Monthly Archives: Jan 2023

ကေအိုင်အို ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် တာဝန်ယူ

ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးလိုက်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဇန်နဝါရီ ၂ ရက်မှာ ကချင်ဘာသာနဲ့  အမိန့်ပြန်တမ်းစာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လွှဲပြောင်းတာဟာ ယာယီဖြစ်ပြီး လက်ရှိ ကေအိုင်အိုခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ကျန်းမာရေးကြောင့် ဖြစ်တယ်လို့လည်း ကေအိုင်အိုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ကေအိုင်အေတပ်ချုပ်ကြီးလည်းဖြစ် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ အသက် ၈၀ ပြည့်တော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရားရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဥက္ကဋ္ဌအ ဖြစ် အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ယာယီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ရဲ့ စစ်ဦးစီးချုပ်တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။

“ခေါင်းဆောင်ပိုင်းက ယာယီအပြောင်းအလဲ ရှိပေမဲ့ ကေအိုင်အိုရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ရေးမူဝါဒဘက်ကတော့ စစ်ရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်” လို့ ကေအိုင်အိုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်းကို စစ်ဦးစီးချုပ်တာဝန် ပေးအပ်လိုက်တယ် လို့လည်း ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီလို ကေအိုင်အို/ကေအိုင်အေ ထိပ်ပိုင်းရာထူး အပြောင်းအလဲနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေး မြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ကချင်ဘာသာနဲ့ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းစာအရ ဗဟိုကော်မတီဝင်နဲ့ တိုင်းအဆင့် အုပ်ချုပ်ရေး အကြီးအကဲနေရာ တချို့ကိုလည်း တာဝန်အပြောင်းအလဲ ပြုလုပ်ထားတာ တွေ့ရပါတယ်။

အခုလို ရာထူးအပြောင်းအလဲတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ ကေအိုင်အေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ကချင်တော်လှန်ရေးအဖွဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အိုကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ DVB

ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဒေါက်တာအာ ကာမိုးသူ ပြန်လည်လွတ်မြောက်

ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဒေါက်တာအာကာမိုးသူ အင်းစိန်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာ ကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

” ဆရာ ဒီနေ့ ၃ နာရီမထိုးခင် ပြန်လွတ်လာတယ်။ လူကတော့ နည်းနည်းပိန်သွားတယ်” ဟု နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့သူ ဒေါက်တာအာကာမိုးသူအား စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ် ၂ ရက်တွင် အိမ်စီးကားဖြင့် တက္ကသိုလ်ဝင်းအတွင်း လာရောက်ဖမ်းဆီးခဲ့သည်။

၎င်းအား စစ်ကောင်စီက အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (က) ဖြင့် တရားစွဲကာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်က ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူသည် ကျောင်းသား၊ ကျောင်းသူများ၏ လေးစားချစ်ခင်မှုကို အပြည့်အဝရရှိခဲ့သည့် ဆရာတစ်ဦး ဖြစ်ပြီးတက္ကသိုလ်ဆရာသမဂ္ဂ (UTA) ကို စတင်တည်ထောင်ခဲ့ သူဖြစ်သည်။

ယနေ့ လွတ်မြောက်လာသူများတွင် ဆရာအာကာမိုးသူနှင့်အတူ စာရေးဆရာ ထင်လင်းဦး၊ ဒေါ်သန်းမြင့်အောင် အစရှိသူတို့လည်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။mizzima

ဒီးမော့ဆိုတွင် လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါတငူးကျေးရွာအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၃) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသည်။ 

သေဆုံးသူမှာ ဒေါ်စိုးမြာဖြစ်ပြီး ထိုရွာအနီးတစ်ဝိုက် ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီး လေးလုံးအနက် တစ်လုံးမှ လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ပြောသည်။

“(တဲပေါ်) ကွတ်တိလာကျသွားတာပေါ့။ အမေ့ကို လာထိသွားတာ။ ရွှေ့မမီတော့ဘူး။ ပေါင်ကို ထိသွားတာ။ ကျမ ပေါင်ထိသွားပြီလို့ အမေက အဖေ့ကို အော်ပြောတယ်။ သေတဲ့အထိ အဖေက ဖက်ထားသေးတယ်။ မရတော့ဘူးဆိုမှ အဖေက ရွာကိုပြေးပြန်သွားတယ်။ ကျနော်တို့လာကြည့်တဲ့အချိန် အမေက တဲမှာ တစ်ယောက်တည်း သေနေတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ရွာနှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲမဖြစ်ခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီတပ်က မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒီးမော့ဆို ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် လွိုင်ကော်လေဆိပ်အတွင်း ရှော့တိုက်ဒုံးတစ်လုံး ပေါက်ကွဲ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း၊ လေဆိပ်ပစ်ခတ်ခံရပြီး တစ်နာရီခန့်အကြာတွင် အရှေ့မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ ဒေါမူကလားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ဖြင့်ပစ်၍ ရွာသားနှစ်ဦး ဒဏ်ရာခဲ့ကြောင်း လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မူကြိုကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ငါးနှစ်သမီးတစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့သည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ခုခံတော်လှန်မှုအားကောင်းသည့် ရှမ်းပြည်နယ်တောင်ပိုင်းဖယ် ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့တွင် ပြည်သူ ၂၉၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး စစ်ဘေးရှောင်ရင်းသေဆုံးသူ ၁၂၆ ဦး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဇန်နဝါရီ ၁ ရက်နေ့ စာရင်းများအရ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။ myanmar now

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော် လွတ်မြောက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ စုစုပေါင်း အယောက် ၄၀ ကျော် အပါအဝင် အကျဉ်သား ၉၀ လောက်  ပြန်လွတ်လာတယ်လို့ ထားဝယ် နိုင်/ကျဥ်းဟောင်းတွေထံကနေ သိရပါတယ်။

၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသား အကျဥ်းသူ စုစုပေါင်း ၉၀ ခန့် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး ပါဝင်တာပါ။

အခုပြန်လွတ်လာတဲ့ နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) တခုတည်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြစ်ဒဏ်တဝက်လောက်  ကျခံခဲ့ပြီးသူတွေ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပါအဝင် တခြားအမှုတွေနဲ့ပါ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တခြား နိုင်/ကျဥ်းတချို့ကတော့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေတော့ မပါဘူးလို့ ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့သူတွေထဲမှာ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင် ကိုထူးမြတ်လွင်၊ 7 Day News သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်မြို့ မြို့တွင်းလမ်းက နေအိမ်တခုမှာ ဖမ်းဆီးခံခဲ့ရသူ ၈ ဦးလည်း ပါဝင်ပါတယ်။

ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသူတွေပါ။

ထားဝယ်ခရိုင်ထဲမှာ စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံခဲ့ရသူတွေနဲ့ စွပ်စွဲဖမ်း​ဆီးခံခဲ့ရသူဦးရေ ၆၅၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ စုစုပေါင်း နိုင်/ကျဥ်း အယောက် ၁၄၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထား ဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာခဲ့တဲ့အပြင် လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးချမှတ်ခံထားရသူ ၂ ဦးရှိပြီး တတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရတဲ့ ကိုရာဇာထွန်း ဖြစ်ပါတယ်။ DVB

အာဏာသိမ်းစစ်ကောင်စီက အကျဥ်းသား၊ အကျဥ်းသူ ၇,၀၀၀ ကျော်ကိုလွတ်ငြိမ်းခွင့်ပေး

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသား၊ အကျဥ်းသူ ၇,၀၁၂ ဦးကို လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် မြန်မာ့အသံသတင်းဌာနမှ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင်၊ လက်ရှိကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ဆက်လက်ကျခံပါမည်ဟူသောသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့ခြင်းဟု သိရသည်။

စစ်တပ်၏ ထုတ်ပြန်ချက်တွင် အဂတိပြစ်မှုများမှအပ အကျဥ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများကို ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းခွင့်ပြုသည်ဟု ရေးသားထားသည်။

လွတ်ငြိမ်းခွင့်စာရင်းတွင်ပါဝင်သော အမှုများမှာ ၂၀၂၃ ဇန်နဝါရီလ ၄ ရက်မတိုင်မီဖြစ်ပွားခဲ့သော လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော အက်ဥပဒေ ပုဒ်မ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် ယာယီပြင်ဆင်ချက် အက်ဥ ပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများဟူ၍ စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြန်လည်လွတ်ပေးမည့် စားရင်းထဲတွင် NLD အစိုးရလက်ထက် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုလည်း ပါဝင်ပြီး ယမန်နေ့ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

ထို့အပြင် NLD အစိုးရလက်ထက် ဝန်ကြီးအချို့လည်း ပါဝင်နိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေ သည်။

စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၃,၃၇၅ ဦး ရှိပြီး ၎င်းတို့အ နက်မှ ၁,၉၄၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။mizzima

လွတ်လပ်ရေးနေ့ သဝဏ်လွှာပို့သူ သုံးနိုင်ငံသာရှိအိန္ဒိယ၊ တရုတ်စသည့် အိမ်နီးချင်းနိုင်ငံများမပါ

ယနေ့ (ဇန်နဝါရီ ၄) တွင် အာဏာသိမ်းစစ်ကောင်စီထံ လွတ်လပ်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့သူ သုံးနိုင်ငံသာရှိပြီး ရုရှား၊ ကမ္ဘောဒီးယားနှင့် နီပေါနိုင်ငံတို့ဖြစ်သည်။ ထိုသုံးနိုင်ငံမှ ခေါင်းဆောင်များ က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အင်အားကြီး အိန္ဒိယနှင့် တရုတ်တို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများကပင် စစ်ကောင်စီထံ လွတ် လပ်ရေးနေ့ သဝဏ်လွှာပေးပို့ခြင်း မရှိသည်ကို တွေ့ရသည်။ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူခြင်းအပြင် သံတမန်အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီ ထံ ပြီးခဲ့သည့်နှစ် လွတ်လပ်ရေးနေ့တွင်လည်း နိုင်ငံအနည်းငယ်ကသာ သဝဏ်လွှာပေးပို့ခဲ့သည်။

နှစ်စဉ် လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း နိုင်ငံတကာအစိုးရများနှင့် အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့လေ့ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံပေါင်း ၁၂၅ နိုင်ငံရှိသည်။ myanmar now

ကနီမြို့အနီး စစ်ကောင်စီရိက္ခာတင်ရေယာဉ် ၂ စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ပန်းစိုင်း ကျေးရွာအနီး မုံရွာဘက်မှ အထက်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ ရိက္ခာတင်အမြန်ရေယာဉ် တစ်စီးနှင့် လုံခြုံရေးလိုက်ယူပေးနေသည့် စက်လှေ (speed boat) တစ်စီးကို ဇန်နဝါရီ ၃ ရက်နေ့ ည ၆ နာရီခွဲ အ ချိန် တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ နှစ်ဦးသေဆုံး ခဲ့ကြောင်း KLG PDF နာယက ဆရာတော်က ယခုလိုပြောသည်။

“ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ ဖလက်ရေယာဉ်တွေက မုဋ္ဌောကျေးရွာ အနီးမှာ သောင်တင်နေတာဖြစ်တယ်။ ကနီ နဲ့ကလည်း နီးတော့ ဆန်လို့ ရတဲ့ အမြန်ရေယာဉ်တစ်စီး နဲ့ ဒီဘက်က ရဲဘော်တွေရဲ့ အလစ်အငိုက်ကို ဆန်ကြည့်တာဖြစ်တယ်။ အာ့ဒီမှာ အသင့်စောင့်နေတဲ့ ဦးဇင်းတို့ ရဲ ဘော်တွေက စတင်ပြီး လက်နက်ကြီးငယ်တွေ နဲ့ တိုက်ခိုက်တယ်။ လုံခြုံရေးအဖြစ်လိုက်ပါလာတဲ့ စက်လှေကတော့ လွတ်သွားတယ်။ ထောက်ပို့အမြန်ယာဉ် ထဲမှာ လိုက်ပါလာတဲ့ စစ်သားတချို့က ရေထဲ ခုန်ဆင်းပြီး တစ်ဖက်ကမ်းကို ကူးသွားတာရှိတယ်။ အတည်ပြုလို့ ရတာကတော့ စစ်သား နှစ်ဦး အသေဆုံးရှိတယ်” ဟု KLG နာယက ဆရာတော်က မိန့်သည်။

ဆက်လက်ပြီးတော့ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် DRPA မှ ရဲဘော် ညိုမင်းကလည်း ယခုလို ပြောသည်။

“ကျွန်တော်တို့ထင်တာ မမှားဖူးဆိုရင် ဒီထောက်ပို့ရေယာဉ်တွေက အထက်ပိုင်းမှာ KIA နဲ့ စစ်ဆိုင်နေတဲ့ ဘက်ကိုသွားပို့မှာပါဗျ၊ သတင်းက တော့ ကြိုရလို့ တိုက်တာပါ။ ဒီပွဲက ညဘက်ဆိုတော့ ဒီနားမှာကလည်း သောင်ထွန်းနေတယ်လေ၊ သေချာလည်းမမြင်ရတော့ ရိက္ခာတင်ယာဉ်က သောင်ပေါ်တင်သွားတယ်၊ ရိက္ခာတင်ယာဉ်ဆိုပေမယ့် အဲ့ဒီပေါ်မှာလည်း လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦး၊ ခုနစ်ဦးလောက်တော့ပါမယ်ဗျ၊ လုံခြုံရေးလိုက်ယူပေးတဲ့ ရေယာဉ်ကလည်း အရှေ့ကဆက်သွားနေပေမယ့် ငါးဖျတ်ကိုကျော်တော့ သူလည်းသောင် တင်သွားတယ်။ ကျွန်တော်တို့ကံကောင်းတာပေါ့ဗျာ၊ ဟိုက အင်အား ၇၀ လောက်ပါတဲ့ ယာဉ်ကလည်းပြန်လှည့်လာလို့မရတော့၊ ကျွန်တော်တို့ဘက်က ထောက်ပို့ယာဉ်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ကြတယ်၊ ပစ်မှတ်သေဖြစ်သွားပြီဆိုတော့ ပစ်သမျှက စက်လှေကိုတိုက်ရိုက်ထိပြီး တော်တော်အထိနာကြတယ်” ဟု ရဲဘော်ညိုမင်းက ပြောသည်။

အဆိုပါ ထောက်ပို့ရေယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားရုပ်အလောင်းနှစ်ခုနှင့်အတူ ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀အိတ်၊ စားဆီပုံး တစ်ပုံး၊ စစ်သုံးကျောပိုးအိတ် သုံးလုံးနှင့် ကျည်ကာအင်္ကျီများ သိမ်းဆည်းရရှိခဲ့သည်ဟု ရဲဘော်ညိုမင်း၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Department of Information (DRPA) နှင့် ကျောက်လုံးကြီး pdf (KLG-PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သောင်တင်နေသော စစ်ကောင်စီအမြန်ယာဉ်မှာ ထိုနေရာတွင် ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း တပ်ပြန်မဆုတ်ဘဲ တပ်ဖြန့်ထားဆဲဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တော်လှန်ရေးရေချိန်လည်း မြင့်လာနေကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများဘက်ကလည်း စစ်ကောင်စီထက် စိတ်ဓာတ်ရေးရာသာလွန်မှုများရှိနေသည့်အတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ(လက်နက်အင်အား)ရှိနေဆဲဖြစ်ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့အချင်း ချင်း ပိုမိုချိတ်ဆက်ပြီး လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမည်ဟု DRPA တပ်ဖွဲ့မှ ပြည်သူများကို အသိ ပေးထားသည်။ mizzima

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အ ကျဉ်းသားပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေး

၇၅  နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသား ပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူမှုရေးအရ ငဲ့ညှာထောက်ထားတဲ့ အနေနဲ့လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်စေဖို့ ရှေးရှုတဲ့အနေနနဲလည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအ သီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ပေါင်း  ၇၀၁၂ ဦးကို စစ်ကောင်စီ ခေါင်းဆောင်က ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခု ကျခံဖို့နဲ့ ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံဖို့ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့လည်း  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင်  လူသတ်မှု၊ မုဒိမ်းမှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှု စတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့ ပြစ်မှုတွေနဲ့ ကျခံနေရသူတွေကိုလည်း ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ သက်သာခွင့် ပြုလိုက်တယ်လို့ သီးခြားထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့၊ အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်တွေမှာ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း နိုင်ငံတဝန်းက အကျဉ်းသား အကျဉ်းသူ ၅,၇၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား အ နည်းငယ်ပဲ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့မှာ အကျဉ်းသားလွှတ်မယ်ဆိုတဲ့ သတင်းကြောင့် လာရောက် စောင့်ဆိုင်းသူတွေဟာ ရန်ကုန်မြို့တွင်းကအပြင် ရန်ကုန်မြို့ အနီးဝန်းကျင် မြို့တွေကပါ ကားစီးလုံးငှားပြီး ဒီနေ့မနက်ပိုင်းကတည်းက လာရောက် စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။ DVB

« Older Entries