Monthly Archives: Jan 2023

မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီက ထောင် ၁၀ နှစ်ချ

ဧရာဝတီတိုင်း၊ မအူပင်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒီဇင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။

ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မရွှေခြူးဝိုင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး ထောင်တွင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မရွှေခြူးဝိုင်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက‌ “သူက ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ပြန်ကြားတာဝန်ခံဆိုတော့ အဲ့ဒါကြောင့်ပဲ ခုလိုမျိုး မတရားရ အပြစ်ဒဏ်တွေ အမိန့်ချခံရတာထင်ပါတယ်။ ၅၀(ည) နဲ့ ချလိုက်တာလို့တော့ သိရတယ်” လို့ ပြောပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကို မကြာခဏဆိုသလို စွပ်စွဲဖမ်းဆီးတာတွေ ပြု လုပ်လေ့ရှိပြီး ငွေတောင်းမရရင် ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်ချလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVb

ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲပြီး စစ်ဆေးရန်လာသော စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲခံရမှု လာ စစ်ဆေးသည့် စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရေးဘီလူးအဖွဲ့က စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဖောက်ခွဲလိုက်ကြောင်း၊ ယင်းနောက် လမ်းခုလတ်တွင် ကင်းပုန်း ဝပ်၍ စောင့်နေစဉ် အင်အား ၅၀ ရှိသော စစ်တပ်စစ်ကြောင်းက တာဝါတိုင်ကို လာရောက်စစ်ဆေးကြောင်း၊ ထို့ကြောင့် ရေးဘီလူးအဖွဲ့က ကင်းပုန်းဝပ်၍ ပစ် ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း ၎င်းက ပြောသည်။

“ဒီမနက် ၈ နာရီလောက်မှာ Mytel အရင်ဆုံးဖြိုခွင်းတယ်။ ဖြိုခွင်း ဖျက်ဆီး ပြီးတော့ ခွေးတွေက Mytel တာဝါတိုင်ကို စစ်ဆေးရေးအနေနဲ့ တက်လာတဲ့ အင်အား ၅၀ ကို ကင်းပုန်းနေရာယူပြီးတော့ ပြန်စောင့်ပစ်တယ်။ Mytel တာဝါ တိုင် မစ်ရှင်အပြီး ၁ နာရီလောက်အကြာမှာ ဒီအကောင် တက်အလာ လမ်းခု လတ် ကနေ စောင့်ပြီးတော့ ပစ်တာ ခွေး ၇ ကောင်ကျတယ်။ ကျနော်တို့ ဆုတ်လမ်းကို အကောင်းဆုံး ဆုတ်နိုင်ခဲ့တယ် အထိအခိုက် ဘာမှ မရှိပါဘူး” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့က အကြမ်းဖက် စစ်တပ် ဒေါက် တိုင်များနှင့် စစ်တပ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။khit thit

မန္တလေးတွင် မြို့ပြတော်လှန်ရေး(UG)အဖွဲ့ဝင် ၁၆ ဦးဖမ်းဆီးခံရ

မန္တလေးမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် မြို့ပြတော်လှန်ရေး(UG)အဖွဲ့မှ လူငယ် ၁၆ ဦး ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်န ဝါရီလ ၁ ရက်နေ့တိုတွင် ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့(Mandalay Youth Force) ၊ (Anonymous Force) အဖွဲ့တို့မှလူငယ်များ နှင့် ချမ်းအေးသာစံမြို့နယ်မှ ကျောင်း ထိုင်ဆရာတော် ဥူးအိန္ဒြာစက္ကတို့ ဖမ်းဆီးလိုက်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းနှင့် နှစ်သစ်ကူးအချိန်များတွင် ဖောက်ခွဲရေးလုပ်မည်ကို သတင်းကြိုရ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှထုတ်ပြန်ထားသော်လည်း ဖမ်းဆီးခံရသူများနှင့်နီးစပ်သူများ ကမူ အများပြည်သူသွားလာနေသည့်နေရာများကို ဖောက်ခွဲရန်မရှိကြောင်း ပြောသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် သွားနေသည့် မြို့ပြတော်လှန်ရေး (UG) အဖွဲ့ဝင်နှစ်ဦးကို ပထမဆုံးဖမ်းမိသွားခဲ့သည်။ ယင်းနေ့ညပိုင်းတွင် အမရပူရမြို့နယ်ရှိ မြို့ပြတော်လှန်ရေး(UG)အဖွဲ့ဝင်တစ်ဦး ထပ်မံဖမ်းဆီး ခံရသည်။

ယင်းမှတဆင့် အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ တိုက်ဂါးအပါအဝင် နှစ်ဦးအပြင် အောင်မြေသာစံမြို့နယ်မှကျောင်းထိုင်ဆရာတော်ကိုပါ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ယင်းနေ့တွင်ပင် ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ရပ်ကွက်၌ ကျည်ဆံထိမှန်ဒဏ်ရာရရှိထားသူ နှစ်ဦးအပါ အဝင် ရှစ်ဦးကိုဖမ်းဆီးသွားခဲ့ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်မှ တစ်ဦးနှင့် ချမ်းမြသာစည်မြို့နယ်မှ မြို့ပြတော်လှန်ရေး(UG)အဖွဲ့ဝင်တစ်ဦးတို့ကို ထပ်မံဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

“သွားနေတဲ့အချိန် ကလေးနှစ်ယောက်မိပြီး ဆက်တိုက်ပါသွားတာ။ ပြည်သူတွေထိခိုက်မယ့် ဖောက်ခွဲရေး မျိုးလုပ်ဖို့လုံးဝမရှိပါဘူး” ဟု နီးစပ်သူတစ်ဦးကပြောသည်။

ဆိုင်ကယ်ဖြင့်သွားနေသည့်အချိန်တွင် မြို့ပြတော်လှန်ရေး(UG)အဖွဲ့ဝင်နှစ်ဦး ဖမ်းမိသွားခြင်းဖြစ်ပြီး အခြားသူများကို နေအိမ်နှင့် အလုပ်လုပ်နေသည့်နေရာများ၌ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု မြို့ပြ တော်လှန်ရေး(UG)အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အသက် ၁၆ နှစ် အရွယ် လူငယ် အများစု ပါဝင်သည်။

မဇ္စျိမက စုဆောင်းထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မန္တလေးမြို့မှ သပိတ် ခေါင်းဆောင်များအပါအဝင် စုစုပေါင်း လူငယ် ၁,၀၀၀ ဝန်းကျင်ခန့်ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့သူ ၃၀ ဦးထက်မနည်း ရှိခဲ့သည်။ mizzima

တနင်္သာရီတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်‌လောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဘန်လောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ၅၆၁ တပ်နဲ့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁ ရက် ညနေက တိုက်ပွဲ ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို့ ဘက်မလိုက်အဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ ဘက်မလိုက်ပြောက်ကျားဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ဘက်က စစ်ကြောင်းထိုးပြီးတက်လာတာ၊ အင်အားတော့များတယ်၊ တိုက်ပွဲ ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီးတော့ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေတော့ ရှိတယ်။”

အဲဒီမတိုင်ခင် မနက် ၈ နာရီလောက်က တနင်္သာရီ ဗောဒီကမ်းတံတားမှာ ဂိတ်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တာကြောင့် စစ်‌ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့‌ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကစပြီး တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားတာကြောင့် အနီးနားရှိ ကျေးရွာတွေက ဒေသခံပြည်သူ ၁,၅၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျနော်တို့ ထွက်ပြေးရတာပေါ့။ ကျနော်တို့က နီးစပ်ရာကျေးရွာတွေမှာပဲ ရှောင်နေတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ၆ မိုင်၊ ၅ မိုင်၊ ပျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊ လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်းနဲ့ ရမ်းဖိုတို့ရွာမှ ဒေသခံပြည်သူ ၁,၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

“စစ်ရှောင်တွေက တချို့ကလည်း စစ်ရှောင်စခန်းတွေမှာ ရှောင်နေသလို တချို့ကလည်း နီးစပ်ရာကျေးရွာတွေမှာ ရှောင်နေတယ်။ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကဒဲလိပ်ကျေးရွာလမ်းပိုင်း၊ ဗောဓိကမ်းတံတားနဲ့ ဘန်လောကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။ DVB

စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီဖြစ်ပြီး နယ်မြေ များသိမ်းပိုက်နိုင်ရန် ကြိုးပမ်းရမည်ဟု MDY PDF က တ ရား ဝင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီ ဖြစ် ကြောင်း MDY PDF က ဇန်နဝါရီလ ၁ ရက်နေ့ တရားဝင် သ တင်းထုတ် ပြန် သည်။

MDY PDF မှ ကိုမုန်တိုင်းက နှစ်သစ်ကူးအဖြစ် ပြည်သူများသို့ နှုတ်ဆက် စ ကား ထုတ်ပြန်ထားစဉ် MDY PDF ၏ အခြေအနေသည် ရန်သူ စစ်တပ်ကို ထိုးနှက် နိုင်သည့် အခြေအနေမျိုးရောက်ရှိနေပြီဖြစ်ပြီး ပြည်သူများ၏ ကူညီမှု များကို ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။

“MDY_PDF ကို စတင်စုဖွဲ့တဲ့အခါမှာ စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဉ် အောက် မှာ COC (၂) ရပ် အသက်ဝင်ဖို့ ပြည်သူကို ကိုယ်စားပြုမယ့် လူသားဆန်တဲ့ တော်လှန်ရေးတပ်မတော် တစ်ခုကို တည်ဆောက်ခဲ့/တည်ဆောက်နေ တာဖြစ် တယ်။ တစ်နှစ်ကျော်ကာလ (၂)နှစ်ဝန်းကျင်အတွင်း အတိုင်းတာတစ်ခုအထိ လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။(ကျေနပ် ရောင့်ရဲ တင့်တိမ်နေဖို့ ဆိုလိုချင် တာမဟုတ်)။ ဘာပဲဖြစ်ဖြစ် ခုလို ပီပြင်စွာ စုဖွဲ့လာနိုင်ပြီး တိုက်ပွဲတွေအတွင်း ရန်သူကို ထိုးနှက်လာနိုင်တဲ့ အခြေနေမျိုးထိ ရောက် ရှိလာတာဟာ ကျနော်တို့ တစ်ဦးချင်း ရဲဘော်တစ်ဦးချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခင်ဗျားတို့ရဲ့ ပါဝင်လုပ် ဆောင် ပေးမှုတွေကြောင့် ဒီအခြေအနေထိ ရောက်ရှိလာတာဖြစ်တယ်။ (ပြည်သူ တွေ ရဲ့လှုဒါန်းမှူ/ချိတ်ဆက် ကူညီမှူတွေဟာလည်း မမေ့ရမယ့် အခန်းကဏ္ဍပါ)” ဟု ကိုမုန်တိုင်းက ရေးသားထားသည်။

အကြမ်းဖက် စစ်အာဏာရှင်ကို ၂၀၂၃ ခုနှစ်တွင် အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် တိုက်ပွဲဝင်ကြရန် ကိုမုန်တိုင်းက တိုက်တွန်းထားသည်။

“ဒီ ၂၀၂၃ ဟာ ပြင်ရင်းလုပ်ပြီး အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေကို ပုံဖော်ရ မယ့် ကာလတစ်ခုပါ။ အဆုံးဖြတ်ပေးမယ့် တိုက်ပွဲတွေ အောင် မြင်ဖို့ဆိုရင် တော်လှန် ရေး အင်အားစုတွေရဲ့တည်ဆောက်ထားတဲ့ လုပ်ငန်းစဉ်တွေ စနစ်တကျ လည်ပါတ်နိုင်ဖို့လိုအပ်ပါတယ်။ ၂၀၂၃ ဟာ ကျနော်တို့တွေ ဒီထက်ပိုပြီးစည်းလုံး ညီညွှတ်နေဖို့လိုပါမယ်။ တပ်ဖွဲ့တစ်ခု၊ အင်အားစုတစ်စုရဲ့ ပြိုကွဲစေတဲ့ အကြောင်းအခြင်းအရာတွေများစွာထဲက တစ်ခုဟာ စည်းလုံးမှုတွေ ယုံကြည်မှုတွေ ပျက်ပြားလာကြတဲ့အခါမှာ ပျက်စီးတတ်တဲ့သဘောပါ။ နောက် တစ်ခုက လက်နက်ကိုင် တော် လှန်ရေးလုပ်တာဖြစ်တဲ့အတွက် စစ်ပွဲတွေ ရှုံးနိမ့် ရင်လည်း ပြိုကွဲစေပါတယ်။ စစ်ပွဲတွေ အောင်မြင်နိုင်ဖို့ဆိုရင်လည်း စည်းလုံး ညီညွှတ်မှု၊ သွေးမကွဲမှုဆိုတဲ့ အရာတွေရှိမှ ကျနော်တို့တိုက်ပွဲတွေဟာ အောင် မြင်နိုင်မှာပါ။။ လိုတိုရှင်း ပြန်ချုပ်ရရင် ၂၀၂၃ ဟာ ကျနော်တို့ နိုင်မယ်ဆိုတဲ့ အဆုံးဖြတ်ပေါ်လွှင်မယ့်နှစ်ပါ။ လက်ရှိအခြေနေဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အသာစီးရနေတဲ့ အခြေနေပါ။ NUG/MOD ရဲ့ စစ်ရေး နိုင်ငံရေး လက်ရှိအခြေနေဟာ အင်မတန်မှ နှစ်ထောင်းအားရဖွယ် အခြေနေပါ။ အဲ့တော့ ကျနော်တို့ MDY-PDF အနေနဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက် စစ် အုပ်စုကို အမြစ်ဖြတ် ခြေမှုန်းပြီး ဒင်းတို့ မတရားပြုကျင့် စိုးမိုးအုပ်ချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားကြရမယ်။ ပြည်သူများ ကောင်း ကောင်းမွန်မွန် အေးအေးချမ်းချမ်းနေထိုင်နိုင်တဲ့ ပြည်သူ့ ကိုယ်ပိုင် နယ်မြေများတည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ရုန်းကြ ရမှာဖြစ်တယ်။ ယခု ရရှိနေတဲ့ အားသာချက်တွေ၊ အလားအလာ ကောင်းတွေ နဲ့တင် အားရကျေနပ်မနေပဲ နိုင်ငံအတွက် အဆုံးအဖြတ်နှစ်ဖြစ်အောင် စည်း စည်း လုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရပါမယ်” ဟု ကိုမုန်တိုင်းက အသိပေး ရေးသားထားသည်။ khit thit

စစ်အာဏာရှင်တည်တံ့ခိုင်မြဲမည့် ရွေးကောက် ပွဲကို သပိတ်မှောက်ရန် KNU ထပ်လောင်းတိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက ကြီးမှူးကျင်းပမည့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲသည် စစ်ကောင်စီတရားဝင်ဖြစ်စေရန်နှင့် စစ်အာဏာရှင်တည် တံ့ခိုင်မြဲစေမည့် ရွေးကောက်ပွဲဖြစ်၍ ပူပေါင်း ပါဝင်ခြင်းမပြုကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ထပ်လောင်းတိုက်တွန်းလိုက်သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန်အပါအဝင် အချက်လေးချက်ကို KNU တပ်မဟာ (၅) စစ်ရေးချုပ်ရုံးက ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်နေပြီး ဒေသတွင်း၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများကိုလည်း လက်ခံမည်မဟုတ်ကြောင်း KNU စစ်ရေးချုပ် ရုံးက ဆိုသည်။

အလားတူ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်များကို စွန့်ခွာပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အမြန်ဆုံးထွက်ခွာကြရန် သတိပေးထားသည်။

ဖာပွန်ခရိုင်အတွင်းမှ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် မိမိနေထိုင်ရာဒေသသို့ အမြန်ဆုံးထွက်ခွာကြရန် နှင့် ဖာပွန်မြို့ခံ အရပ်ဘက်ဝန်ထမ်းများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်မှုကိုရှောင်ရှားကြရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KNU တပ်မဟာ(၅)က သတိပေးချက် ထုတ်ပြန်ခဲ့သေးသည်။

“ဤအမိန့် ထုတ်ပြန်ချက်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သည်” ဟု KNU တပ်မဟာ(၅)စစ်ရေးချုပ်ရုံး က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေများတွင် တကျော့ပြန်တိုက်ပွဲ များပြင်းထန်ခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာ အောက်တိုဘာလအထိ တိုက်ပွဲပေါင်း ၇,၀၀၀ ခန့် ဖြစ်ပွားခဲ့ ကြောင်း KNU ထိပ်ပိုင်းတာဝန်ရှိသူ ပဒိုစောတောနီးက မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က အာဏာသိမ်းစစ်တပ်၏ (လှိုင်ဝ) အခြေစိုက် အမြောက်တပ်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ရွှေကြက်မင်းဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါး ပျံလွန်တော် မူခဲ့သည်။ mizzima

ရွှေဝယ်သူခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ၊ ရေး-သံဖြူဇရပ်လမ်းတွင် စစ်တပ်ကား ၃ စီး ပစ်ခတ်ခံရ

ရန်ကုန်-ထားဝယ်-မြိတ် ခရီးသည်ယာဉ်တစီး ရေး-သံဖြူဇရပ်ကားလမ်းပိုင်းရှိ ကနင်ကမော့ဘက်နေရာ အနီးနားမှာ ဇန်နဝါရီ ၂ ရက် မနက် ၅ နာရီလောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်ကနေ မြိတ်ကိုသွားမယ့် ရွှေဝယ်သူကား ဓားပြတိုက်ခံရတာဖြစ်ပြီး ခရီးသည်တွေကို သေနတ်ပြ ခြိမ်းခြောက်ကာ လက်ဝတ်ရတနာ၊ ရွှေ ငွေ ဖုန်းတွေပါ အကုန်ယူသွားပြီး လူတွေကိုတော့ ဘာမှမလုပ်ဘူးလို့ ခရီးသည်ယာဥ်လိုင်းသမားတွေက ပြောပါတယ်။

“ဓားပြတိုက်တဲ့သူတွေဟာ လုပ်သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီးတော့ သာမန်အရပ်သားတွေလိုပဲ ဝတ်ထားကြပါတယ်။ ကားပေါ်ပါလာသူတွေဆီက တန်ဖိုးရှိတဲ့ အရာတွေကို အကုန်လုံးနီးပါး ယူဆောင်သွားခဲ့တယ်” လို့ ရွှေဝယ်သူယာဥ်လိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းနေရာမှာ ပြီးခဲ့တဲ့နှစ်တွေကလည်း ခရီးသည်တင်ယာဉ်တွေ အခုလို ဓားပြတိုက်ခံခဲ့ရဖူးပြီး ရေး-သံဖြူဇရပ် မလွှဲတောင်နေရာတွေဘက်မှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပြီး ခရီးသည်တင်ယာဉ်တွေအား ဓားပြတိုက်မှုကို သေချာစုံစမ်းကာ ဖြစ်စဥ်အမှန်ကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်း၊ အလားတူမျိုးမဖြစ်အောင် ကာကွယ်သွားမယ်လို့ ရေးမြောက်ပိုင်း PDF က ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်း ဝဲခမိကျေးရွာအနီး အသံလွှင့်ရုံဟောင်းရှေ့မှာ လမ်းကင်းချနေတဲ့ စစ်ကောင်စီတပ် ကား ၃ စီးကို ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီလောက်မှာ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိတာ ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နှစ်တွေထဲမှာ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်အကျအဆုံး အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းကို သွားလာနေကြတဲ့ ခရီးသွားကားတွေ စစ်ကောင်တပ်ဖွဲ့ ကားတွေနဲ့ ကပ်မလိုက်ဖို့ PDF တပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တောင်ညိုပြောက်ကျားပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ထက်မနည်း ရှိပြီလို့ သိရပါတယ်။ DVB

ခင်ဦး၊ မြကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်ရွာကို အကြမ်းဖက် စစ်တပ် မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၈ နာရီ ၃၃ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ အင်းပတ်ဘူတာ ရထားသံလမ်းဘက်မှ ခြေလျင်တက်လာပြီး စပါးရိတ် တောင်သူများကို လိုက်လံပစ်ခတ်ပြီးနောက် မြကန်ကျေးရွာ အနီးရောက် ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခင်ဦးမြို့နယ် အရှေ့မြောက်ပိုင်းရှိ အလယ်ရှိုရွာတွင် ၅ ရက်ကြာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီစတင်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ယနေ့ နံနက်ပိုင်းထိ မီးခိုးများ မြင်တွေ့နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။ khit thit

« Older Entries