ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ



khit thit
khit thit
စစ်ကိုင်းတိုင်း ကနီနဲ့ ဘုတလင်မြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက စတင်ပြီး ညနေအထိ စစ်ကောင်စီတွေကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တခုဖြစ်တဲ့ ဘကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။
“ချင်းတွင်းမြစ်အတွင်းကနေ ကနီကို ဆန်တက်လာတဲ့ စစ်ကောင်စီကို အပြန်မှာ နေရာ ၃ နေရာက နေ ညနေ ၃ နာရီခွဲကျော် ၄ နာရီလောက်က ပစ်ခတ်ခဲ့တယ်။ ပထမနေရာက မင်းကုန်းရွာဆိပ်ကမ်းက တလုံး၊ ညောင်ဝန်းကျေးရွာနား ဆိပ်ကမ်းက တလုံးနဲ့ တဇယ်ချောင် မြစ်ရေဝင် အင်းပေါက်က တလုံး ပစ်လိုက်တာ မော်တော်ကတော့ ပျက်ပြီး မျောသွားတယ်။ စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်။”
အခုလို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်လို့ စစ်ကောင်စီတပ်က ည ၉ နာရီလောက်မှာ မုဌေါကျေးရွာကနေ သမင်ခြံကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ ပေမဲ့ ရွာအတွင်း ကျရောက်ခြင်း မရှိခဲတာကြောင့် ဒေသခံတွေ အထိခိုက် မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဘုတလင်မြို့နဲ့ မုံရွာဘက်ကို သွားတဲ့လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
Chindwin Brothers ခေါင်းဆောင်က “ဘုတလင်မြို့တောင်ဘက်အထွက်မှာ စစ်ကောင်စီကားကို မိုင်းဆွဲခဲ့တာ။ မိုင်းကတော့ ထိထိမိမိကို ဆွဲမိတယ်။ ဒါပေမဲ့ အသေစာရင်းကိုတော့ အတိကျ မသိရဘူး။ ဒဏ်ရာရတဲ့သူကတော့ များနိုင်တယ်လို့ ခန့်မှန်းတယ်။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး”လို့ ဆိုပါတယ်။
အခုတိုက်ခိုက်တာကို ဘုတလင်မြို့ Chindwin Brothers၊ Anonymous Heroes ၊ bo Tite Maung မဟာမိတ်အဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ဘက်ကို စစ်အင်းအာဖြည့်တင်ဖို့ရာ ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ၄၉ မိနစ်က မြင်းမူမြို့နယ် ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
People’s Army To Fight Dictatorship အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဒီကောင်တွေ စစ်ကိုင်းကနေ မြင်းမူအထိ စစ်ကားနဲ့လာတယ်။ မြင်းမူ အထက ၁ ထဲဝင်ပြီး ခရီးသည်ယာဉ် Express ကားကို သုံးပြီး မုံရွာဘက်ကို ထပ်ပြီးထွက်လာတယ်။ အဲဒီလို ထွက်လာတာကို သိလို့ မိုင်း ၂ ကြိမ်ဆွဲခဲ့တာ။ အသေအပျောက်ကတော့ မသိရသေးဘူး။ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ ကားကတော့ အတော်လေးပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်ဆင်ရေးကို People’s Army To Fight၊Dictatorship(PAFD)တပ်ခွဲ၊ DK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)နဲ့ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ DVB
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်ထပ်မံချမှတ်မှုမှာ နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် ကြိုးပမ်းမှုဟု ဥရောပသမဂ္ဂ(EU)က ထုတ်ပြန်သည်။
စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ဒီဇင်ဘာ ၃၀ ရက်က ထောင်ဒဏ်ထပ်မံချမှတ်ခဲ့ပြီး လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်မှာ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်၊ ဦးဝင်းမြင့်မှာ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထားသည်။
” ဤစစ်ဆေးစီရင်မှုများသည် ဥပဒေလုပ်ထုံးလုပ်နည်း သို့မဟုတ် လိုအပ်သည့် တရားစီရင်ရေးဆိုင်ရာ အာမခံချက်များကို လေးစားလိုက်နာခြင်းမရှိခဲ့ဘဲ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် လုပ်ဆောင်သည့် ပြတ်သားသော ကြိုးပမ်းမှုဖြစ်ပါသည်” ဟု EU ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ စစ်တပ်မှထိန်းချုပ်ထားသည့် တ ရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းများကို အပြီးသတ်နိဂုံးချုပ်ခဲ့ခြင်း ဟု EU ကဆို သည်။
မြန်မာ့အရေးအကျပ်အတည်းမှာ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အား လုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးတကြီး တောင်းဆိုကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
” ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သူများအားလုံးပါဝင်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုမှသာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် နက်ရှိုင်းသော အကျပ်အတည်းမှ လွတ် မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မည်ဟူသည့် ကျွန်ုပ်တို့၏ သဘောထားရပ်တည်ချက်မှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်” ဟု EU ၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
စစ်အာဏာသိမ်းမှု၏ ဒုတိယမြောက် နှစ်ပတ်လည် နီးကပ်လာသည်နှင့်အမျှ စစ်အစိုးရ၏ လုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ ဆန္ဒကို လုံး၀ အသိအမှတ်ပြု လေးစားမှုမရှိကြောင်း၊ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း၊ အာဆီယံသ ဘောတူညီချက် ငါးရပ်ဖြင့် အဆိုပြုတောင်းဆိုထားသော အားလုံးပါဝင်သည့်ဆွေးနွေးပွဲ အပါအဝင် မြန်မာနိုင်ငံတွင် အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ ထောက်ခံကြောင်း EU က ထုတ်ပြန်သည်။ mizzima
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် ည ၁၂ နာရီအချိန်တွင် အရေးတော်ပုံအောင် ရမည် ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြရန် ပြည်သူများကို တော် လှန်ရေး အဖွဲ့များ က နှိုးဆော်လိုက်သည်။
ယနေ့ ည နှစ်သစ်ကူးသို့ ကူးပြောင်းမည့် ည (၁၂) နာရီ အချိန်တွင် အကြမ်း ဖက် သူပုန် စစ်တပ်ကို ပြည်သူများက လက်သင့် မခံကြောင်း ပြသမည့် ” အကြမ်းမဖက် လူထုလှုပ်ရှားမှု ” အဖြစ် ယနေ့ ည ၁၂ နာရီအချိန်တွင် အရေး တော် ပုံအောင်ရမည်ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြရန် ပြည်သူများကို တော် လှန် ရေးအဖွဲ့များက နှိုးဆော်လိုက်ခြင်းဖြစ်ကာ ပတ်ဝန်းကျင် အခြေ အနေ အန္တရာယ်ကင်းရှင်းမှသာ လှုပ်ရှားမှုတွင် ပါဝင်ကြရန် နှိုးဆော်ထားသည်။ khit thit
တော်လှန်ရေး ရန်ပုံငွေအဖြစ် “ကယန်းအလှ” အမည်ရှိ ကြေးကွင်းစွပ် ရိုးရာယဉ်ကျေးမှု အလှတရားနဲ့ တင့်တယ်နေတဲ့ ကယန်းအမေအိုပုံ ပန်းချီကားကို မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်က ကံစမ်းမဲ မဲလက်မှတ်တွေပြုလုပ် ရောင်းချပေးနေပါတယ်။
ဒီပန်းချီကားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ အခြေစိုက် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တက္ကသိုလ်ကျောင်းသား ကယန်း လူငယ် ရဲဘော် ကိုယ်တိုင်ရေးဆွဲကာ မဲလက်မှတ် တစောင်ကို မြန်မာကျပ်ငွေ ၁၀၀၀၀ နှုန်းနဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ရောင်းချခဲ့တာလို့ သိရပါတယ်။
မဲလက်မှတ်တွေကို မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ ဆက်သွယ်ဝယ်ယူနိုင်ပြီး ဇန်နဝါရီ ၆ ရက်တွင် မဲဖောက်ပေးသွားမယ်လို့ ကျွဲတပ်ခွဲက ဆိုပါတယ်။
ပန်းချီကားကိုရေးဆွဲခဲ့တဲ့ ရဲဘော်က “ကယန်းလူမျိုးတွေလည်း တော်လှန်ရေးမှာ ပါဝင်နေကြ တယ်ဆိုတာ သိစေချင်တာကြောင့်ပါ။ ပန်းချီကားဆွဲနေရင်း တိုက်ပွဲတွေဖြစ်လာလို့ နားထားရတာ လည်း ရှိတယ်။ အခက်အခဲတွေတော့ အများကြီးပါပဲ အဓိကတော့ ရာသီဥတုဒဏ်နဲ့ ဆေးပစ္စည်းတွေ မပြည့်စုံတာပေါ့ “လို့ ဆိုပါတယ်။
ရဲဘော်က ပန်းချီကားကံထူးရှင်ထံကို ကိုယ်တိုင်ဆက်သွယ်ပေးအပ်မှာဖြစ်ပြီး ကယန်းရိုးရာ ယဉ်ကျေးမှုတွေကို အသေးစိတ်ပြောပြသွားမှာဖြစ်သလို ကံစမ်းမဲမှ ရရှိလာတဲ့ ငွေကြေးတွေ ကိုလည်း မိုးဗြဲ -PDF ကျွဲချို တပ်ခွဲမှ ပြုလုပ်နေတဲ့ ” RPG ကျွဲချို အာဏာရှင်လဲပြို ” သိန်း ၈၀၀ ကမ်ပိန်းမှာ အပြည့်အဝ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ ပန်းချီးကားမဟုတ်ပေမဲ့ တော်လှန်ရေးသမား ကယန်းတိုင်းရင်းသား ကိုယ်တိုင်ဆွဲထားတာလည်းဖြစ်၊ တော်လှန်ရေးမှာ အားကြိုးမာန်တက်ချီတက်နေတဲ့ ကယန်းဒေသ ရဲ့ ယဉ်ကျေးမှုပြယုဂ်လည်းဖြစ်တဲ့ “ကယန်းအလှ “ပန်းချီကား အတွက် ကံစမ်းမဲလက်မှတ်တွေကို လာရောက်ဝယ်ယူအားပေးကြဖို့ မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့က တိုက်တွန်း ထားပါတယ်။ DVB
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လေယာဉ်ကွင်းကို နှစ်ဟောင်းအား နုတ်ဆက်သည့်အနေဖြင့် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Kani Army (KNA) က ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၉ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာချုပ် (နမခ) လေယာဉ်ကွင်း အား “စစ်ခွေး(စကစ) နိဂုံး ၂၀၂၃” နှင့် အညီ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ယင်းသို့တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက် ၊ သေဆုံး ၊ ပျက်စီးမှုအခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စုံစမ်းပြီးနောက် အကြောင်းစုံသိရပါက ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို (KNA) တာဝန်ခံ စောသူရ ၊ တပ်ရင်းမှူး ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော တပ်ခွဲ(၂) မှ ရဲဘော်များ ၊ Chindwin Brothers ညီနောင်များ နှင့် နယ်မြေခံ (ပကဖ) များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်မြေ မတည်ငြိမ်မှုများ နှင့် အခြားအခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရသောကြောင့် ဗီဒီယိုဖိုင်ကို ကောင်းမွန်စွာမယူနိုင်ခဲ့ခြင်းပေါ် မိဘပြည်သူများအား နားလည်ခွင့်ပေးပါရန် (KNA) မှ တောင်းပန်ထားသည်။
လာမည့် ၂၀၂၃ နှစ်သစ်ကို ကြိုဆိုသော အားဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ၁၀၇ မမ ရှော့ဒုံး ဒုတိယ မစ်ရှင်အားလည်း ဆက် လက်ဖော်ဆောင်ရန် ကြိုးစားစီစဉ်နေသည့်အကြောင်းအား ကြိုတင်သတင်းကောင်းပါးအပ်ကြောင်း ဆိုသည်။
မိဘပြည်သူများ ပေးကမ်းလှူဒါန်းမှုများဖြင့် ရပ်တည်နေရသည့်အတွက် ဆက်လက် လှူဒါန်းပေးကြပါရန် အားနာစွာဖြင့် အကူအညီတောင်းလိုပြီး ယုံကြည်စွာဖြင့် လူမှုကွန်ရက်များအပေါ် မတင်စေဘဲ အမြဲပါဝင်လှူဒါန်းကူညီနေသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့်(KNA) အနေ ဖြင့် စစ်အာဏာရှင်စနစ်ဆိုးအား အဆုံးထိ အမြစ်ဖြတ်တော်လှန်သွားမည်ဟု ကတိသစ္စာပြုကြောင်း ဖော်ပြထားသည်။mizzima
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်များနှင့် တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုမူ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး ထိုနေ့ညဦးပိုင်းတွင် မြန်အောင်မြို့နယ်၊ သပြေကုန်းရွာနေအိမ်သို့ ပြန်ရောက်လာသည်ဟု မိသားစုနှင့် နီးစပ်သူက Myanmar Now ကို အတည်ပြုသည်။
လက်ရှိတွင် တရားစွဲခံထားရသည့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကလွဲ၍ တိုင်းအစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးပြီး ၂ နှစ်နီးပါး အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ထိန်းသိမ်းခံထားရသူ ဒေါက်တာလှမြတ်သွေးကိုမူ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ ဖြင့် စစ်ကောင်စီက တရားစွဲထားသည်ဟု အ မည် မဖော်လိုသူ တိုင်းလွှတ်တော်အမတ်တစ်ဦးနှင့် မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာလှမြတ်သွေးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ပြီး ဝန်ထမ်းများ CDM လုပ်ကြရန် ၎င်းလက်မှတ်ဖြင့် စာတစ်စောင် ထုတ်ပြန်ခဲ့သည့်အတွက် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် ပြန်မလွတ်မီ ရက်ပိုင်းအတွင်းကလည်း တိုင်းအစိုးရအဖွဲ့ဝင်အချို့နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်ဟု ဧရာဝတီတိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်နှစ်ဦးက ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များမှာ လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း၊ လဝကဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုဥက္ကဋ္ဌ ဦးစန်းထွေးတို့ ဖြစ်ကြသည်။
၎င်းတို့ အားလုံးကို စစ်ကောင်စီက ပုဒ်မတပ်၊ တရားစွဲခြင်း တစ်စုံတစ်ရာ မရှိဘဲ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း တိုင်းလွှတ်တော်အမတ်များက ပြောသည်။
“အမှုလည်း ရှာမရ၊ လွှတ်လိုက်ရင်လည်း သူတို့အတွက် ပြဿနာမရှိဘူးလို့ ယူဆတဲ့သူတွေကို လွှတ်လိုက်တာ ထင်တယ်။ ဧရာဝတီတိုင်းရဲ့ လက်ရှိအနေအထားကလည်း ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထက် သူတို့ ထိန်းချုပ်ရတာ လွယ်နေတဲ့အပေါ်မှာ လွှတ်ပေးတာလည်း ဖြစ်နိုင်တယ်” ဟု ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ဦးဇော်မင်းသိန်းက မှတ်ချက်ပြုသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များသည် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပုသိမ်မြို့၊ လေယာဉ်ကွင်းအနီးရှိ တိုင်းအစိုးရအဖွဲ့အိမ်ရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ထိုသူများကို ယခု ပြန်လွှတ်ပေးလိုက်ခြင်းသည် ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲလုပ်ရန် စစ်ကောင်စီက ခြေလှမ်းပြင်လာခြင်းဟု ကရင်လူငယ်တက်ကြွလှုပ်ရှားသူ မြစ်ဝကျွန်းပေါ်သား စောအဲလ်ဘတ်ချိုက ဆိုသည်။
“အခြားနယ်မြေတွေမှာ ပုန်ကန်မှုတွေက ရာနှုန်းပြည့်ပဲရှိတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာက အဲ့လိုမရှိဘူး။ ဒီလိုနေရာမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သူကောင်းကောင်းလုပ်နိုင်တယ်။ အဲဒါကြောင့် အစိုးရအဖွဲ့ဝင်လူတွေကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲကျင်းပမယ့်ပုံမျိုးဖြစ်နိုင်တယ်” ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစတင်၍ ၎င်းတို့အား ဆန့်ကျင်သည့် အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် သန်းခေါင် စာ ရင်းနှင့် လူဦးရေစာရင်း ကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် အစောပိုင်းကာလက စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ခဲ့ကြသော်လည်း လက်ရှိ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်မှု အားအနည်းဆုံး ဒေသတစ်ခု ဖြစ်သည်။ myanmar now
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ တောင်ဘက်သုံးမိုင်ခန့်အကွာရှိ ယင်းတွေကျေးရွာကို စစ်ကောင်စီတပ် က ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရွာကိုမီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါမီးရှို့မှုဖြစ်စဉ်တွင် အိမ်ခြေ ၃၅၀ ခန့်ရှိသည့် ယင်းတွေကျေးရွာမှ နေအိမ် ၄၇ လုံးခန့် မီးလောင် ပြာကျခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးကဆိုသည်။
“ဒီပဲယင်းမြို့ထဲကထွက်လာတဲ့ ခန့်မှန်းစစ်အင်အား ၁၀၀ ကျော်လောက်က နံနက်ပိုင်းမှာ ရွာကိုရောက် တယ်။ အိမ်တိုင်းလိုလိုကို မွှေနှောက်ဖျက်ဆီးပြီး အကုန်ခိုးယူသွားကြတယ်။ ဆီ၊ ဆန် ဘာမှမကျန်ဘူး။ တစ်ချို့ဟာတွေဆို သွန်ပြီးဓာတ်ဆီတွေလောင်းထားခဲ့တာ။ အဝတ်စားတွေကိုစုပုံပြီး မီးရှို့တယ်။ မီး လောင်သွားတဲ့ အိမ်ခြေကတော့ ၄၇ လုံးလောက်ရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးကဆိုသည်။
ယင်းတွေကျေးရွာတွင် နေထိုင်သူအများစုသည် အခြေခံလူတန်းစားများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သူများဖြစ် သည်။
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဒီဇင်ဘာလတစ်လအတွင်း ပြည်သူများ၏နေအိမ် ၁,၁၀၀ ခန့် အား မီးရှို့ဖျက်ဆီးခဲ့သည်။ mizzima
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ပုသိမ်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီချမှတ် လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတယောက် အသတ်ခံရနောက် ကြောင်ပန်းကုန်းရွာနဲ့ အနီးတဝိုက်က အန်အယ်လ်ဒီ ပါတီဝင် ၆ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက “ရပ်ကျေး အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြောင်ပန်းကုန်းရွာနဲ့ အနီးတဝိုက်က အန်အယ်လ်ဒီပါတီဝင် ၆ ဦး ကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းကဖမ်းထားတာ။ ဒီဇင်ဘာ ၂၉ ရက်နေ့မှ အမိန့်ချလိုက်တာ။ တစ်ဦးကို ၁၅ နှစ် စီ ထောင်တွင်းတရားရုံးမှာပဲ အမိန့်ချလိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးထောင်ချခံရတဲ့ အန်အယ်လ်ဒီပါတီဝင် ၆ ဦးကတော့ ဦးသန်းဝင်း၊ ဦးဖိုးဝ၊ ဦးမြဝေ၊ ဦးခင်ဝင်း၊ ဦးတင်ဝင်းလေးနဲ့ ဦးတင်လင်းအောင်တို့ဖြစ်ကြပြီး ဖမ်းဆီးခံရပြီးကတည်းက အခုအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။
မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးက “ရဲနဲ့ စစ်တပ်က အုပ်ချုပ်ရေးမှူးအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်မေးစရာရှိတယ်ဆိုပြီး အိမ်ကနေလာခေါ်သွားတာ။ တစ်နှစ်ကျော်ပြီ သူတို့ မိသားစုဝင်တွေနဲ့ တစ်ခါမှလည်း တွေ့ခွင့်မရဘူး။ အခုမှ ထောင်ဒဏ် ၁၅ နှစ် ချ လိုက်တယ် ဆိုတာ သိရတယ် “လို့ ပြောပါတယ်။
ပုသိမ်မှာ အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးတာကာ ပုဒ်မ မျိုးစုံနဲ့ ထောင် ဒဏ်နှစ်ရှည်တွေ ချမှတ်နေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုသိမ်မြို့က မြစ်ဝကျွန်းပေါ် တော်လှန်တပ်ဦး ပင်မ သပိတ်ခေါင်းဆောင် ကဗျာဆရာ လူဖန်ခါး(ခ)ကိုထက်လင်းစိုးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ အမှု အပါအဝင် ပုဒ်မ မျိုးစုံတပ်ကာ စစ်ကောင်စီက ထောင်ဒဏ် ၂၈နှစ်ကျော် ချမှတ်ခဲ့ပါတယ်။ DVB
နေပြည်တော်နှင့် ထိစပ်နေသော ပဲခူးမြောက်ဘက်အစွန်ဆုံးရှိ ရေတာရှည်မြို့နယ်တွင် ယခုလ ၂၇ ရက်က ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု တိုးမြှင့်နေသည်ဟု သိရသည်။
စီးပွားရေးမြို့တော်ရန်ကုန်နှင့် နေပြည်တော်ကြား စစ်ရေးအရ မဟာဗျူဟာကျသည့် ပဲခူးတိုင်းတွင် ဒီဇင်ဘာလလယ်မှစတင်၍ လက်နက်နှင့် လူအင်အား ဖွဲ့စည်းပုံအပြည့်ဖြင့် စစ်ကြောင်းများထိုးလာပြီး တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပဲခူး တိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“တိုက်ပွဲဧရိယာအနားဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့က နည်းနည်းလေးဂရုစိုက်ပြီးတော့ အရင်ကထက် စစ်ရေးအသိ၊ သတိ ထားစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုလ ၂၇ ရက်နေ့က ရေတာရှည်မြို့နယ် နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲသည့် အင်းအာ ၃၂ ခန့်ပါ စစ်ကြောင်းက ဂူတောင်တော ရကျောင်းဘက်ကို စစ်ကြောင်းထိုးလာစဉ် လက်ဦးမှုယူတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လက်အောက်ခံ တပ်ရင်း ၃၅၀၁ မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“သတင်းရလို့ ကြိုစောင့်ဖို့ သွားတဲ့အချိန်မှာ သူတို့နဲ့ အချိန်တူတူရောက်သွားတာ။ ကိုယ်တွေဘက်က အရင်မြင်လို့ လက်ဦးမှုရလိုက်တယ်။ လက် နက်ကြီး ၄၀ မမနဲ့လည်း ထုတယ်ပေါ့။ ကျည်ကုန်သုံးပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။
နံနက် ၁၁ နာရီမှစ၍ ၄၅ မိနစ်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါဝင် ခြောက်ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း အပြင်းအ ထန်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ က ထုတ်ပြန်ကြေညာထား သည်။
စစ်ကောင်စီတပ်က ပြင်ဆင်ချိန်မရသလို လက်နက်ကြီးများမသုံးနိုင်သဖြင့် လက်နက်ငယ်များသာ တရစပ်ပစ်ခတ်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်နေသည့် စစ်ကောင်စီက ပြည်မကို ထိန်းချုပ်နိုင်သော တော်လှန်ရေးအင်းအားစုများ လှုပ်ရှားသည့် ပဲခူးရိုးမကို လုံခြု့ရေးအရ အသာစီးရရန် ကြိုးစားလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆိုသည်။
“ပြည်မကို ထိန်းချုပ်နိုင်တဲ့၊ ခြိမ်းခြောက်နိုင်တဲ့ ဒီအဖွဲ့အစည်းတွေရှိကြတဲ့ ပဲခူးရိုးမတစ်ခွင်ကိုတော့ သူတို့ရဲ့ စစ်ကြောင်းထိုးတဲ့အခြေအနေတွေ၊ အင်အားတွေက အရင်ကထက် ပိုပြီးတော့ များလာတယ်။ နောက်တစ်ခါ သာလွန်အင်အားတွေသုံးလာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် ပစ်ခတ်တိုက်ခိုက်မှုများပေါ်ပေါက်ပါက အနီးအနားရှိကျေးရွာကို ရွားလုံးကျွတ် မီးတင်ရှို့သည့် ဖြစ်စဉ်များရှိခြင်းကြောင့် တပ်အပြောင်းအရွှေ့များကို သတိထားသင့်ကြောင့် ၎င်းက ဆိုသည်။
၁၉၄၈ လွတ်လပ်ရေးပြီးချိန်မှစ၍ သမိုင်းအစဉ်အဆက် တော်လှန်ပုန်ကန်မှုများ၏ ဘူမိနက်သန်ဖြစ်သည့် ပဲခူးရိုးမတည်ရှိရာ ပဲခူးတိုင်းတွင် အခြားဒေသများနည်းတူ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းဒေသများတွင်လည်း စစ်ကောင်စီနှင့် တိုက် ပွဲများဖြစ်ပွားနေသည်။
ပဲခူးတိုင်းတွင် ပဲခူး၊ တောင်ငူ၊ သာယာဝတီနှင့် ပြည် ခရိုင်လေးခုရှိပြီး တစ်ခရိုင်လျှင် အနည်းဆုံး တပ်ရင်း နှစ်ခုဖြင့် ဖွဲ့စည်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ myanmar now