Monthly Archives: Jan 2023

စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၂၇၄ ဦးသေဆုံး၊ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးခဲ့ရတဲ့ ကလေးသူငယ် ၂၇၄ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကလေးသူငယ်တွေ အများဆုံးပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ ဇန်နဝါရီ ၂ ရက်အထိ စာရင်းတွေအရ အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၈၉ ယောက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၇၈၇ ယောက် ထိရှိလာခဲ့ပြီဖြစ်ကာ အမှန်တကယ် ကျ ဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံရတဲ့ ကလေးသူငယ်အရေအတွက်ကတော့ အာဏာသိမ်းပြီးချိန်ကတည်းက လက်ရှိအချိန်ထိ ၄၈၂ ယောက်ရှိခဲ့ပြီး စုစုပေါင်းဖမ်းဆီးခံရသူတွေရဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်း ၂ နှစ်နီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးဦးရေကတော့ ၃၄၅၅ ယောက်ရှိခဲ့ပြီး စုစုပေါင်းဖမ်းဆီးခံရသူတွေရဲ့ ၂၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆို ပါတယ်။ သေဆုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ကတော့ ၃၂၈ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တာပါ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးနှိပ်စက်အရေးယူတာ၊ မတရားပုဒ်မတပ် ထောင်ချတာတွေအပြင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကိုပါ လုပ်ဆောင် နေပြီး လတ်တလောအချိန်ထိ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူအ ရေအတွက် ၈၄၁ ယောက်ရှိလာခဲ့ပြီဖြစ်ကာ ၃၁ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။ DVB

မန္တလေး သံဃသမဂ္ဂ ဦးဆောင် ဆရာတော် ဦးအာစာရ ဖမ်းဆီးခံရ

မန္တလေး သံဃသမဂ္ဂ ဦးဆောင် ဆရာတော် ဦးအာစာရကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သံဃသမဂ္ဂမှ ဆရာတော်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မန္တလေး တောင်ခြေအနီးရှိ ကျောက်တော်ကြီးဘုရားတွင် ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်နေစဥ် အကြမ်း ဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီမနက်ဦးဇင်း ၄ ပါးအတူ ကုသိုလ်တော်မှာ သပိတ်ပုံရိုက်နေတုန်း ကင်းပုန်းနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာ ကျန်တဲ့ ၃ ကလွတ်တယ်။ ဦးဇင်းအာစာရ (သပိတ်ခင်) အဖမ်းခံလိုက်တယ်။ အခုအခြေအနေက အသေးစိတ်မပြောနိုင်သေးဘူး။ ဖမ်းဆီးခံရနဲ့ ဆရာတော်က မန္တလေး သံဃသမဂ္ဂက ဆရာတော်ပါ။ ကျောက်တော်ကြီးဘုရားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်နေတုန်း ဖမ်းဆီးခံရတာ ဆရာ တော်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုပြီး ဖမ်းဆီးမှုတွေ ရှိလာနိုင်တယ်။ အမြန်တိမ်းရှောင်ဖို့ လိုနေတယ်” ဟု သံဃသမဂ္ဂမှ ဆရာတော်တစ် ပါးက ပြောဆိုသည်။ khit thit

မကွေးတိုင်းက စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျောင်းသားလက်ရုံးတပ်တော် ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကန်တုတ်ဂိတ်စခန်းကို ဒီဇင်ဘာလ ၃၁ရက်နေ့နံနက်ပိုင်းတွင် ကျောင်းသားလက်ရုံးတပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်ဗဟိုကော်မတီဝင် ကိုမင်းလတ်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီဝက်နီးပါးအကြာတွင် စစ်ကောင်စီဘက်က စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသွားပြီး ဗိုလ်ကြီးတစ်ဦးထိခိုက်သွားသည်ဟု ပြန်လည်သိရှိရကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။

“ပူးပေါင်းပြီးတိုက်ခိုက်ကြတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကျောင်းသားလက်ရုံးတပ်တော်တစ်ခုတည်းက တိုက်ခိုက်ခဲ့တာပါ” ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းလတ်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားလက်ရုံးတပ်တော်သည် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအချို့ကိုသာ ထုတ်ပြန်သည်ကို တွေ့ရသည်။

ယခုနှစ်အတွင်း စီမံချက်ချထားသည့် စစ်ရေးအရ အစုအဖွဲ့များကို ပြုလုပ်နိုင်ခဲ့သော်လည်း နိုင်ငံရေးပိုင်းတွင်မူ မျှော်မှန်းထားသည့် အခြေ အနေထိ တိုးတက်မှုမရသေးကြောင်း တပ်တော် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ mizzima

NUG အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အား လုံး အပြောနှင့် အလုပ်ညီအောင် ပြုမူကျင့်ကြံရန် ယာယီ သမ္မတ ဒူဝါလရှီးလ ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များအားလုံး အပြောနှင့် အလုပ် ညီအောင် ပြုမူကျင့်ကြံကြိုးစားကြရန် အထူးတိုက်တွန်းလိုက်ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ယခင် နှစ် ဟောင်းကဲ့သို့ အလုပ်နှင့် သက်သေပြကြရမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ညွှန်ကြားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စသည့် ဖွဲ့စည်းမှုများနှင့် စစ်အာ ဏာရှင် ဖြုတ်ချရေးကို စစ်ရေး၊ နိုင်ငံရေးတပ်ဦးမှ ဦးဆောင်လာခဲ့ကြပြီး လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြကြောင်း၊ အစုအဖွဲ့ဆိုင်ရာ၊ အ ဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင် ပတ်သက်၍ လူနှင့် မူ အံဝင်ခွင်ကျ ဖြစ်စေနှင့် လူမှန် နေရာမှန် ဖြစ်ရန် သုံးသပ်ကြရန် ပြောကြားလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ကျင်းပသော NUG အစိုးရအစည်းအဝေးတွင် ပြောဆိုသည်။

“ ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူး သဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးအလုပ်များနှင့် အစိုးရအဖွဲ့လုပ်ငန်းစဉ်များ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးသည် NUG အစိုးရအဖွဲ့ခေါင်းဆောင်အားလုံး ၏ စီမံခန့်ခွဲမှု အရည်အချင်းများပေါ်တွင် မူတည်ကြောင်းနှင့် ရှိထားသည့် အရင်းအမြစ်များကို တော်လှန်ရေးအရွေ့တစ်ခုဖြစ်စေရန် အလေ့အလွင့်မရှိဘဲ စီမံခန့်ခွဲနိုင်ရန်အတွက်လည်း အလွန်အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း အမှန်တကယ်လိုအပ်သည့် နေရာတွင် သုံးစွဲတတ်ရန်၊ အလေအလွင့်မရှိဘဲ သုံးစွဲနိုင်ရန်နှင့် လက်ရှိဆောင် ရွက်နေသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို တိတိကျကျ ခံယူရန် လိုအပ်ကြောင်း၊ စီမံ/ဘဏ္ဍာကော်မရှင်၏ ငွေ ကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ/ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချကများကို တိတိကျကျလိုက်နာရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ကော်မရှင် ၊ ကော်မတီများအတွက် မူနှင့် လူ ကိုက်ညီခြင်း ရှိ/ မရှိ စိစစ်သုံးသပ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ညွှန်ကြားသည်။

ထို့ပြင် ပြည်သူလူထံမှ ရရှိသည့် အထွေထွေရင်းမြစ်များကို တော်လှန်ရေးအောင်မြင်ရန်အတွက် အလေအလွင့်မရှိ စနစ်တကျ စီမံကွပ်ကဲကြရန်အလွန်အရေးကြီးကြောင်း ယာယီသမ္မတဒူဝါလရှီးလက မှာကြားတိုက်တွန်းသည်။ khit thit

တန့်ဆည်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း တန့်ဆည် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်တွင် တန့်ဆည်မြို့နယ်၌ အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ထားသော ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဆင်ငယ်ရွာ၊ ပျူစောထီးစခန်းမှ ကာဘိုင် ၂ လက်၊ MA-1 ၂ လက်၊ ၉ ဗို့ ခါးချိုး ၄ လက်၊ လက်လုပ် ခါးချိုး ၂ လက်နှင့် ကျည် ၂၀၀ ကျော် သိမ်း ဆည်း ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆင်ငယ်ရွာအနီးရှိ အင်္ကုက္ကား​ကျေးရွာမှ ပျူစောထီး အဖွဲ့များလည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

” ပျူစောထီးစခန်းကို သိမ်းနိုင်ခဲ့ပြီး ပျူစောထီးနဲ့ စစ်ခွေး ၃၀ လောက်သေပါတယ်။ အဲဒီ ပျူစောထီးစခန်းက စစ်ခွေးတွေ လက်နက် တပ်ဆင် ပေးထားတဲ့ စခန်း လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တန့်ဆည် ပကဖ အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ပွဲမှုကို ရွှေဘိုခရိုင် တပ်ရင်း (၆)၊ (၉)၊ (၁၂) နှင့် တန့်ဆည် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်းကျဆုံးခဲ့သည်။ khit thit

မုံရွာနှင့်ရွှေဘိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး‌တွေကို ဇန်နဝါရီ ၁ ရက် ည ၉ နာရီခွဲက လက်နက်ကြီး အလုံး ၃၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force အဖွဲ့က ပြောပါတယ်။

Chindwin Attack Force အဖွဲ့ဝင်တဦးက “လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာ၊ ထိခိုက်သေဆုံးတာ ရှိ‌ပေမဲ့ အရေအတွက်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၄/၅၊ Teachers People Defense Force PDF၊ Monywa Fighter Group၊ Spring Dove၊ ဝရဇိန်လက်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့က ထုတ် ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းက ပျူစောထီးအဖွဲ့တွေ နေထိုင်တဲ့ ဟင်္သာကြီးကျေးရွာကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေကိုခေါ်ပြီး အနီးနားက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ၆၀ မမ လက်လုပ်စိန်ပြောင်းနဲ့ အခုလို တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brave Brothers (LDPF) မှ ဗိုလ်သံချောင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့ရာမှာ ပျူစောထီးအဖွဲ့တွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအပြန်အလှန် ၄၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟင်္သာကျေးရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး အနီးနား ကျေးရွာတွေဖြစ်တဲ့ ကုလားမရွာ၊ လက်ကောက်ကျရွာနဲ့ မန်ကျည်းသုံးပင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁,၁၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။ DVB

ဝက်လက်ဒေသရှိ မီးဘေးရှောင်ပြည်သူများကို ဒေသကာကွယ်ရေးအဖွဲ့များက ကွင်းဆင်း ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ဆေးကုသမှုလိုအပ်နေတဲ့ မီးဘေးသင့်ပြည်သူတွေကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ဝက်လက်မြို့ နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု နယ်မြေအတွင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက သွားရောက်ဆေးကုသမှုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မီးရှို့မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ဝက်လက်ဒေသရှိ ကျေးရွာ ၈ ရွာကို ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်မှာ  ပထမဆုံးအကြိမ်သွားရောက်ကွင်းဆင်းပြီး ရွာသားတွေကို  အခမဲ့ ဆေးကုသမှုပေးခဲ့တာပါ။

စစ်ကိုင်းမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့နယ်တာဝန်ခံက “အများစုက အမိုးအကာမရှိတော့ အအေးကလည်းပိုတော့ သက် ကြီးရွယ်အိုတွေ ပိုများပါတယ်။ လက်ရှိကတော့ ကွင်းဆင်းပြီးရွေ့လျားဆေးခန်းအဖြစ်လုပ်ဆောင်နေတာဆိုတော့ မျက်လုံးခွဲစိတ်တာမျိုးက လွဲရင် ကျန်တဲ့ရောဂါတွေကို ကုသပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ခွဲစိတ်တာမျိုးတော့ မလုပ်ဆောင်နိုင်သေးပါဘူး”လို့ ပြောပါတယ်။

မီးဘေးရှောင်ပြည်သူတွေအနေနဲ့ ဆေးကုသမှုတွေ လိုအပ်ချက်ရှိနေပြီး မြို့ပြအထိသွားရောက် ဆေးကုသဖို့ မလွယ်တာကြောင့် အခုလို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး သွားရောက် ကုသမှုတွေ ဆောင်ရွက်ပေးတာဖြစ်တာလည်း သိရပါတယ်။

အဆိုပါကွင်းဆင်း ဆေးကုသပေးမှုကို ဆေးဝါးကျွမ်းကျင် သင်တန်းဆင်းထားတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသတွင်းလူငယ်တွေက စေ တနာ့ဝန်ထမ်းအဖြစ် သွားရောက် ကုသပေးခဲ့တာလို့ သိရပါတယ်။

မြို့နယ်တာဝန်ခံက “ကျနော်တို့ဒေသက လူထုက မြို့ပေါ် ဆေးသွားကုဖို့က အခုအခြေအနေနဲ့ လုံးဝ မလွယ်ဖြစ်နေတာပါ။ ကျနော်တို့က ရှေးလတွေက ဆေးဝါးကျွမ်းကျင်သင်တန်းပေးပြီး ပြီးခဲ့တဲ့လက သင်တန်းကနေ ဆေးမှူးအယောက် ၅၀ သင်တန်းဆင်းထားတာပါ။ ဒေသကအဖွဲ့တွေပူးပေါင်းပြီး ဦးဆောင်မှုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းထားတဲ့ ရဲဘော်တွေနဲ့ ဒေသထဲက ကလေးတွေက ပါပါတယ်၊” လို့ပြောပါတယ်။

ကွင်းဆင်းဆေးကုသပေးတာကို  ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုအနေနဲ့ ဆက်လုပ်သွားမှာဖြစ်ပြီး စစ်ကိုင်းထဲက လက်လမ်းမမှီတဲ့ ကျေးရွာတွေအထိ သွားရောက်နိုင်ဖို့အတွက် ဆေးဝါးကျွမ်းကျင်နဲ့ အခြေခံကျန်းမာရေးလုပ်သားအများအပြား လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

အခုလိုကွင်းဆင်းကုသပေးမှုကို မုံရွာခရိုင် တပ်ရင်း ၁၈ မှ တပ်ရင်းမှူးဗိုလ်စွန်ရဲ၊ တပ်ရင်းဆေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ မြို့နယ်လူ သားစာနာတာဝန်ခံတွေ၊ ရပ်ကျေး ပအဖ၊ ပကဖ၊ ပလဖ‌ တွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွာ ၈ ရွာမှ ပြည်သူ ၁၉၅ ဦးကို ဆေးကုသမှုခံယူခဲ့ပါတယ်။ DVB

မြိုင်နှင့် ပုလောတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မကွေတိုင်း၊ မြိုင်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ခိုက်ံရပြီး ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၃)ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်မီးပွားက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက် ည ၁၂ နာရီ ၅ မိနစ်ခန့်က အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို တာဝေးပစ် လက်လုပ်လက်နက်ကြီး အချက် ၇၀ ကျော် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ နေရာအနီး ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၎င်းတို့ဈေးဝယ်ထွက်သော ကားတစ်စီးကိုလည်းထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ လက်နက်ကြီးက ၅ လုံးလောက် ပြန်ပစ်တယ်၊ ၃ ကောင်သေတာတော့ အ တွင်းသတင်းအရ အတိအကျသိရတယ်၊ ဒဏ်ရာရတာတော့ အတိအကျမသိရဘူး၊မုံရွာမြို့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်လရောင်အတွက် လက်စားချေတဲ့အနေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့တာပါ” ဟု ဗိုလ်မီးပွားက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဦးဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ခွဲ ၄ ၊ Mying Warriors ၊နွေဦးညီနောင်တပ်ဖွဲ့နှင့် စင်္ကြာတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀၀ မမ၊ ၈၀ မမ လက်လုပ်တာဝေးပစ်လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်အပြီး ဇန်နဝါရီလ ၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၂ ရက် နေ့ လည် ၂ နာရီ ခန့်က အကြမ်းဖက်စစ်ကောင် စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Palaw KPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပုလောမြို့မှ မြိတ်ဘက်သို့ သွားသော အကြမ်းဖက်စစ်ကောင်စီကား ၁၀ စီးပါယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် သား ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ အတည်ပြု နိုင်ခြင်းမရှိကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုတော့ ခွေးတွေ မြို့ဘက်ထွက်သွားပြီ၊ မိုင်းဆွဲတိုက်ံရတဲ့နေရာမှာ နားပြီး ဒီနေ့မှ ဆက်တက်သွားတာ၊ အင်အား ၂၀၀ လောက်ပါတယ်၊ ထိ ခိုက်တာရော၊ သေတာ ရော ၂၀ လောက်ရှိတယ်၊ အတိအကျ အတည်မပြုနိုင်သေးတာ၊ သူတို့ဘက် လက်နက်ငယ်တွေနဲ့ ပြန်ပစ် ခတ်တာတော့ရှိတယ်”ဟု Palaw KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Palaw KPDFနှင့်အရိပ်ပျောက်ကျားတွပ်ဖွဲ့မှ မိုင်း(၄)လုံးဆွဲပြီဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။khit thit

“မြန်မာအစ တကောင်းက ကျည်အတောင့် တစ်ထောင်ဝိုင်းကူကြ” တကောင်း ပကဖ ဖိတ်ခေါ်

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့တွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေး တိုက်ပွဲဝင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ “မြန်မာအစ တကောင်းက ကျည်အတောင့် တစ်ထောင်ဝိုင်းကူကြ” ရန်ပုံငွေ ကံစမ်းမဲကို ဝိုင်းဝန်းကူညီ ပါဝင်ကြရန်ဖိတ်ခေါ်လိုက်သည်။

စစ်အာဏာရှင်စစ်တပ်ကို အံတုတိုက်ခိုက်နိုင်ရေးအတွက် ကျည်လိုအပ်ပြီး ကျည်ဆန်တစ်တောင့်လျှင် မြန်မာငွေကျပ် ၅,၀၀၀(ငါးထောင်) ဖြစ်ပြီး ၎င်းနှင့် ငွေ ပမာဏတူ မဲလက်မှတ်တစ်စောင်လျှင် ၅,၀၀၀ကျပ်ဖြင့် သတ်မှတ်ထားကြောင်းဆိုသည်။

ကျည်ဆန် ၁,၀၀၀ တန်ဖိုးပြည့်သည့် အချိန်အထိ ရက်အကန့်အသတ်မရှိ ရောင်းချသွား မည်ဖြစ်ပြီး သတ်မှတ်ချက်ပြည့်မီပါက တကောင်းပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့ ဝင်များမှ ဒေါက်တာတေဇာစန်း၏ ပုံတူ ပန်းချီကားကို တိုက်ရိုက်ထုတ်လွှင့် မဲနှိုက်သွား မည်ဖြစ်ကြောင်းသိရသည်။

“ခဲပန်းချီယူ ရဲဘော်ကူ” အဆိုပါ ရန်ပုံငွေရှာပွဲတွင် မဲပေါက်သူထံသို့ ဒေါက်တာ တေဇာစန်း၏ ပုံတူပန်းချီကားကို မှန်ဘောင်နှင့် လျှို့ဝှက်စွာ စိတ်တိုင်းကျ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်ချက်တွင် ဖော်ပြထားသည်။

တကောင်းမြို့သည် မြန်မာလူမျိုးများ စတင်ပေါ်ပေါက်လာသည့် နေရာဒေသတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အငွေ့အသက်များနှင့် ရှေးဟောင်းအမွေအနှစ်များရှိသော နယ်မြေသည် လာဘ်စားမှု ၊ ရက်စက်စွာသတ်ဖြတ်မှုများနှင့်အတူ လူငယ်များ၏ သွေးများစွန်းထင်းလာကြောင်းဆိုသည်။

ယခင်ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖြစ်မြောက်နိုင်ရေးအတွက် စစ်အာဏာရှင်ကို အသက်စွန့်တိုက်ထုတ်ပြီး ပြန်လည်ရယူနိုင်ရန် လိုအပ်သော ကျည်ဆန်များပါဝင်ကူညီထောက်ပံ့ကြရန် တိုက်တွန်း ဖိတ်ခေါ်ထားသည်။ mizzima

« Older Entries