစောထီး သုံးယောက် ပွဲချင်းပြီးသေကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း Peoples Defence Force-South Monywa က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ၎င်းပျူစောထီးအဖွဲဲ့လိုက်ပါလာသည့် အိမ်စီးကားကို၊ ကြိုတင်သတင်းအရ ဒေသကာကွယ်ရေးပြောက်ကျားများက စောင့်ကြိုတိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း Peoples Defence Force-South Monywa က “တောပုပျူရွာမှ ထွက်လာသော ပျူအကောင်ကြီးတစ်ကောင်ပါ(ယခင်စစ်မှုထမ်းဟောင်း)သော အိမ်စီးကား တစ်စီးအား ၅ ဒသမ ၅၆ ကျည် ၈၃ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၄၂ တောင့်တို့ဖြင့် အနီးကပ်၀င်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလေးဦးအနက်၊ ကျွန်စောထီးသုံးကောင်နေရာတွင် ပွဲချင်းပြီးသေဆုံး၍၊ ကျန်သော မိန်းကလေးတစ်ဦးမှာ အပြစ်မဲ့ပြည်သူဖြစ်၍ ပြန်လည်လွှတ်ပေးခဲ့သည်” ဟု သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို၊ မုံရွာခရိုင်တပ်ရင်း(၁၁) Peoples Defence Force-South Monywa၊ Anyar Defense Force နှင့် Garuda King Monywa တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မုံရွာခရိုင်တပ်ရင်း(၁၁)နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း၊ တောပုရွာကထွက်လာသည့် ပျူစောထီးအဖွဲ့ကို ၄၀ မမ လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ mizzima

လောင်းလုံးက စစ်ရှောင်ပြည်သူများ ရိက္ခာနှင့် အကူအညီ လိုအပ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ စစ်ရှောင်အရေအတွက်ကတော့ ၁၅၀ လောက်ရှိနေပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာတရွာကနေ ပြီးခဲ့တဲ့ နှစ်လလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရမ်းကားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ လူမှုကူညီရေးဆပ်ကော်မတီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်က ၂၀၀ လောက်ရှိတာ၊ အခြေအနေ နည်းနည်းအေးလို့ အိမ်ပြန်သွားကြတာလည်းရှိတယ်။ အခုကာလက တော်တော်အေးတော့ စောင်တွေ၊ အနွေးထည်တွေ တော်တော်လိုအပ်နေကြတယ်။”

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီးတွေ ဖြစ်ပွားလေ့မရှိပေမဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာတွေထဲ ဝင်ရောက်ပြီး လုယက်သတ်ဖြတ်တာတွေ လုပ်လေ့ရှိတာကြောင့် ရွာခံတွေ ကြောက်ရွံ့ပြီး အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

ပြီးခဲ့တဲ့ မေလလောက်ကလည်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ရမ်း ကားမှုတွေကြောင့် ရွာခံတွေက ကြောက်ရွံ့ပြီး နီးစပ်ရာ ရွာတွေမှာ ၆ လလောက် ရှောင်တိမ်းနေခဲ့ကြရပါတယ်။ DVB

မြိုင်မြို့နယ်၊ အိုးဘိုရွာကို စစ်တပ်က မီးရှို့မှုနေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသွား၊ ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုးဘိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မီးရှို့ရာ နေအိမ် ၇၀ ပြာကျခဲ့ ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် အိုးဘိုရွာ၌ ညအိပ် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရ သည်။

” ဒီနံနက် အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခံရတာ အိုးဘိုကျေးရွာက ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ခံရတဲ့ရွာပါ။ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ကနဦးသိရတယ်။ ပြည်သူ ၁ ဦးဖမ်းဆီး ခံရပေမယ့် ပြန်လွှတ်လိုက်လာ ခေါ်သွားလားတော့ မသိရသေးဘူး” ဟု မြိုင်မြို့-နွေဦးတော် လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုးဘိုရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကန်နီ ပျူစောထီး ရွာကို ပြန် လည် ဆုတ်ခွာသွားကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင် ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်း ကျန်ရှိနေသည့် ပြည်သူပိုင် နေအိမ် ၄၀ ခန့် ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြည်ဘုရားထွက်ရွာမှ ယင်းတွေကျေးရွာကို ဆက်လက် ပစ်ခတ် ဝင်ရောက်လာပြီး ကျေးရွာကို မီးတင်ရှို့နေကြောင်း သိရသည်။ khit thit

ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသူကို ထောင်ဒဏ် ၁၀နှစ်ချမှတ်

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မနန်းတွယ်တာဦးကို မွန်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မော်လမြိုင် တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်ခရိုင် တရားရုံးသည် ယမန်နေ့ ဒီဇင်ဘာလ ၂၉ရက်နေ့ မွန်းလွဲ ၂ နာရီက ပညာရေး တက္ကသိုလ်ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ မနန်းတွယ်တာဦးကို ပုဒ်မ ၅၀ (ည) ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း ဗကသများအဖွဲ့ချုပ်၊ ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

“သူ့ကို(မနန်းတွယ်တာဦး) မနေ့က ပုဒ်မ၅၀(ည)နဲ့ ထောင်၁၀နှစ်ချ မှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဗကသများ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည့် မနန်း တွယ်တာဦးကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက ၂၀၂၂ခုနှစ် ဇွန် ၉ ရက်နေ့ တွင် မော်လမြိုင်မြို့ တစ်နေရာ၌ ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

မနန်းတွယ်တာဦးကို ဖမ်းဆီးခဲ့ပြီး ခြောက်လကျော် အကြာတွင် မော်လမြိုင်မြို့နယ် တရားရုံးက အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက် ပံ့သည်ဟုစွပ်စွဲကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ်၁၀နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသူတစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည့် အပေါ် “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ ကျောင်းသားရဲဘော် တစ်ယောက် ချင်းဆီရဲ့ ဆုံးရှုံးမှုကကြီးမားပါတယ်။ ဒါပေမယ့် ရဲဘော်တစ်ယောက်ချင်းစီရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေဟာ ကျန်ရှိတဲ့ကျောင်းသားရဲဘော် တွေအတွက် ခွန်အား ဖြစ်လာပါလိမ့်မယ်” ဟု ဗကသများ အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) သည် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ်၁၀နှစ်မှတစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။

စစ်ကောင်စီသည် မနန်းတွယ်တာဦးအပြင် ဗကသများအဖွဲ့ချုပ်ဝင် ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းများဖြစ် ကြသည့် ကိုစိုးသူရကျော်(ခ) ကဗျာဆရာသာသျှား၊ ကိုနောင်ထက်အောင်နှင့် ဒုဥက္ကဋ္ဌ ကိုဇော်ဇော်ထက်နိုင်(ခ) ကဗျာဆရာဆစ်နိုင်တို့ကိုလည်း ဖမ်းဆီးထားပြီး နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ် ထားကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ mizzima

« Older Entries