Monthly Archives: Jan 2023

ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း တက္ကသိုလ် ဒုတိယနှစ်ဘူမိဗေဒကျောင်းသား မောင်ထက်မြတ်အောင် ကျဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် KNLAအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ် ပွားနေသောတိုက်ပွဲများအတွင်း National Revolutionary Guards (NRG-PDF/ Saliingyi) မှ တပ်ဖွဲ့ဝင် ကိုထက်မြတ်အောင် ကျဆုံးသွားသည်ဟု NRG-PDF/ Saliingyi က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကိုထက်မြတ်အောင်သည် မိခင်တပ်ဖွဲ့ National Revolutionary Guards (NRG-PDF/ Saliingyi) မှတဆင့် KNU တပ်မဟာ (၆) နဂါးနီစစ် ကြောင်းတပ်ခွဲ (၃) နှင့် ပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးစခန်းသိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ရင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

“ကလေးက ကျွန်တော်တို့တပ်ဖွဲ့ စတင်တည်ထောင်ကတည်းက ဝင်ရောက်ခဲ့တာပါ၊ အနေအေးပြီး တော်တဲ့ကလေးပါ၊ တောထဲက ကလေးတွေကိုလည်း စာသင်ပေးနေတဲ့ ကျောင်းဆရာလေးလဲဖြစ်သလို ပြည်သူ့စစ်သားဆိုလည်း ဟုတ်ပါတယ်၊ ၄ ရက်နေ့က ကြာအင်းဆိပ်ကြီး စခန်းသိမ်းတိုက်ပွဲမှာ လက်မောင်းကနေ အဆုတ်ထဲ ကျည်ဖောက်ဝင်ပြီး နေရာမှာပဲ ကျဆုံးခဲ့တာပါ” ဟု NRG-PDF/ Salingyi ၏ ဒုတပ်ရင်းမှုး ကိုသူရိန်က မဇ္စျိမကိုပြောသည်။

ယခုကဲ့သို့ ကိုထက်မြတ်အောင်ကျဆုံးခဲ့ရသည့်အတွက် မိခင်တပ်ဖွဲ့အနေနှင့်လည်း ဝမ်းနည်းပူဆွေးနေရသလို တောထဲမှ ကိုထက်မြတ်အောင် စာသင်ပေးခဲ့ဖူးသည့် တပည့်ကလေးများသည်လည်း အလွန်ဝမ်းနည်းပူဆွေးနေကြသည်ဟု ဆိုသည်။

“ရဲဘော်ထက်မြတ်အောင်၏ မြင့်မြတ်သောစွန့်လွှတ်ပေးဆပ်မှုကို ကျွန်ုပ်တို့ အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်း National Revolutionary Guards (NRG-PDF/ Saliingyi) မှ ရဲဘော်များအားလုံးက အစဉ်လေးစား ဦးညွှတ်အပ်ပါသည်။

တော်လှန်ရေးတိုက်ပွဲ၏ မပြီးပြတ်သေးသော တာဝန်များကို NRG-PDF Salingyi မှ ရဲဘော်များအားလုံးက ဆက်လက်ထမ်းပိုး တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်” ဟု NRG-PDF/ Saliingyi မှ ဝမ်းနည်းခြင်းမှတ်တမ်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် NRG-PDF Salingyi တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ဟု ဒုတပ်ရင်းမှုး ကိုသူရိန်က ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၂၈၃) တပ်နှင့် ခရလ (၃၂) တပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ ခလရ (၂၈၄) ယာယီတပ်ရင်းမှူး ဗိုလ်မှူးမောင်မောင်ဟိန်းအပါအဝင် သေဆုံးမှုများ ရှိသကဲ့သို့ KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှလည်း အထိအခိုက်များရှိခဲ့သည်။ mizzima

KNU နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှ စစ် သား ၂၁၇ ဦးသေဆုံ

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းအတွင်းရှိ KNU နယ်မြေများ တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင် စီ ဘက်မှ စစ်သား ၂၁၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန် သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတာအတွင်း KNLA ၊ KNDO တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ် များ၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့် တပ် (BGF) များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂၁၇ ဦး သေဆုံးကာ ၁၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ KNLA ၊ KNDO တပ်သား၉ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ပေး လှူခဲ့ရပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ဒီဇင်ဘာလအတွင်းတွင် စစ်တပ်နှင့်BGF တပ်များက ပြည်သူများအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုများစွာကိုလည်း ကျူးလွန်ခဲ့ကြောင်း KNU က ပြောသည်။

KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေတွင် စစ်တပ်က ပြည်သူလူထု များနေထိုင် သော ကျေးရွာများအတွင်းလက် နက်ကြီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့ရာ နေ အိမ် ၁၄ လုံး၊ စပါးကျီ ၄ လုံး ထိခိုက် ပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းက လေး ၁ ဦးနှင့် အခြားအမျိုးသမီး ၁ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာနွား ၆ ကောင်နှင့် ကြက် ၃ ကောင် သေ ဆုံး ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၂ အုပ်ချုပ်နယ်မြေအတွင်း၌ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူလူထုနေထိုင်ရာကျေးရွာများ အတွင်းလက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီး ခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည် သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ရှိခဲ့ပြီး ဗုံး ၃ လုံးကျဲချခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ၏ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇ နှစ် အရွယ် မိန်း ကလေး ၁ ဦး သေဆုံးကာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက် ရေး လေယာဉ် ၅ စင်း၊ တိုက်ခိုက်ရေး Drone ၂ စင်း တို့ ဖြင့် နေရာ ၃ နေရာကို ဗုံး ၈ လုံးခန့် ကျဲချခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နေအိမ် ၂ လုံး၊ ရွှေဆိုင် ၁ ဆိုင်နှင့် ဆိုင်ကယ် ပြင်ဆိုင် ၁ ဆိုင်တို့အားလည်း မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သိရှိရသည်။

KNU တပ်မဟာ ၄ အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ မှ အပြစ်မဲ့ပြည်သူ ၅ ဦးအား အကြောင်းမဲ့ဖမ်းဆီး စစ်ဆေး ခဲ့ ပြီး ပြည်သူလူထု၏နေအိမ် ၂ လုံး ကို လည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီး အလုံးရေ ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အ သက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ နွား ၅ ကောင် သေဆုံး ပြီး ၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူ ၁ ဦးကို လည်း အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ခန့်တွင် ဗုံးအလုံးရေပေါင်း ၇၈ လုံးနှင့် အော် လီဂန် အချက်ရေ ၁၀၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုပိုင်ဆိုင်သော စပါးကျီ ၁၀ လုံး ၊ နေအိမ် ၉ လုံး မီးလောင်ပြာကျ ခဲ့ကာ နေအိမ် ၃၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦး၊ နွား ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျွဲ ၁ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်က ပြည်သူလူထု နေအိမ် ၄ လုံးနှင့် စပါးကျီ ၄ လုံး အား မီးရှို့ဖျက်ဆီး ခဲ့ပြီး ကျွဲတစ်ကောင်ကိုလည်း ပစ်ခတ်ခဲ့သည့်အပြင်ကတိုင်ထိအခြေစိုက် စစ်တပ်က သွာခိုလိုရွာနေ အသက် ၁၄ နှစ် အရွယ် ယောကျ်ားလေး ၁ ဦးအပါ အဝင် အပြစ်မဲ့ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်း ဆီးခဲ့ကြောင်း၊ အလားတူ ဘောကျိုထာအခြေစိုက် နယ်ခြားစောင့်တပ် (BGF-1013) မှလည်း နိုဃဲထာရွာ နေ အမျိုးသမီး ၁ ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးအား ဖမ်းဆီးပြီး အမျိုးသမီး တစ်ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း၌ စစ်တပ်၏လက်နက်ကြီး ၁၂၅ လုံးကျော် ပစ်ခတ်ခဲ့မှုကြောင့် ဦးဇင်း ၂ ပါး ပျံလွန်တော်မူ ခဲ့ရပြီး ဦးဇင်း ၄ ပါး၊ ကိုရင် ၁ ပါး နှင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး ၁၉ လုံးမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နွား ၅ ကောင် ထိခိုက်သေဆုံးခဲ့ပြီး ၅ ကောင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၁၁ ကြိမ် ခန့်တွင် ဗုံးအလုံးရေ ၃၀ ထက် မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။khit thit

မြန်မာတွင် ကိုဗစ်အတည်ပြုလူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ၊ ကူးစက်ခံရသူပေါင်း ၆၃၃၇၀၀ ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃၈၃၁ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၄ ယောက်တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိနေခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၇၀၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၀၈,၃၃၁ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။ DVB

ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ သံဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးမြတို့ ဇန်နဝါရီလ ၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

“ဦးစိုးနိုင်က စစ်ကောင်စီခန့် အုပ်ကြီးပါဗျ။ ပျူဖွဲ့ဖို့ကြိုစားနေတာ။ သူ့ကြောင့်တခြားရွာကပြည်သူတစ်ဦး အဖမ်းခံရတာ အခုထိမလွတ်သေးဘူးဗျ။ စစ်ကောင်စီတပ်သားတွေခေါ် အရက်တိုက်ပြီး မကျေနပ်တဲ့အိမ်တွေကို ရှာစစ်နေတာဗျ”ဟု TGYR.(LPDF)မှ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများဖော်ပြသည့် MDY Image တယ်လီဂရမ်ချန်နယ်တွင် ဦးစိုးနိုင်သည် စစ်တပ်ကျောထောက်နောက်ခံ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးစည်းရုံးရေးမှူးတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးစိုးနိုင် (၅၀နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်အေးမြ (၅၃ နှစ်)တို့သည် သံဘိုကျေးရွာရှိ နေအိမ်တွင် နေထိုင်လျက်ရှိစဉ် ဆိုင်ကယ်တစ်စီးဖြင့် ပီဒီအက် (ဖ်) အမျိုးသားနှစ်ဦး ရောက်လာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဦးစိုးနိုင်မှာ ဦးခေါင်းနှင့် ယာနှာခေါင်း ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဇနီးဖြစ်သူ ဒေါ်အေးမြမှာ ရင်ညွန့်နှင့် ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားသည် ဟု ထိုချန်နယ်တွင် ရေး သားထားသည်။

အဆိုပါပစ်ခတ်မှုကို TGYR.Youth Guerilla Counter Revolution ( LPDF) နှင့် မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Hero Guerrilla Force ( BHGF ) တို့က စွန်ရဲစစ်ဆင်ရေး(၅)အမည်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့က ထုတ်ပြန်ထားသည်။

TGYR.(LPDF)က စွန်ရဲစစ်ဆင်ရေးကို လုံခြုံရေးအရပြည်သူတွေကို အသိမပေးဘဲ ခေါင်းစဉ်ကိုသာဖော်ပြီး စစ်ဆင်ရေးပြုလုပ်နေ၍ စစ်ကောင်စီများနှင့်ဝေးရာနေပေးခြင်းဖြင့် ကူညီပေးရန် တောင်းဆိုထားပြီး TGYR.(LPDF)၏ စွန်ရဲစစ်ဆင်ရေးကို စစ်ကောင်စီနှင့် နောက်လိုက်များ ကြောက်စေရမည်ဟု TGYR.(LPDF)က အသိပေးထားသည်။mizzima

မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက် နက်နှင့်မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ထိုင်းအစိုးရက စွဲချက်တင်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက် နှင့် မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများ ဖြင့် ထိုင်းအစိုးရက စွဲချက်တင်လိုက်ကြောင်း ထိုင်းအခြေစိုက် Parachatai က သတင်းဖော်ပြသည်။

မူးယစ်ဆေးဝါးမှရရှိသော ငွေများဖြင့် ထိုင်းအစိုးရပိုင်ကုမ္ပဏီထံမှ လျှပ်စစ် ဓာတ်အား ဝယ်ယူပြီး မြန်မာပိုင်နယ်စပ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည် ရောင်းချခြင်းဖြင့် ငွေကြေးခဝါချသည့် အမှုတွင် ပါဝင်သော ထွန်းမင်းလတ်နှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ထိုင်းအစိုးရရှေ့နေများက စွဲချက်တင်လိုက် ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်း-အမေရိကန် နိုင်ငံသား Dean Gultula နှင့် မြန်မာ သူဌေးကြီး ထွန်းမင်းလတ် တို့ကို စွဲချက်တင်တရားစွဲဆို ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်နှင့် Dean Gultula တို့သည် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် ခံနိုင် ရသော ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ရင်ဆိုင်နေ ရသည့်အပြင် သေဒဏ်ချမှတ်ခံရနိုင်သော မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေး အမှုဖြင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိငွေဖြင့် ထိုင်းအစိုးရ ကုမ္ပဏီ ထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ လွှဲပြောင်းမှုဖြင့် တရားစွဲခံရပြီး Dean Gultula မှာမူ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ထံသို့ မြန်မာအခြေစိုက် Myanmar Allure Group Company Limitedမှ ငွေကြေးလွှဲပြောင်းမှု များ အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသော မူးယစ်ရာဇာ ထွန်းမင်း လတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ဟိုတယ်၊ ကားအပါအဝင် ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလအတွင်းတွင် ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော် တွင် ယခင် အပတ်က ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမှု၊ ငွေမည်းခဝါ ချမှုများဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ထွန်းမင်းလတ်ပိုင် ဆိုင်သော အပန်းဖြေစခန်း၊ ဟိုတယ်၊ ကား၊ အဖိုးတန်ပစ္စည်းများ၊ အိမ် ၊ ငွေ ကြေး များအပါအဝင် ပိုင်ဆိုင်မှု တန်ဖိုး ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းတရားရေးဝန်ကြီးဌာန၏ အဆိုအရ ထွန်းမင်းလတ်သည် အမှု နှစ်ခုရှိ နေပြီး အမှု တစ်ခုမှာ ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းအာဏာပိုင်များက စုံစမ်း ထောက် လှမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။ ထွန်းမင်းလတ်နှင့် ဆက်စပ် နေသော ထိုင်းနိုင်ငံသား ၂ ဦးကို လည်း ဖမ်းဆီးရန် ရှာဖွေလျက်ရှိပြီး ဖမ်း၀ရမ်း ထုတ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင် လုပ် ငန်း များတွင် ပတ် သက်ဆက်နွယ် စီးပွားရေးလုပ်နေသူလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက် ရောက်ခဲ့သူလည်းဖြစ်သည်။ khit thit

ပုသိမ်ထောင်တွင် စစ်အုပ်စုရိုက်နှက်ညှဉ်းပန်းမှုကြောင့် နိုင်ကျဉ်း ၁ ဦးသေ၊ နိုင်ငံတဝန်း ကျဆုံးပြည်သူ ၂,၇၀၇ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၉၉၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၂၇၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၉၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၆၉၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ညက ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းနဲ့ ရဲအင်အား အများအပြားက နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာလည်း ဆက်လက်ပြီးတော့ ရိုက်နှက်နေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်သူ ဝင်းမင်းထက် (ခ) မဲကြီးမှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကြားသိရပြီး အဆိုပါသေဆုံးမှုကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။ ၈ ယောက်ကတော့ ပုသိမ်ဆေးရုံအသစ်မှာ ဆေးကုသမှုခံနေရတယ်လို့ သိရပြီး သူတို့ဟာလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်က လွတ်‌မြောက်လာသူတွေထဲမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင် ပါဝင်ခဲ့ပေမဲ့ သူ့ကို တခြားအမှုကပ်ပြီး ထောင် ဘူးဝရှေ့မှာ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာမင်းထက်ပိုင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်ရေးသားပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေဖို့ စည်းရုံးလှုံ့ဆော်တယ်လို့ စွပ်စွဲခံခဲ့ရကာ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတားမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

လောင်းလုံးမြို့နယ်၌ ထန်းရည်ထွက်ဝယ်သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ ရဲကင်းစခန်းက စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၂ ဦး ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ထန်းရည်ထွက်ဝယ်စဥ် ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ခြေထောက် ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် သကျက်တောရဲကင်းစခန်းကနေ အင်အား ၁၅ ယောက်လောက် စစ်ကူရောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်သွားချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက သကျက်တောကျေးရွာထဲရှိ ပြည်သူပိုင်နေအိမ် နှစ်လုံးနဲ့ ထန်းရည်ဆိုင်တဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သကျက်တောရွာခံတဦးက “အရင်ပစ်ခံရတာက နှစ်ယောက်ပဲ၊ စစ်သားလား ရဲလားတော့ မသိဘူး။ တယောက်က ထိပြီး လှုပ်တောင်မလှုပ်တော့ဘူး၊ အဲ တယောက်ကို ဆိုင်ကယ်နဲ့ သယ်သွားပြီးမှ အိမ်တွေကို မီးပြန်လာရှို့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် အနီးအနားက နေအိမ်တချို့ကိုလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိပါဘူး။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီလောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ DVB

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဦးမင်းအောင်တို့ ပုဒ်မ ၅၀၅ အမှုအတွက် ပြစ်ဒဏ်လျှော့

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ နှစ်ဦးတို့အပေါ်ချမှတ်ထားတဲ့  ၅၀၅ ပုဒ်မအတွက် ကျခံရမယ့်ပြစ်ဒဏ်ကို စစ်ကောင်စီက လျှော့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“အားလုံးကို ဖြေလျှော့လိုက်တာတော့ မဟုတ်ဘူးဗျ။ သူတို့ နှစ်ဦးကို ပုဒ်မ ၅၀၅ နဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဖြေလျှော့လိုက်တာပါ။”

ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၇,၀၁၂ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီး ဦးမင်းအောင်တို့ကို အခုလို ပြစ်ဒဏ် လျှော့ပေါ့ခဲ့တာပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၉ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၁၃ နှစ် အမိန့်ချခဲ့တာပါ။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ဘယ်ဘက်မျက်လုံးမှာ တိမ်စွဲနေတဲ့အတွက် ခွဲစိတ်ကုသနိုင်ဖို့ စစ်ကောင်စီကို တင်ပြထားပေမဲ့ ခွင့်ပြု ချက် မကျနိုင်သေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

“မျက်လုံးတိမ်စွဲနေတာ အချိန်မီခွဲစိတ်မှ အဆင်ပြေမှာလေ။ မဟုတ်ရင် မျက်လုံးကွယ်သွားမှာပေါ့။ ခွင့်ပြုချက်တင်ထားတာ ၃ လကျော်ပြီလေ၊ ခွင့်မပြုသေးဘူး။ လူမှာ မျက်လုံးက အဓိကလေ။ အမြန်ခွင့်ပြုသင့်တာပေါ့။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်ကြတဲ့ ဦကျော်အေးသိန်း၊ ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံ နဲ့ ဦး မင်းအောင်တို့ဟာ လက်ရှိ စစ်တွေ အကျဉ်းထောင်မှာ ထောင်ဒဏ်တွေကျခံနေကြပြီး မိသားစုဝင်တွေနဲ့ လုံးဝတွေ့ခွင့်မရသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။ DVB

« Older Entries