Monthly Archives: Jan 2023

မွန်ပြည်နယ်တွင် လွှတ်တော်ဥက္ကဋ္ဌ၏ သားဖြစ်သူ အပါအဝင် အကျဉ်းသား ၄၀၀ ကျော် ပြန်လွတ်

မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင် ၁၁ ခုက အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး၊ စုစုပေါင်း ၄၁၂ ဦး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့ သားဖြစ်သူ နိုင်ငံရေးအကျဉ်းသား ကိုသဲဟိန်းလည်း  ပြန်လည်လွတ်မြောက် လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“မနေ့က အိမ်ပြန်ရောက်တယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ လွတ်လာတာ၊ ကျန်းကျန်းမာမာပဲ” လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကိုသဲဟိန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် မေလ ၁၁ ရက်နေ့တုန်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် သြဂုတ်လမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချခဲ့ပါတယ်။

ကိုသဲဟိန်းရဲ့မိခင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့ နေအိမ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်သား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးရာမှာ မွန်ပြည်နယ်မှာတော့  အကျဉ်းသား စုစုပေါင်း ၄၁၂ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။DVB

KNU တပ်မဟာ ၆ နယ်မြေရှိ ဒေါင်းမင်းတပ် ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူထိခိုက်မှု မရှိ သော် လည်း စခန်းပျက်စီး၊ ပြည်သူများ ကူညီကြရန် အကူအညီတောင်း

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဒေါင်းမင်း တပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိ သော်လည်း စခန်းပျက်စီးသွားသဖြင့် ပြည်သူများ ကူညီကြရန် ဒေါင်းမင်းတပ်ဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒေါင်းမင်းတပ်ဖွဲ့တည်နေရာက တောင်ပိုင်းတိုင်းစစ်ဒေသ KNU တပ်မဟာ(၆) ကော့ကရိတ်စစ်ဂွင်ကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် ယခုမှ သတင်းထုတ်ပြန် ခြင်းဖြစ် ပြီး ​ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က အထိနာသဖြင့် လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ ကြောင်း၊ ထို့ကြောင့် ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“နေ့ရောညရော လက်နက်ကြီးနဲ့ ထင်ရာပစ်တယ်။ ပထမနေ့ ည ၁၁ နာရီ တစ်ကြိမ် ၊ ၁၂ နာရီမှာတစ်ကြိမ် သင်္ကန်းညီနောင်မှာရှိတဲ့ စစ်တပ်ကုန်းကနေ Missiles တွေနဲ့ပစ်တာမှာ စခန်းကို Missile နှစ်လုံး လက်နက်ကြီးသုံးလုံး စုစုပေါင်းငါးလုံးကျတယ်။ မနက် ၂ နာရီအထိ လက်နက် ကြီးနဲ့ပစ်တယ်။ ဒုတိယရက်မှာ ည ၁၂ နာရီကနေ မနက် ၂ နာရီအထိ လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကျဲ တယ်။ လေယာဉ်ပေါ်မှ စက်သေနတ်နဲ့ပါပစ် ခတ်တယ်။ လေယာဉ် ဗုံးကျဲချိန် တခေါက်နဲ့တခေါက်ကြား ၁ နာရီခြားတယ်။ ပေါင် ၅၀၀ ဗုံး (၄)လုံးကျဲ ချ တယ်။ လေယာဉ်ပေါ်က စက် သေနတ်နဲ့ပစ်တယ်။ သင်္ကန်းညီနောင်မှ တောက် လျှောက်လက်နက်ကြီး ပစ်ကူပေးတယ်။ စခန်းက အခိုင်အမာ ဆောက် ထားတဲ့ တဲနှစ်လုံးမှအပ အားလုံးပြိုပျက်သွားတယ်။ တပ်ဖွဲ့​ပိုင် ပစ္စည်း (၄)ပုံ(၁)ပုံစာလောက် ပျက်စီးဆုံးရှူံးတယ်။ လူထိခိုက်မှုမရှိ၊ အထိ အခိုက် မရှိ စခန်းကိုစွန့်ခွာရတယ်။ လတ်တလောတွင် နေရာပြောင်းရွှေ့၍ ယာယီ စခန်းချနေကြတယ်” ဟု ဒေါင်းမင်းတပ်ဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပစ္စည်းများထဲတွင် တပ်ဖွဲ့ အတွက် အရေးကြီးသော ဆက်သွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းများ အမြန် ဆုံး ဝယ်ယူဖို့လိုအပ်နေကြောင်း၊ ဒေါင်းမင်းတပ်ဖွဲ့ page ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/KingPeacockColumn?mibextid=LQQJ4d မှတစ်ဆင့် ပြည်သူများ ကူညီနိုင် ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ khit thit

ပုလဲမြို့ ကန်ဒေါင့်ရဲစခန်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေ ရဲစခန်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျားသစ်နက်အဖွဲ့က ထုတ်ပြန်သည်။

“ကန်ဒေါင့်စခန်းဟာ ပုလဲမြို့နယ်အတွင်းရှိ ပျူရွာများဖြစ်သည့် အင်ပင်ထီးရွာနှင့် ဇီးဖြူကုန်းရွာတွေကို အဓိကအထောက်အပံ့ပေးနေတဲ့ အသက်သွေးကြောဖြစ်တယ်” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည် သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီမှစတင်ကာ ညနေ ၆ နာရီအထိ တစ်နေ့လုံး နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်တွင် တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိ သူများလည်း ရှိနိုင်ကြောင်းဆိုသည်။

“ လက်နက်ကြီးတွေနဲ့လည်းပစ်တယ် ၊ စခန်းကို အနီးကပ်လည်း လက်နက်ငယ်တွေ နဲ့ တိုက်ခိုက်ခဲ့တယ်” ဟု သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ ထိခိုက်ဒဏ်ရာရသူကတော့ များနိုင်တယ်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက်လူနာတင်ယာဉ် ဝင်သွားတာ တွေ့တယ်” ဟုသခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် စခန်းအနီးဖြတ်သန်းလာသည့် ယာဉ်၊ ဆိုင်ကယ် တွေ့ရာမြင်ရာကို လိုက်လံပစ်ခတ်နေကြောင်းသိရသည်။

တိုက်ခိုက်မှုများကို ကျားသစ်နက်တပ်မတော် ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် (၁၅) တပ်ရင်း ၊ သခင်ဒေါင်းညို၊ ချင်းတွင်းတိုးနယား၊ နဂါးနီ အဖွဲ့ မုဆိုးလေး ၊ ရိုးမ ရာဇာ အဖွဲ့ တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

ကလော-ဟဲဟိုးလမ်းတွင် PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်တောင်ပိုင်း အမှတ်-၁၀၀၅ တပ်ရင်းက ရဲဘော်နှစ်ယောက် ရှမ်းပြည်နယ်တောင်ပိုင်း ကလော-ဟဲဟိုးလမ်းတနေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရကြောင်း အဆိုပါတပ်ရင်းက  ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရဲဘော်ဇော်ဇော်အောင်နဲ့ နောက်ထပ်ရဲဘော်တဦး ဖြစ်ပြီးတော့ အစာအိမ်ရောဂါကြောင့် ဆေးကုသဖို့  ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်က ကလောမြို့ကိုသွားစဉ် လမ်းခုလတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ အမှတ်-၁၀၀၅ တပ်ရင်းက ဆိုပါတယ်။

အခုလို ရဲဘော်နှစ်ယောက် ဖမ်းဆီးခံရတဲ့ကိစ္စမှာ စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေအပြင် တခြား လက်နက်ကိုင် အဖွဲ့အစည်းလည်း ပါဝင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁၀၀၅ တပ်ရင်း (ရှမ်းတောင်) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖမ်းတဲ့အထဲမှာ စကစအပြင် လက်နက်ကိုင်အဖွဲ့ပါ ပါနေတယ်လို့ ကြားတယ်။ အစ်ကိုတို့ကတော့ ဘုံရန်သူက စကစပဲလို့ သတ်မှတ်ပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို ရှောင်ခဲ့တယ်။ အခုကိစ္စကတော့ အစ်ကိုတို့ဘက်က သေချာစုံစမ်းနေတယ်။”

၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ YUG ရဲဘော် ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။DVB

မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အ စွန်းရောက်၊ အယောင်ဆောင် သ င်္ကန်း ဝတ်များ နှင့် အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းရန် စစ်တပ်၊ မဘ သ၊ အစွန်းရောက် အမျိုးသားရေးသမားများ၊ အယောင်ဆောင်သင်္ကန်းဝတ်များ၊ အစွန်းရောက် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအကြား ဟန် ချက် ညီညီ လုပ်ဆောင် အာဏာသိမ်းခဲ့ကြောင်း ၎င်းတို့လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လေ့လာမှု စစ်တမ်းများအရ သိရှိရသည်။

စစ်တပ်နှင့် မဘသ အဖွဲ့အစည်း၊ အမျိုးသားရေးအစွန်းရောက်များ၏ ဆက်စပ် ပတ်သက်မှုများကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး နောက် ပိုင်းကာလများအတွင်း ပိုမိုတွေ့ရှိခဲ့ရပြီး ၂၀၂၀ ဒီဇင်ဘာ ၂၃ရက်နေ့တွင် မင်းအောင် လှိုင်က မဘသ ဥက္ကဋ္ဌ တိလောကဘိဝံသ ၏ ကျောင်းတိုက်သို့ သွား ရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး အလှူငွေ သိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အမျိုးသားရေး အဖွဲ့အစည်းများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည် ပြုခဲ့သည့် သတင်းအချက်အလက်များအရ “မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ တိုင်းပြည်အာဏာအား သိမ်းယူရန် စီစဉ်နေကြောင်းနှင့် အာဏာသိမ်းယူရေးအစီအစဉ်များအား မဘသ ဥက္ကဌဟောင်း တိလောက ဘိဝံသ နှင့် မဘသ ဒုဥက္ကဌဟောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့က ကြိုတင်သိရှိခဲ့ကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထို့အတူ စစ်တပ်မှ အာဏာသိမ်းမည့် အကြောင်းအရာအား အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများမှလည်း ကြိုတင် သိရှိခဲ့ကြသည်။

အဆိုပါ ရက်ပိုင်းများတွင် အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ရွေးကောက် ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ၊ တပ်မတော်ကို ထောက်ခံ ကြောင်း ဆန္ဒပြပွဲများစွာအား ပြုလုပ်ခဲ့ကြသည်။

ထိုသို့ အမျိုးသားရေးအစွန်းရောက်များ၏ ဆန္ဒပြမှုဖြစ်စဥ်များအား အသုံးပြု ကာ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို မင်းအောင်လှိုင် ထံလွဲပြောင်းကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မြန်မာစစ်တပ်မှတိုက်ရိုက်ခန့်အပ်သည့် ဒုသမ္မတ ဦးမြင့်ဆွေ၏ လက်မှတ်ဖြင့် အမိန့်အမှတ်(၁/၂၀၂၁)အား ထုတ်ပြန်ခဲ့သည်။

ထို့ကာလများတွင် စစ်တပ်ဝါဒဖြန့်ချီရေးမီဒီယာတခုဖြစ်သည့် မြဝတီ သတင်းစာ မှလည်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း” ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုများအား အဓိက ဦးဆောင်သူများ နှင့် ပါဝင် ပတ်သက်ဝန်းရံခဲ့ကြသူများမှာ အမျိုးသားရေးအစွန်းရောက်များ သာဖြစ် ကြသည်။

အဓိက ဦးဆောင်သူများနှင့် ပါဝင်ခဲ့ကြသူများမှာ မိုက်ကယ်ကျော်မြင့် ၊ တင့် လွင် ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ကျောက်ခဲ ၊ မင်းမင်း (MNO အတွင်း‌ရေးမှူး) ၊ ဝင်းကို ကိုလတ် ၊ ဦးပါမောက္ခ(မကွေးကျောင် းတိုက်)၊ ဝီရတေဇော၊ ကန်ညီနောင် ကြာတပွင့်ဆရာတော်၊ ဦးတေဇဝန္ဒ ၊ ဦးဇနိယ ၊ ဦးတေဇောဘာသ ၊ဦးပညာဝံသ ၊ အဂ္ဂဓဇ (တောင်သာလေး ဆရာတော်)၊ ဝင်းမော်(ရွှေသံစဉ်) ၊ လမ်းမတော် မုတ်ဆိတ် ၊ တင်မောင်စန်း ၊ သက်မျိုးဦး ၊ ကျော်မျိုးသက်၊ တင်လင်းထိုက်၊ ကျော်မျိုးဆွေ၊ စောကြယ်ဖြူ၊ သီဟဇော်၊ အေးလေး(မေဘရဏီ)၊ ဇော်ဝင်း (ဥက္ကလာပမင်းကြီး) စသူတို့ဖြစ်ကြပြီး ၊ အမျိုးသားရေးအစွန်းရောက် အဖွဲ့ အစည်းများဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၊ သာသန အကျိုးပြု အင်အားစုကွန်ရက်၊ မျိုးစောင့်လူငယ်ကွန်ရက်၊ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအဖွဲ့အစည်း (MNO) ၊ အမျိုးသားလုံခြုံရေးလူမှုကွန်ရက်-ဗဟို (NSS) ၊ တပ်မတော် ချစ်မြတ်နိုး သူများအဖွဲ့၊ နယ်စည်းမခြားအမျိုးသားရေးညီနောင်များအင်အားစု၊ ဧရာဝတီ အမျိုးသားညွန့်ပေါင်း အဖွဲ့ ၊ မြန်မာနိုင်ငံရေးကွန်ရက် ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် နှင့် ပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မား တိုးတက်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ အမျိုး သား ဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့ဖြစ်ကြောင်း လေ့လာမှုများအရ သိရှိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမောင်မြင့်က အမျိုး သား ရေးအစွန်းရောက်များအတွက် ပေးအပ်ထားသည့် ရန်ကုန်မြို့ ၊ ၁၅၄ လမ်းတွင်ဖွင့်လှစ်ထားသည့် မျိုးချစ်တို့ဆုံရပ်အမည်ရှိ တိုက်ခန်းတွင် လည်း ကောင်း ၊ ဗဟန်းကြားတောရရှိ ဦးသာသနကျောင်း (မျိုးချစ် ရဟန်းတော် များသမဂ္ဂ-ရန်ကုန် အခြေစိုက်သည့်ကျောင်း) တွင်လည်းကောင်း အဓိက စုရုံးခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ပုံသဏ္ဉာန်မျိုးစုံဖြင့် အဖွဲ့သစ်များစွာ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ထိုအဖွဲ့များမှာ ရပ်ထဲရွာထဲသတင်းပေးအဖွဲ့အစည်းမှသည် လက်နက် ကိုင်ဆောင်သည့် သွေးသောက်၊ ပျူစောထီး ၊ ပြည်သူ့စစ်အဖွဲ့အထိ ပုံစံမျိုးစုံ ဖြင့် ဖွဲ့စည်းခဲ့ကြသည်။

ဖွဲ့စည်းရာတွင်လည်း ယခင်ရှိနှင့်နေပြီးသား အဖွဲ့အစည်းအမည်များအား အသုံးမပြုပဲ အမည်သစ်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ ထိုသို့ပြု လုပ်ရခြင်းမှာ စစ်ကောင်စီနှင့် ပတ်သတ်၍ ပေါ်ပေါ်ထင်ထင် ထောက်ခံလိုခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်နေသည့် ပြည်သူလူထုအား အကြမ်းဖက် နည်း လမ်းများ အသုံးပြုကာ တုံ့ပြန့် ဆောင်ရွက်လိုခြင်းတို့ကြောင့် ဖြစ်သည်။

ထိုမှသာ ၎င်းတို့၏ အတိတ်တွင် ပြုလုပ်ခဲ့သည့် အစွန်းရောက် အမျိုးသားရေး လုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများနှင့် ၎င်းတို့လက်ရှိလုပ်ဆောင်နေသည့် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ရေးလုပ်ငန်းတို့အား ပြည်သူလူထုအနေဖြင့် ချိတ်ဆက်သက်သေပြသဖို့အတွက် ခက်ခဲသွားစေရန် ရည်ရွယ်ပုံရသည်။

၉၆၉ လှုပ်ရှားမှုများနှင့် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများ အားကောင်း ခဲ့သည့် အချိန်ကာလများဖြစ်သည့် ၂၀၁၃/၂၀၁၄/၂၀၁၅ ကာလများတွင် မြို့ကြီး များရှိ ဗုဒ္ဓဘာသာဝင်ရဟန်းများသည် ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် သာသနာပြု ကြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အခြားလူနည်းစုဘာသာဝင် များရှိရာ ကျေးရွာများသို့ သွားရောက် ကာ ဘာသာရေးအရ ၊ ဓမ္မစက်အရ လွှမ်းမိုးမှုများ ကို ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ကန့်ဘလူမြို့နယ် မှော်တောကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်ရှိ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ) တက်ခေတ် ဗန်းမော် နှင့် ကန့်ဘလူမြို့နယ်၊ တောက်ကရှပ်ရွာ ဆရာတော် ဦးပညာသာမိ တို့သည် စစ်ကိုင်းတိုင်း ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည် စသည့် မြို့နယ် များ တွင် ပြည်သူ့စစ်အမည်ခံပျုစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်း နေသူများ ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများမှ ပြည်သူ့စစ်များအဖြစ် ဖွဲ့စည်း လျက် ရှိသည့် ကျေးရွာများနှင့် နီးစပ်ရာ ကျေးရွာအများစုသည် အမျိုးသားရေး အစွန်းရောက်အဖွဲ့အစည်းဖြစ်သော မ.ဘ.သ အဖွဲ့ဝင်ဘုန်းကြီးများ ရောက် ရှိနေကြသည့် ကျေးရွာများ ဖြစ်သည်ကို တွေ့ရှိရသည်။

အဆိုပါ ပြည်သူ့စစ်များ ဖွဲ့စည်းခြင်းသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးတွဲစစ်ကြောင်းများ ကချင် ပြည်နယ်မှ စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်လာသည့် စစ်ဆင်ရေး စစ်ကြောင်း များကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ပြည်သူ့စစ်များ ဖွဲ့စည်းရာတွင် စည်းရုံးပြောဆိုမှုများသည် အစွန်းရောက် မ.ဘ.သ ဘုန်းတော်ကြီးများဖြစ်သည့်အားလျော်စွာ စစ်ကောင်စီက ဘာသာ သာသနာကို ကာကွယ်နေကြောင်း၊ ခရစ်ယာန်ဘာသာဝင်များဖြစ်သည့် (KIA) သည် PDF များအား ဗုဒ္ဓဘာသာအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက် ခိုက်ကြရန် စေခိုင်းမှုများရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူစစ်များသည် ဗုဒ္ဓဘာသာကို မပျောက်ကွယ်သွားရန် ကာကွယ်နေကြသည့် “ဗုဒ္ဓ၏ စစ် သည်တော်” များ ဖြစ်ကြောင်း နိုင်ငံရေးအရ ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခ များကို ဘာသာရေးအား ခုတုံးလုပ်ကာ စည်းရုံးပြောဆိုခဲ့ မှုများ အား တွေ့ရှိခဲ့ရသည်။

မ.ဘ.သ အဖွဲ့ဝင် ဘုန်းကြီးများ ဖြစ်ကြသည့် ဝီရသူ ၊ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ)တက်ခေတ်ဗန်းမော်နှင့် ဦးပညာသာမိတို့ တို့ ဦးဆောင်နေသည့် ပြည်သူ့စစ်များ ကိုင်ဆောင်ထားသည့် လက်နက်များ သည့် အလိုအလျောက် မိုးပေါ်မှ ကျလာခြင်းမဟုတ်ဘဲ စစ်ကောင်စီမှ မ.ဘ.သ ဘုန်းကြီးများအား လက်နက်နှင့် ရိက္ခာ ထောက်ပံ့နေကြောင်း ထင်ရှားသည့် သက်သေ (၅)ခု တွေ့ရှိရသည်။

၎င်းတို့မှာ

၁ – ၂၀၂၂ခုနှစ် ဇူလိုင်၂၈ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အနောက် မြောက်တိုင်း စစ်ဌာနချုပ် မှ ကန့်ဘလူမြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှ မြို့နယ် မြို့/ကျေးရွာအသီးသီး မှ ပြည်သူ့စစ် အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ် ပြု ချီးမြှင့်ငွေ ငွေကျပ်သိန်း ၃ထောင်ကျော် ပေးအပ်ပွဲ အခမ်းအနားကို ကန့်ဘ လူ မြို့ပေါ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဦးဝါသဝ ဦးဆောင်တက်ရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင် စီအကြီးအကဲများ၊ အနောက်မြောက်တိုင်းတိုင်းမှူးနဲ့ စစ်ဌာချုပ်အား ဆုတောင်းမေတ္တာပို့ပေးခဲ့သည်။

၂ – ၂၀၂၂ခုနစ် အောက်တိုဘာလ ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှမြို့နယ်ရှိ ဦးဝါသဝ ဦးဆောာင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့်ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်း အနားကို ကန့်ဘလူမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

၃ – ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် လက်နက်များရရှိရန် စစ်ကောင်စီ အရာရှိ အဆင့်ဆင့်နှင့် ကြားဝင်စေ့စပ်ပေးခဲ့သူမှာ Myanmar Nation Post အယ်ဒီ တာ ချုပ် နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ဖြစ်ကြောင်း ၎င်း၏ “ကန့်ဘလူ မြို့နယ်က ဒုတိယမြိုင်ကြီးငူဆရာတော်” ဆိုသည့် ဆောင်းပါးတွင် အတိ အလင်း ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် ၅၅၀ ဆရာတော်(ခ) ဦးဝါသဝသည် ဘာသာသာသနာအတွက် အနီအစိမ်းမရွေးပဲ အသက်စွန့် ဆောင်ရွက်နေ ကြောင်း၊ အလွန်အမင်းအမွှန်းတင် ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။

၄ – အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ လျှို့ဝှက်အစီရင်ခံစာမှာလည်း စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက် နက် ပေါင်း အလက် (၂၀၈၀) တပ်ဆင်ထားကြောင်း ဖော်ပြခဲ့သည်။

၅- ဝီရသူသည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း အပါအဝင် နယ်များသို့ လှည့်လည်ပြီး ပျူစောထီး(ခ) ပြည်သူ့စစ်ဖွဲ့စည်းရေး များကို အင်တိုက် အား တိုက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းအောင်လှိုင် ကိုယ် တိုင်က သီရီပျံချီဘွဲ့ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိ ပျူစောထီး (ခ) ပြည်သူ့စစ်များအား ဖန်တီးဖွဲ့စည်း၍ ဦးဆောင် နေကြ သည့် မ.ဘ.သ ဘုန်းကြီးများ၏ အကြောင်းကိုလည်း တဦးချင်းအလိုက် အကျဉ်းချုံး ဖော်ပြလိုက်သည်။

ဝီရသူ

=====

ယခင်ကတည်းက အစွန်းရောက် ဗုဒ္ဓဘာသာ အယူဝါဒနှင့် အမျိုးသားရေး ဝါဒကို လက်ကိုင်ထားသူဖြစ်သည်။

ဝီရသူသည် မန္တလေးတိုင်း၊ ကျောက်ဆည်ဇာတိဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ယခင်ကတည်းက အစွန်းရောင် ဗုဒ္ဓဘာသာ အယူဝါဒများကို ရေးသားပြီး ၂၀၀၁ ခုနှစ်တွင် ၉၆၉ လှုပ်ရှားမှု တွင် ပါဝင် ခဲ့သည်။ ဘာသာရေး အစွန်းရောက် ဟောပြောမှုများကြောင့် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်တွင် သန်းရွှေစစ်အစိုးရက ထောင် ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွတ်မြောက် လာခဲ့သည်။

သိန်းစိန်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲအနိုင်ရရေး မဘသ အဖွဲ့ ဖွဲ့စည်း ခြင်း အပါအဝင် ဘာသာခြား တို့နှင့် မဆက်ဆံရေး၊ အစ္စလာမ် ဘာသာဝင် တို့ကိုဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှု ကို တစ်နိုင်ငံလုံး ပျံ့နှံ့အောင် လုပ် ဆောင်ခဲ့သည်။ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို ဝီရသူက ဦးဆောင်ခဲ့သည်။

NLD အစိုးရလက်ထက်တွင် စစ်ထောက်ခံရေး အမြဲလှုပ်ရှားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားသဖြင့် ပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ်တွင် လာရောက် အဖမ်းခံခဲ့သည်။

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြန်လည် လွတ်မြောက်ကာ သီရီပျံ ချီဘွဲ့ ချီးမြှင့်ခံရသည်။ လက်ရှိအချိန်အထိ နယ်ဒေသများတွင် ပျူစောထီးများ ဖွဲ့စည်းရေး ဦးဆောင် လျက်ရှိရာ မဘသ၊ အမျိုးသားရေးအစွန်းရောက် ဝန်းရံ ခြံရံမှုဖြင့် သွားလာနေသည်။

ဝါသဝ

=====

၅၅၀ ဆရာတော် (ခ) ဦးဝါသဝ၏ ဇာတိမှာ တန့်ဆည် မြို့နယ်၊ မူးခွကျေးရွာ ဖြစ်သည်။ ကန့်ဘလူ မြို့နယ် မှော်တောကျေးရွာသည် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၈၀၀/၉၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာဝင်အိမ်ခြေ ၅၀ ကျော်ရှိသည့် ရွာတရွာ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနစ်တွင် ဘာသာခြားများ များပြားနေခြင်းကြောင့် လာရောက် ကျောင်းထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝါသဝမှ Myanmar National Post နှင့် အင်တာ ဗျူးတွင် ဖြေဆိုခဲ့သည်။

အမျိုးသားရေးအစွန်းရောက်များဖြစ်သော Myanmar Nation Post အယ်ဒီ တာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ၊ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုကျော်ငြိမ်းမိုး(ခ) ကိုချိုကြီး ၊ ကိုရီးယားနိုင်ငံနေ ကိုချိုကြီး၏ နောက်မိန်းမ ခင်ချိုချိုဝင်း (ခ) ဖွေးစိန် တို့ ဦးဝါသဝရှိရာသို့ သွားရောက်ခဲ့ပြီး မှတ်တမ်းဗီဒီယို များကို ပြန်လည်ထုတ်လွှင့်ရာတွင် လည်း အများပြည်သူများအကြား ကျယ် ကျယ် ပြန့်ပြန့် ပြန့်နှံ့ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးများမှ စစ်ကိုင်းဒေသအား ထိန်းချုပ် ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) များအား သုတ်သင်နိုင် နေကြောင်း ရေးသားပြောဆိုမှုများ တွေ့ရှိရပါသည်။

ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များအား ဦးဆောင်နေသူ ဦးဝါသဝမှ ၎င်းအနေ နဲ့ ထိုကဲ့သို့ ပြည်သူ့စစ်များ ဖွဲ့စည်းနေခြင်းသည် ကိုယ့်ရပ်ကိုယ့်ရွာ အား ကာကွယ်နေခြင်းဖြစ်ကြောင်း ၊ မည်သူမဆို လာရောက် ခိုလှုံနေထိုင်နိုင် ကြောင်း အမြဲတစေပြောလေ့ရှိသည်။

သို့သော်လည်း ဦးဝါသဝဆီသို့ သွား ရောက်ခဲ့သည့် Myanmar Nation Post တာဝန်ခံ အယ်ဒီတာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး မှ ခရီးစဥ်နှင့် ပတ်သက် ၍ ပြန်လည်ရေးသားထားသည့် “ပြည်သူ့စစ်နှင့် PDF” အမည်ဖြင့် ဆောင်းပါး တခုတွင် “ဒေသခံတွေနဲ့ တွေ့ဆုံစကား ပြောခွင့်ရတဲ့အချိန်မှာ ရွာထဲရပ်ထဲ အေးအေးဆေးဆေးမနေဘဲ အကြမ်းဖက်အားပေး လုပ်နေသူတွေကိုတော့ “မူးရေ ချိုးပေးရတာလည်းရှိတယ်”လို့ သိရပါတယ်”ဟု ရေးသား ဖော်ပြ ထား သည်။ “မူးရေချိုး ပေးခြင်း” ဆိုသည့် အဓိပ္ပါယ်မှာ ဖမ်းဆီး သတ်ဖြတ်ပြီး သည့် အခါ အလုပ်အရူပ်မခံပဲ မူးမြစ်ထဲ မျောချပစ်ချလိုက်ခြင်းကို ဆိုလိုပါသည်။

ပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်

===================

ပြည်သူ့စစ်များအား ဦးဆောင်နေသူများအထဲမှ တဦးဖြစ်သည့် ဦးပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်သည် ဦးဝီရသူ ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ ဂတို့နှင့် နီးစပ်မှုများစွာရှိသူတဦးဖြစ်ပြီး အမျိုးသားရေးသမားများ မှ ဦးဆောင် ပြုလုပ်သည့် ၂၀၀၈အခြေခံဥပဒေထောက်ခံပွဲများ၊ ပုဒ်မ၅၉(စ)ကာကွယ် စောင့်ရှောက်ပွဲ စသည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်ဖူးသူတဦးဖြစ်သည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်သားများအား လှူဒါန်းခြင်း နှင့် အာဏာ သိမ်းမှုအား ထောက်ခံကြောင်း ရေးသားမှုများစွာ ပြုလုပ်ခဲ့သူဖြစ်သည်။

ဝီရရာဇာ(ခ)ဦးသုဇန

============

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့်မန္တလေး ၊ တမ္ပဝတီ ရပ်၊ တောင်ဆင်းတဲတိုက်၊ ရတနာအောင်ကျာင်းမှ ဆရာတော် ဦးဝီရရာဇာသည် ပျူစောထီး စစ်သင်တန်းဆင်းပွဲအခမ်းနားသို့ သေနတ်လွယ်၍ တက်ရောက် ခဲ့ သည့် သံဃာတော်များထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ မန္တလေးတိုင်း မဘသ အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပြီး ဦးဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး ဘာသာခြားမုန်းတီးစိတ် ပြင်းထန်သည့် ဆရာတော်ဖြစ်သည်။

ပေါက်ကိုယ်တော်

==========

ပေါက်ကိုယ်တော်သည် ၂၀၁၈ ခုနှစ်တွင် NLD အစိုးရ ဖြုတ်ကျရေးအတွက် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်သည်။

ဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ် နှင့် ရဲဝန်ထမ်းများ ကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် မကွေးတိုင်း ၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးနှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ လူမှုကွန် ရက် စာမျက်နှာတွင် PDF အဖွဲ့ဝင်များကို အကြမ်းဖက်သမားများဟူ၍ အမြဲတစေ ရေးသားဖော်ပြလေ့ရှိသည်။

ထိုသို့ စစ်ကိုင်း၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့်ဆည်မှာ အခြေစိုက်နေကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဆောင်သည့် ပြည်သူ့စစ်များဖွဲ့စည်းခြင်းကို စစ်ကောင်စီဘက်က အလွန်အမင်းသဘောကျနှစ်ခြိုက်ပုံရပြီး ၊ လက်နက် ကိုင်အချင်းချင်း တိုက်ခိုက်ရမည့် တိုက်ပွဲများအား ထေရဝါဒဗုဒ္ဓဘာသာ၏ အမှတ် အသားဖြစ်သည့် သင်္ကန်းအား ခုတုံးလုပ် အသုံးချကာ ၎င်းတို့၏ နိုင်ငံရေး ၊ စစ်ရေး၊ အုပ်ချုပ်ရေးအရ ထိန်းချုပ်ရခက်ခဲသည့် ဒေသများတွင် ထွက်ပေါက်ဖြစ်လာအောင် ဖန်တီးလျက်ရှိသည်။

ထို့ကြောင့်လည်း (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အဖြစ် စစ်ကောင်စီ က ဂုဏ်ပြုဆုတွေ ချီးမြှင့်တဲ့အထဲမှာ တောင်ကလေးဆရာတော် နဲ့ ဦးဝီရသူ တို့လို လူမျိုးကို သီရိပျံချီဘွဲ့ ၊ ငါးရာငါးဆယ် ဆရာတော်ဦးဝါသဝ ကို လူမှုထူးချွန် ပထမဆု ချီးမြှင့်ခဲ့ပါသည်ဟု ယူဆစရာရှိပါ သည်။ နောင်တွင် အလျဉ်းသင့် သလို စစ်ကောင်စီက ၎င်းတို့၏ အာဏာသိမ်းရန် ကြိုး ပမ်းနေ မှုများ ချောမွေ့စေရန် မ.ဘ.သ အမျိုးသားရေးအစွန်းရောက် များကို အသုံးပြု နေမှုများကို ဆက်လက် ဖော်ထုတ်မည်ဖြစ်သည်။khit thit

မြိတ်အကျဉ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာမင်းထက်ပိုင် ထောင်ဘူး၀ တွင် ပြန်လည်အဖမ်းခံရ

မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၈၀ ကျော်လွတ်ပေးခဲ့သည့်အနက် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သည့် ဒေါက်တာမင်းထက်ပိုင်ကို အခြားအမှုကပ်ပြီး ထောင်ဘူး၀အရှေ့တွင် ပြန် လည်ဖမ်းဆီးသွားကြောင်း လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထံမှ သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက“ထောင်ဘူး၀အရှေ့ရောက်ပြီးမှ အခြား အမှုနဲ့ပြန်ကပ်ခံရသူက ဒေါက်တာမင်းထက်ပိုင်ပါ။ သူက ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်သုံးနှစ် ချခံထားရသူ ဖြစ်ပါတယ်”ဟု ပြောသည်။

ဒေါက်တာ မင်းထက်ပိုင်သည် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်ကာ Facebook လူမှု ကွန်ရက်ပေါ်တွင် မ ဟုတ်မမှန်ရေးသား၍ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် စည်းရုံးလှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်း ကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတား၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရသူတစ်ဦး ဖြစ် သည်။

ဇန်နဝါရီလ ၄ ရက်နေ့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံအဝှမ်းမှ အကျဥ်းသား၊ အကျဥ်းသူ ၇,၀၁၂ ဦးအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါက်တာမင်းထက်ပိုင်အား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ပြန်လည်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရ သည်။

မြိတ်အကျဉ်းထောင်တွင် ယမန်နေ့က အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၈၂ ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအ ကျဉ်းသား ၂၀ ခန့်သာပါဝင်ကြောင်း လွတ်မြောက်လာသူများ၏ခန့်မှန်း ပြောဆိုချက်အရ သိရသည်။mizzima

အေအေနှင့် စစ်ကောင်စီ စစ်သုံ့ပန်းလဲ၊ လွတ် လပ်ရေးနေ့ ပြန်လွှတ်ပေးသည့်အထဲ ရခိုင်နိုင်ငံရေးအကျဉ်းသား တဦးမျှမပါ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ် အကြား ဇန်နဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်ခဲ့တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေဆီက သိရပါတယ်။

“အခု ဒုတိယအကြိမ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနဲ့ ကွမ်းတောင်ကြားမှာ နှစ်ဖက်တပ်အင်အား ၂၀ ခန့်စီ တွေ့ဆုံပြီး လဲလှယ်ခဲ့ကြတယ်လို့ သိရတယ်ဗျ။ တဖက်က စစ်သုံ့ပန်း ဘယ်လောက်စီ လဲလှယ်ခဲ့ကြလဲတော့ အတိအကျ မသိရသေးဘူး။ နှစ်ဖက်လုံးက ထုတ်ပြန်လာမှာပါ။ အေအေဘက်က ဗိုလ်အဆင့်တဦးပါတယ်လို့တော့ သိရတယ်” လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အေအေနဲ့ စစ်ကောင်စီတို့ ပထမအကြိမ် စစ်သုံ့ပန်းလဲလှယ်မှုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာနဲ့ ဒီပါရုံကျေးရွာကြားမှာ ပြုလုပ်ခဲ့ပြီး စစ်သားနဲ့ ရဲ သုံ့ပန်း ၁၅ ဦးကို လွှတ်ပေးခဲ့ကြောင်း အေအေဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်လိုက်ပြီးနောက် မတရားအသင်းဆက်သွယ်မှု ၁၇ (၁)/(၂) နဲ့ အမှုဖွင့်ခံထားရသူ ဒေသခံတချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တခြားမြို့နယ်တွေမှာတော့ တရားစွဲတင် ထောင်ချတာတွေ ရှိနေတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကစားနေတာဗျ။ အေအေကို ထောက်ပံ့တယ်၊ ဆက်သွယ်တယ်ဆိုပြီး ဖမ်းထားတဲ့သူတချို့ကို ဒေသတချို့မှာ လွှတ်ပေးမှုပြထားတယ်။ နောက်ဒေသတချို့မှာ တရားစွဲတင်ပြီး ထောင်ချနေတယ်။ လွတ်ငြိမ်းချမ်းသာမှာလည်း အေအေနဲ့ပတ်သက်တဲ့သူ တယောက်မှမလွတ်ဘူး။ ဖမ်းဝရမ်းထုတ်ထားတာတွေကြောင့် ထွက်ပြေးနေကြရတာ တွေတောင် ရှိနေတယ်။”

ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အ ကျဉ်းသူ၊ အကျဉ်းသား ၇,၀၁၂ ဦးထဲ ရခိုင်က အကျဥ်းသား ၃၀၇ ဦး လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား တဦးမှမပါဝင်ဘူးလို့ သိရပါတယ်။

ရခိုင်လူ့အခွင့်အ​ရေးမြှင့်တင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းအသင်းမှ ဦးမြတ်ထွန်းက “အခု ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အ ထိမ်းအမှတ်မှာ ရခိုင်အကျဥ်းထောင် ၄ ခုက ၃၀၇ ဦး လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားတဦးမှ ပါမလာဘူးဗျ။ ရခိုင်ပြည်နယ်မှာ ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၆၀ ဦးအထိ ရှိနေ​တယ်။ PDF နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ထောင်ကျနေတာ ၂၅ ဦးထိရှိတယ်။ ချင်းပြည်နယ်၊ ပလက်ဝက ၂၄ ဦးနဲ့ ​မြောက်ဦးက ကဗျာဆရာတဦး ပါတယ်။ ကျန်တာတွေက အေအေနဲ့ ပတ်သက်ပြီး ထောင်ကျနေကြတာ” လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင် အကျဥ်းထောင်တွေက လွတ်ရက်စေ့ခါနီး အကျဉ်းသား စုစုပေါင်း ၃၀၇ ဦး  ပြန်လွှတ်ပေးခဲ့ရာမှာ တပ်ပြေး၊ ရဲပြေး၊ ခိုးမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှု၊ လောင်းကစားမှုနဲ့ လ.ဝ.က ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားသူတွေသာ ပါတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအသင်းက သိရပါတယ်။

အဲဒီလိုလွှတ်ပေးရာမှာ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ ဆက်သွယ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ ရခိုင်ပြည်နယ်အ တွင်း PDF အဖြစ် စွပ်စွဲခံရပြီး ထောင်ချခံထားရသူ အယောက် ၆၀ ထဲက တဦးတယောက်မှ မပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုက် အဝန်းက သိရပါတယ်။

မြောက်ဦးမြို့မှ PDF လို့ စွပ်စွဲခံရပြီး စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားခဲ့ရတဲ့ ကဗျာဆရာ ကိုအောင်နိုင့်မြင့် (ခ) မင်းဒီပါရဲ့ အမဖြစ်သူ မနန်းစိုးက “လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျမမောင်လေး ပါမလားဆိုပြီး မျှော်လင့်ချက်နဲ့ လာရောက်စောင့်မျှော်နေတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်တွေ တခါလာလည်း လွတ်လာမလား ဆိုပြီး မျှော်နေရတာပါ။ စစ်ကောင်စီက သူတို့နာမည်ရရှိဖို့ ဟန်ပြလုပ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်သာ ဖြစ်တယ်။ အမဖြစ်သူအနေနဲ့ လွတ်လာတဲ့ မိသားစုတွေကိုကြည့်ပြီး ဝမ်းနည်းနေရပါတယ်။ ကျမတို့မှာတော့ မျက်ရည်နဲ့မျက်ခွက်ပါ” လို့ ပြောပါတယ်။

ကဗျာဆရာ အောင်နိုင်မြင့် (ခ) မင်းဒီပါကို ၂၀၂၂ ခုနှစ် ဧပြီလက ပုဒ်မ ၅၀(ည) နဲ့  ထောင်ဒဏ်ချမှတ်ခဲ့တဲ့နေ့ကစပြီး ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်တွေအကျဥ်းထောင်မှ ၄၈ ဦး၊ ကျောက်ဖြူအကျဥ်းထောင်မှ ၂၄ ဦး၊ သံတွဲအကျဥ်းထောင်မှ ၂၀၆ ဦး၊ ဘူးသီးတောင်အကျဥ်းထောင်မှ ၂၉ ဦး၊ စုစုပေါင်း ၃၀၇ ဦး လွှတ်ပေးကြောင်း ပြည်နယ်အကျဥ်းဦးစီးဌာန တရားဝင်စာရင်းတေွအရ သိရပါတယ်။DVB

ဆားလင်းကြီးမြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်း ကို ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ တိုက်ခိုက်ခံရကြီး စစ်သား ၁ ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်ကိုင်း တိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အချိန် ကင်းလှည့်နေသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများနှင့် ရဲများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက် ကြောင်း အညာဒေါင်း People Defense Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဆားလင်းကြီးမြို့၊ အိမ်တွင်းအသက်မွေးမှုသင်တန်းကျောင်းအနီးသို့ အင်အား ၃၀ ခန့်ဖြင့် ကင်းလှည့် လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ၏ အခြေအနေကို သွားရောက် ထပ်မံ စုံစမ်းထောက်လှမ်းစဉ် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

“အင်အား ၃၀ လောက်နဲ့ကင်းလှည့်လာတဲ့အချိန် ခွေးတွေလှုပ်ရှားမှုကို အနီး ကပ် သွားကြည့်ရင်း လက် နက်ငယ်နဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာ၊ တိုက်ပွဲ ကတော့ နာရီဝက်လောက်ပဲကြာတယ်၊ စစ်ခွေးတွေ ထိခိုက် သေဆုံး မှုတော့ မသိရသေးဘူး။” ဟု အညာဒေါင်း PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အညာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယင်းမာပင် ခရိုင် အမှတ် ၁၀ တပ်ရင်း (ဒေါင်းနက်-နယ်စည်းမခြားပြောက် ကျားတပ်ဖွဲ့)၊ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း S.R.Aတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံ ရပြီး ကားပေါ်မှ စစ်သားတစ်ဦးပြုတ်ကျကာ သေဆုံးခဲ့ကြောင်းKyaikhto-Information-Teamက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် မုပ္ပလင်ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာ သော အကြမ်းဖက်စစ်ကောင်စီကား ၄ စီးကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပြုတ်ကျသေ ဆုံးပြီး ကားမှန်များကွဲကျ လွင့်စင်သွားကြောင်း၊ ကားပေါ်ပါ အကြမ်းဖက် စစ်သား များလည်း ထိခိုက်ဆုံးနိုင် ကြောင်း သိရသည်။

မိုင်းဆွဲခံရသည့်ကားမှာ မလှမ်းမကမ်း နေရာတွင် ထိုးရပ်သွားပြီး အရေးပေါ် ကား များဖြင့် ဒဏ်ရာသေဆုံးစစ် သားများကို သယ်ယူသွားကြောင်း၊ ကျိုက်ထို ပြည်သူ များအနေဖြင့် ယခုကာလသည် တော်လှန်ရေး အရှိန်မြှင့် သည့် ကာလ ဖြစ်သည့်အတွက် အသွားအလာ အထူးဂရုစိုက်ကြပါရန် Kyaikhto-Information-Team ၏အဆိုအရ သိရှိရသည်။khit thit

ယင်းမာပင်မြို့နယ် အမှတ်(၂၈) ရဲတပ်ရင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းဘေးရှိ အမှတ်(၂၈) ရဲတပ်ရင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်ရင်းမှ အဆောက်အဦးများပျက်စီးသွားပြီး အသေဆုံးကိုမူ အတည်မပြုနိုင် သေးကြောင်း Fighter Brotherhood Guerilla Army တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲက ည ၁ နာရီလောက်မှာစဖြစ်တယ်။ တိုက်ပွဲကြာချိန်က တစ်နာရီခွဲလောက်ရှိတယ်။ ကျနော်တို့ လက်နက်ကြီးတွေကို အဓိကသုံးပြီးပစ်ခတ်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီတပ်သား အထိအခိုက်အသေဆုံး ကိုတော့ အတိအကျမသိရသေးပါဘူး။ ကျနော်တို့ရဲဘော်တွေဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။ အမှတ်(၂၈)ရဲတပ်ရင်းက အဆောက်အဦးတွေပျက်စီးတာတွေရှိတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးသွားတာရှိတယ်” ဟု ၎င်း က ဆိုသည်။

ယင်းတိုက်ပွဲကို Fighter Brotherhood Guerilla Army တပ်ဖွဲ့ ၊ ချင်းတွင်းညီနောင်ပြောက်ကျားတပ်ဖွဲ့၊ Black Shadow PDF ၊ Black Vote Fighter ၊ တောသားကြီး PDF ၊ တဇောက်ကန်းဘဂျမ်း PDF ၊ မဲမှောင် ပြောက်ကျားတပ်ဖွဲ့ ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Golden Star Force ၊ CRF ၊ RFF ၊ RYG၊ ပြည်သူ့အားလုံးရဲ့ PK နှင့်အတူ မဟာမိတ်တပ်ဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

« Older Entries