မြန်အောင်မြို့နယ်တွင် CDM ကျောင်းဆရာအား ပုဒ်မ ၃ ခုဖြင့် သေဒဏ်ချမှတ်



ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ဆိုသူကို စစ်ကောင်စီလက်အောက်ခံ ဟင်္သာတထောင်တွင်း တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၁(က)အပြင် လူသတ်မှု ပုဒ်မ ၃၀၂(၁) ဂ တို့ဖြင့် မြန်အောင်မြို့နယ်တရားသူကြီး ဦးဝင်းထွဋ်အောင်က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချခဲ့ခြင်းဖြစ် သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“၂၀၂၂ ၊ ၈ လပိုင်းမှာ ကောင်းခန့်ကျော်ကို ပုဒ်မ ၅၀(ည)နဲ့ ဟင်္သာတ ဒုခရိုင်တရားသူကြီး ဒေါ်စိုးမာအေးက ထောင်ဒဏ် ငါးနှစ်ချထားတယ်။အဲ့ ဒီတုန်းကတော့ ပုဒ်မ ၅၁(က) နဲ့ ပုဒ် မ ၃၀၂(က)အမှုတွေ အမိန့်ချဖို့ ကျန်တယ်လို့ပြောတယ်။ အခုအမိန့်ချတော့မှ ၃၀၂(၁)ဂ ဆိုပြီး ပြောင်းသွားတာပါ” ဟုဆိုသည်။
CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်အား မြန်အောင်မြို့နယ် သပြေကုန်းရွာမှ စစ်ကောင်စီသတင်းပေး ဦးဝင်းညွန့်အောင်(ဂျပ်ကြီး)ဆိုသူ အသတ်ခံရမှုတွင်ပါဝင်ခဲ့သည်ဟုစွပ်စွဲကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
သေဒဏ်ချမှတ်ခံရသူ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်သည် စစ်အာဏာမသိမ်းမီက မြန်အောင် မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာစာ သင်ကျောင်းတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
ထို့နောက် မြန်အောင်၊ သပြေကုန်းကျေးရွာ၊ (အထက) ရွှေရတုကျောင်းဆောင်သစ်ရှိ ကိုဗစ်စင်တာတွင် ပရဟိတလုပ်ငန်းများကူညီလုပ် ဆောင်နေရင်း စစ်ကောင်စီသတင်းပေး ဦးဝင်းညွန့်အောင်(ခေါ်)ဂျပ်ကြီး၊ အသတ်ခံရသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်စုနှင့်ရဲများ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“ဆရာကောင်းခန့်ကျော်က ဘိုကလေးမြို့နယ်ထဲက ရွာတစ်ရွာကို မူလတန်းကျောင်းအုပ်နဲ့ ရာထူးတိုး ကျထားပြီးပြီ။ ကိုဗစ်ဖြစ်တာနဲ့ အာဏာ သိမ်းတာတွေဖြစ်သွားလို့ တာဝန်ကျတဲ့ရွာကို မသွားဖြစ်သေး တာ ပါ။ CDM လုပ်ပြီး သူကူညီနေတဲ့ ကိုဗစ်စင်တာမှာပဲ လာဖမ်းသွားတယ်။ သူက အနေအေးပြီး ပျော်ပျော်နေ တတ်တဲ့လူ၊ စကားများရန်ဖြစ်တာတောင် တစ်ခါမှမတွေ့ဖူးဘူး။ ဒလန်သတ်တဲ့လူကိုမဖမ်းနိုင်လို့ မိထား တဲ့ ဆရာကောင်းခန့်ကျော်ကိုပဲ လူသတ်တရား ခံလို့စွပ်စွဲပြီးအမိန့်ချတာပါ” CDM ဆရာမတစ်ဦးက ဆို သည်။
လက်ရှိတွင် သေဒဏ်ချမှတ်ခံရသူ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီလက်အောက်ခံများက ဟင်္သာတ အကျဥ်းထောင်မှ ပုသိမ်အကျဥ်းထောင် သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။ mizzima