Monthly Archives: Jan 2023

ထားဝယ်အခြေစိုက် ဥဩစစ်ကြောင်းက လွတ် မြောက်နယ်မြေတွင် ရွေ့လျားဆေးခန်းဖွင့်လှစ်

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ် အခြေစိုက် ဥဩစစ်ကြောင်းမှ ဦးဆောင်ပြီး လွတ်မြောက်နယ်မြေအတွင်း အရေးပေါ် ဆေးကုခန်းနှင့် အရေးပေါ် ခွဲစိတ်ခန်းတို့ကို ရွေ့လျားပုံစံမျိုး ကုသပေးနိုင်ရန် ဖွင့်လှစ်လိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

OAW AWE MEDICAL TEAM (ထားဝယ်-ပကဖ) မှ ဥဩဆေးခန်းသည် ထားဝယ်မြို့နယ် အတွင်းရှိ PDF တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အရေးပေါ် ကျန်းမာရေး ကုသမှု လိုအပ်နေသော စစ်ဘေးရှောင် စခန်းများကို သွားရောက် ကုသပေးနိုင်ရန် စီစဉ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“စစ်ပွဲဖြစ်ပွားတဲ့ ချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ကျန်မာရေးဆိုင်ရာ လိုအပ်ချက်တွေကို အချိန်မီကုသနိုင်ဖို့ အရေးပေါ် ဆေး ကုခန်းနဲ့ ခွဲစိတ်ခန်းတွေ မရှိတဲ့အတွက် အသက်အန္တရာယ်နဲ့ မကြာခဏ ရင်ဆိုင်ရလေ့ ရှိပါတယ်၊ ဒါကြောင့် အရေးပေါ် ဆေးကုခန်းနဲ့ အရေးပေါ် ခွဲစိတ်ခန်းကို ထားဝယ်မြို့နယ်ရှိ စစ်ဘေးသင့် ဒေသခံပြည်သူများနဲ့ PDF ပူးပေါင်း စစ်ကြောင်း ၁၁ ခုစာအတွက် ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်တယ်”ဟု ဆေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရွေ့လျားဆေးခန်းမှာ အရေးပေါ် ဆေးကုသခန်းနှင့် အရေးပေါ်ခွဲစိတ်ခန်း (OPD) တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆေးခန်းသို့ အကြောင်းမျိုးမျိုးကြောင့် လာရောက်ရန် မလွယ်ကူသော ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊ လုံ ခြုံမှုရှိသော Channel ကို တည်ထောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို ဆရာဝန်နှင့် တိုင်ပင်ဆွေးရန်အတွက် အွန်လိုင်း ဘိုကင်စနစ်ဖြင့် ဆေးခန်းပြခြင်းကို အခမဲ့ပြသကုသ သွားနိုင်ရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။ mizzima

ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့နေကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ မီးရှို့နေသော စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိပြီး လက်နက်ကြီးများ ပစ်ခတ်ကာ ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၃ ရက်နေ့ မုံရွာကနေ မော်တော်အမြန်ယာဥ်တစ်စီးနဲ့ လာတဲ့ ခွေးတွေက ဆားလင်းကြီးမြို့ပေါ်ကနေ တဆင့်‌ ဇန်နဝါရီလ ၅ ရက်နေ့မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတယ်။ ဇန်နဝါ ရီလ ၆ ရက်နေ့မှာ ဘင်္ကါးကျေးရွာ၊ ဖောင်းကတာ ကျေးရွာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်D.M.S.Aအထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော စစ်တပ်၏ ဖမ်းဆီးမှုခံရသော ပြည်သူ မရှိကြောင်း သိရှိရသည်။ khit thit

ဝိုင်းမော်ရှိ ရွှေဖောင်လုပ်ငန်းခွင်ကို စစ်တပ်က ဖျက်ဆီး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရွှေဖောင်လုပ်ငန်းခွင်က တဲတွေနဲ့ ရွှေတူးဖော်တဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နောင်းချိန်းနဲ့ အင်ဂန်းရွာကြား ဧရာဝတီမြစ်ကြောင်းတလျှောက်က တဲတွေနဲ့ ရွှေတူးဖော်ရာမှာသုံးတဲ့ ပစ္စည်းတွေကို ဇန်နဝါရီ ၄ ရက်က ဖျက်ဆီးခဲ့တယ်လို့ ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ရွှေဖောင်လုပ်သားတဦးက “စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ရွှေတူးဖော်တဲ့နေရာ ၂၀ လောက်က တဲတွေနဲ့ ပစ္စည်းတွေကို မီးရှို့သွားတာ။ ဘာလို့ ဖျက်ဆီးသွားတာလဲ မသိဘူး” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ်ရိုးတလျှောက်မှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းခွင်က စက်လှေ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ DVB

ပုလဲမြို့ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေသည့် ရဲစခန်းကို ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဒေ သခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲစခန်းအတွင်းရှိ အဆောက်အဦများ ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးကြောင်း Chindwin Toe Na Yar တပ်ဖွဲ့မှ ကိုမြက ပြောပြသည်။

“ကျနော်တို့ ရဲစခန်းအနီးကို ကပ်နိုင်သမျှကပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ လက်နက်ကြီးကိုပဲ အဓိကထားပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီးတွေထဲမှာ ၄၀ မမ ၊ ၆၀ မမ နဲ့ ၁၂၀ မမ တွေကို အသုံးပြု တိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကြာချိန်ကတော့ နှစ်နာရီခွဲလောက် ရှိပါတယ်။ ရဲစခန်းကတော့ အဆောက်အဦတွေ အပျက်အစီးများတယ် ၊ အလံတိုင်တွေကအစ အကုန်ပြတ်ကျသွားတာဗျ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်က အသေဆုံးကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲကို Chindwin Toe Na Yar တပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင်တပ်ရင်း (၂၉) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Chindwin Toe Na Yar PDF အနေဖြင့် လက်နက်ကြီးများ ထုတ်လုပ်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေကြောင်း ကိုမြ က ပြောသည်။

“ ကျနော်တို့က Local PDF ဆိုတော့ ကိုယ်တိုင်ဦးဆောင်ပြီး တိုက်တဲ့ပွဲတွေ ရှိသလို တပ်ရင်းတွေကခေါ်ရင် လက်နက်ကြီးပစ်ကူ ဆိုတာမျိုးတွေလည်း လိုက်ရပါတယ်။ ကျနော်တို့က လိုက်ရပေမဲ့ ဒီပွဲမှာ အကြီး ဘယ်လောက်သုံးခဲ့ရပါတယ်ဆိုပြီး ဘယ်သူ့ဆီမှာမှ တင်ပြပြီး ဘတ် ဂျက်တောင်းလို့ မရဘူး။ ပြည်သူလူထုကလည်း တပ်ရင်းတပ်ဖွဲ့တွေကို ဦးစားပေးကြတာဆိုတော့ ကျနော်တို့ အခက်အခဲတွေ ရှိနေတယ်” ဟု ၎င်းကဆိုသည်။ mizzima

ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ သံဃာတော်တစ်ပါး၊ PDF ၁ ဦး အပါအဝင် လူ ၄ ဦးကို ပစ်သတ်၊ ရွာကို မီးတင်ရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး သီတဂူဗုဒ္ဓတက္က သိုလ် မှ မဟာဘွဲ့ရ သံဃာ တော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးတင်ရှို့သွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ကြွယ်ပုံပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းနှင့်ပျူစောထီးများက ဒီပဲယင်းကွဲကျေး ရွာကို ပစ်ခတ်ဝင်ရောက်လာကြောင်း၊ ယင်းနောက် ဒီပဲယင်းကျေးရွာတွင် သီတင်း သုံးနေသော သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ ရွာဦး ဘုန်းတော် ကြီးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ ထို့ပြင် အခြားပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်ခင်း ၆နာရီအချိန် ကြွယ်ပုံပျူရွာကနေ ထွက်လာပြီး ဒီပဲယင်းကွဲ ရွာကိုလက်နက်ကြီးတွေပစ်ဝင်လာတယ်။ အဲလိုပစ်ဝင်လာတော့ ရွာသားတွေ အကုန် ထွက်ပြေးရင်း သူတို့ဖမ်းမိတဲ့ လူ၃ဦးနဲ့ ဘုန်းကြီးတစ်ပါးကို ပစ်သတ်ခဲ့ကြ တယ်။ ဘုန်းကြီးက စာတတ်ပေတ်ပါဗျာ။ ဘာမှနိုင်ငံရေးမလုပ် ဘဲနဲ့ သတ်ထားခဲ့ကြတာ။ဘုန်းကြီးက သီတဂူဗုဒ္ဓတက္ကသိုလ်ကနေ မဟာဘွဲ့ရ ထားတဲ့ ဆရာတော်ပါ။ သီရိလင်္ကာနိုင်ငံဘက်ကို ကြွပြီးမြန်မာပြည် လာတဲ့ သံဃာတော်ပါ။ သက်တော်၄၀ကျော်၊ဝါတော်၂၀ကျော်လောက်တော့ရှိမယ် ။ နောက်ပြီး အမျိုးသမီးတစ်ဦးနဲ့ရွာသားတစ်ဦးကိုလည်းသတ်ထားခဲ့ကြတယ်။ နောက်တစ်ဦးကတော့ PDFတစ်ယောက်ပါ။ စုစုပေါင်း ၄ ဦးကို စစ်တပ်က ပစ် သတ်ထားခဲ့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က သံဃာတစ်ပါး အပါအဝင် လူ ၄ ဦးကို ပစ်သတ်ပြီးနောက် ကျေးရွာ ကို လည်း မီးတင်ရှို့လိုက်သဖြင့် နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ကျနော်တို့ရွာကို ဝင်ချင်နေတာကြာပြီ။ ကြွယ်ပုံက ပျူစောထီးတွေ ဝင်ဖို့ လက်ညှိုး ထိုးနေတာ။ ကြွယ်ပုံ ရွာက မဖွံ့ဖြိုးဘူး။ ကြွယ်ပုံကို စစ် တပ်က ဆက်ကြေးတောင်းတော့ ဒီပဲယင်းကွဲကို တောင်းရင် နှစ်အိမ်လောက် တောင်း ရင် သိန်း ၁၀၀ ရမယ်လို့ ပြောပြီး စစ်တပ်ကို သွားခိုင်းတယ်။ အခုတော့ စစ်တပ် နဲ့ ပျူစောထီးပေါင်းကြီး ဒီပဲယင်းကွဲကျေးရွာကို ချေမွသွားတာပါ” ဟု ဒီပဲယင်းကွဲ ကျေးရွာသားတစ်ဦးက ပြော သည်။khit thit

ပုသိမ်ထောင်တွင် ဆူပူမှုဖြစ်ပွားနေပြီး သေ နတ်ပစ်သံများလည်း ကြားရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဉ်းထောင်တွင်းမှာ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ဆူပူမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်‌ ည ၈ နာရီလောက်က စတင်ကာ ဆူပူမှုခဏကြာဖြစ်ခဲ့ပြီး ဒီနေ့မနက် ၈ နာရီခွဲလောက် ထပ်ဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ဖောက်သံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့သူ ဒေသခံတဦးက “ညကလည်း အထဲကနေ အော်သံ‌တွေ ခဏကြားလိုက်ရတယ်။ ဒီနေ့မနက်ပိုင်း ထပ်ဖြစ်တာပေါ့။ ဒီနေ့မနက်ပိုင်းကတော့ ပိုကြမ်းတယ်။ ခုဆို သေနတ်ဖောက်တာ ၇ ချက်ရှိသွားပြီ။ တမြို့လုံးကရဲတွေလည်း ထောင်ထဲကိုဝင်သွားတာ တွေ့တယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့က ဒေသခံတချို့လည်း ထောင်အနီးနားတဝိုက်မှာ လာရောက်ကြည့်ရှုတာကြောင့် စစ်ကောင်စီတပ်သားတွေက ထောင်ရှေ့မှာစောင့်နေပြီး ရဲတွေကတော့ ထောင်ထဲဝင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပိုင်အသစ်က ရိုက်ခိုင်းပြီး ထိုင်ကြည့်နေတာကြောင့် ဆူပူမှုတွေ စတင်ဖြစ်ပွားတာလို့ ထောင်နဲ့နီးစပ်သူတွေက ပြောဆိုပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၄ ရက်က ပုသိမ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အကျဉ်းထောင်ထဲမှာ မကြာခဏဆိုသလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှဉ်းပန်းလေ့ရှိတယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောပါတယ်။ DVB

မုံရွာမြို့နယ်တွင် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာ – မန္တလေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီး ဦးခေါင်းကြေ မွပျက်စီး သွားခဲ့ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF) မှ ဇန်နဝါရီလ ၆ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာမြို့အဝင် မအူဂိတ်မှ မုံရွာမြို့အတွင်းသို့ ပြန်ဝင်လာသည့် သံပြားများကာရံထားသော စစ်ကောင်စီတပ်၏ ကားငါးစီးကို ဇန်နဝါရီလ ၃ရက် နေ့လယ် ၃နာရီ ၄၂ မိနစ်တွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“စစ်ကားတန်းထဲမှာ ပြည်သူတွေဆီက လုယက်ခိုးယူလာတဲ့ ပစ္စည်းတွေ သယ်လာတယ် လို့ ယူဆရပါတယ်” ဟု DGF ဗဟိုကော်မတီအဖွဲ့ဝင် ရဲဘော် ဇေယျ က ပြောသည်။

အဆိုပါစစ်ကားတန်းတွင် ဒရုန်းကျော်သည့် ဂျန်မာတပ်ဆင်ထား၍ ကားတန်းအပေါ်သို့ ဒရုန်းပျံသန်းမရသည့်အပြင် ဗုံးလည်းချ၍ မရခဲ့ကြောင်းဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကားတစ်စီး ဦးခေါင်းကြေမွပျက်စီးသွားခဲ့သည်ကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ထုတ်ပြန်အသိပေးထားသည်။

မုံရွာမြို့နယ် မအူရွာ အထွက်တွင် ခရိုနီ တင်ဝင်းထွန်း ပိုင်ဆိုင်သော ခြံအတွင်း၌ စစ်ကောင်စီတပ်မှ အင်အား ၇၀ခန့်ဖြင့် တပ်စွဲထားပြီး ထိုနေ ရာမှတစ်ဆင့် မအူဂိတ်သို့ သွားရောက်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးလေ့ရှိကြောင်း ရဲဘော် ဇေယျမှ ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာ ၂၃ရက်နေ့တွင်လည်း မုံရွာမြို့နယ် တောပုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များကို DGF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။mizzima

ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ပြီး စစ်သား ၈၀၀ နီးပါးသေဆုံး

ကယားပြည်နယ်နှင့် ရှမ်းကယားအစပ်(ကရင်နီပြည်နယ်)တွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈၀၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။

KNDF၊ KAနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ်တွင် အ ကြမ်းဖက်စစ်သား ၇၉၇ ဦးသေဆုံးကာ ၉၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် လည်းအကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ နေအိမ် ၆၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၄ လုံး၊ ဘုရားစေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့​သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အသုံးပြုသော လက်နက်ငယ် ၃၃ လက်၊ လက်နက်ကြီး ၇ လက်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၁ ဦးကိုဖမ်းဆီးရရှိပြီး တပ်မ (၆၆) အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ် သား (၇) ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆၅ ဦးတိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ ရဲရင့်စွာကျဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

၂၀၂၂ ခုနှစ်တွင် စစ်ရေးအောင်မြင်မှုများရှိခဲ့သည့်နည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း ကရင်နီပြည်နယ် အတွင်းရှိ တိုင်းရင်း သားလူမျိုးများ၊ တော် လှန်ရေးအင်အားစုများ၏ ညီညွတ်မှုဖြင့် တစ်နိုင်ငံလုံးအသွင် သဏ္ဍာန်ဆောင်သော တော်လှန်ရေးတစ်ရပ်တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

‘ဝ’၊ ကိုးကန့်၊ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေး

‘ဝ’၊ ကိုးကန့်နဲ့  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ   စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့  ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။

“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နဲ့  စစ်ကောင်စီဘက်က ငြမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေအရ  အခုတတိယ အကြိမ်ဆက်လက်ဆွေးနွေးဖို့ ကျန်တဲ့ကိစ္စရပ်တွေကို  အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ 

ဒါ့အပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပြီး ဒီကနေ့  ဇန်နဝါရီ ၆ ရက်မှာ  ဆွေးနွေးပွဲ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက် မှတ်ထိုးခဲ့ကြပါတယ်။

တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုး ပြုကရင်တပ်မတော်(DKBA) KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။ DVB

« Older Entries