Monthly Archives: Jan 2023

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံ ကျေးရွာတရွာသို့ NUG က သွားရောက်ထောက်ပံ့ကူညီ

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ကိုင်းဒေသ လူသားစာနာတာ၀န်ခံတွေက ဇန်နဝါရီ ၈ ရက်မှာ သွားရောက် ထောက်ပံ့ကူညီခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ကျေးရွာကို ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး လတ်တလောမှာတော့ စစ်ဘေးရှောင် မီးဘေးသင့် အိမ်ထောင်စု ၉၀ အတွက် NUG စစ်ကိုင်းခရိုင်လူသားစာနာအဖွဲ့က ငွေကျပ် ၁၀ သိန်း၊ စစ်ကိုင်းမြို့နယ်အခွန်ကောက်ခံ ရရှိမှုကနေ ငွေကျပ် ၁၀ သိန်း၊ သီးခြားအလှူရှင်တယောက်ကနေ ငွေကျပ် ၅ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၂၅ သိန်းကို ရပ်/ကျေး ပကဖ တာ၀န်ခံနဲ့ ရပ်မိရပ်ဖတွေဆီ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကျဆုံးသွားတဲ့ သံဃာ‌တော် ၁ ပါး၊ အမျိုးသမီး ၁ ယောက်၊အမျိုးသား ၁ ယောက်၊ PDF ရဲဘော် ၁ ယောက်တို့အတွက် ၁ ယောက်ကို ငွေကျပ် ၁ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၄ သိန်းကို ‌ထောက်ပံ့‌ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာ ကျေးရွာကို ဝင်ရောက်စီးနင်းရာမှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ၊ သီတဂူနာယက ၁၀ ပါးစာရင်းဝင် ဆရာတော်နဲ့ CDM ကျောင်း ဆရာမ ၁ ယောက်တို့ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး သီတဂူနာယက ဆရာတော်ဟာ မန္တလေးမြို့ကနေ မီးရှို့ခံရသည့်ကျေးရွာကို ခေတ္တကြွရောက်သီးတင်းသုံးနေချိန်အတွင်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကာ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေး ရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။DVB

ချောင်းဦး-မုံရွာလမ်းပိုင်းတွင် စစ်သားများတင်လာသော Experss ကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးအမြန်လမ်းကြီး၊ ချောင်းဦး-မုံရွာလမ်းပိုင်းတွင် ယမန်နေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၈ နာရီ ၄၇ မိနစ်က အ ကြမ်းဖက်စစ်သားများ တင်ဆောင်လာသော Express ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း South Monywa PDF မှ သတင်းနှင့်ပြန် ကြားရေး အဖွဲ့ဝင် Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မန္တလေးမှ မုံရွာသို့ ထွက်ခွာလာသော Express ကားတစ်စီး၊ ခွေးဘီးလူးကား တစ်စီးဖြင့် အကြမ်းဖက်စစ်သားများလိုက်ပါလာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးတွဲ နှစ်တွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်တယ်၊ ထိထိမိမိ တိုက်ခိုက် နိုင်လိုက်တယ်၊ ဒုတိယအကြိမ် မိုင်းထပ်ဆွဲ လိုက်တော့ ကားက ထိုးရပ်သွားတာ၊အဲအချိန်ကျမှ ကားနှစ်စီးလုံးက ခွေးတွေဆင်းလာပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တယ်၊ အတော်လေးကြာကြာ ရပ်ထားပြီးမှ မုံရွာဘက်ကို ဆက်ထွက်သွားတာ၊ စစ်ခွေး ၅ ကောင်သေတယ်၊ အကျိုးအပဲ့တွေလည်း များတယ်လို့ တပ်တွင်းဖရဲသီး သတင်းရင်းမြစ်က တိတိ ကျကျသတင်းပေးတယ်။” ဟု South Monywa PDF မှ သတင်းနှင့်ပြန်ကြား ရေး အဖွဲ့ဝင် Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း၊ People’s Defence Force –South Monywa နှင့် Soliders Dogs Killers Hunters တပ်ဖွဲ့တို့ပူပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအ ထိ အခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ် ချုပ်‌ရေးမှူးနေအိမ်အား ပကဖတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အား တိုက်ခိုက်ခဲ့ကြောင်း သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ (Eagle Force)ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီအချိန်တွင် ပုသိမ်-မုံရွာကားလမ်းဘေး မင်းတုန်းမြို့နယ် စပါးတန်းကျေး ရွာရှိ စစ်ကောင်စီမှခန့်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးဖိုးပြားနှင့် စစ်ကောင်စီတပ်သားငါးဦးခန့်သည် ညစဉ် အရက်ဝိုင်းဖွဲ့သောက်စားကာ ဖြတ်သန်းသွားလာသူများကို မတရားငွေကောက်ခံနေကြောင်း ကြားသိရ သောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ၊ ဝင်စီးဖို့ ချဉ်းကပ်ချိန်မှာ သူတို့ဘက်က အသိဦးသွားပြီး အပြေးဦးသွားတယ်၊ လိုက်ပစ်ခဲ့သေးတယ် အထိအခိုက်တော့မရှိဘူး” ဟု လင်းယုန်တပ် သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က မဇ္စျိမကိုပြောသည်။

ဝင်ရောက်စီနင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းတို့၏ ဖုန်းတစ်လုံးနှင့် Double Cab ကားတစ်စီး သိမ်း ဆည်းရမိခဲ့ကြောင်း ဆိုသည်။

ဖုန်းအားသိမ်းဆည်းခဲ့ပြီး ကားကို မိုင်းခွဲဖျက်ဆီးခဲ့ရာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ကပစ(၁၂) သရက်မြို့မှဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် မင်းတုန်း၊ ကံမ၊ သရက်မြို့နယ်များကို ယင်းတပ်ရင်းက ထိန်းချုပ်ထားကြောင်း သိရသည်။

ယခု တိုက်ခိုက်ခဲ့သောအိမ်သည် ဆောက်လုပ်ရေးဌာနမှအိမ်ဖြစ်ပြီး ဦးဖိုးပြားမှ မတရားသိမ်းယူကာ ကား လမ်းနှင့်နီးသဖြင့် ယင်းနေရာတွင်စတည်းချကာ လမ်းသွားလမ်းလာများအပေါ် အနိုင်ကျင့် ငွေတောင်းခံ နေခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောဆိုသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်ကလည်း လင်းယုန်တပ်ဖွဲ့မှ သရက် မြို့ မင်းတည်းရပ်ကွက်၌ “စစ်ခွေးနိဂုံး ၂၀၂၃” စာတမ်းချိတ်ဆွဲ၍ အဝေးထိန်းမိုင်းတစ်လုံး အသံပေး ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် အဝေး ထိန်း မိုင်းထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

မိုးဗြဲတွင် စစ်တပ် လက်နက်ကြီးကြောင့် အ မျိုးသား ၁ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့‌ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၆၆ နှစ်အရွယ် အမျိုးသား တယောက် သေဆုံးသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (၁၀၀၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈  ရက် ည ၉ နာရီက မိုးဗြဲမြို့၊  ပွဲကုန်း ၁ ရပ်ကွက်နေ ဦးလျိုပန် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ဖြစ်အောင် ဖန်တီးနေတာကြောင့် မိုးဗြဲမြို့နေ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို မပေါ့လျော့ကြဖိုနဲ့ သွားလာလှုပ်ရှားမှုကို အထူး ဂရုပြုကြဖို့  မိုးဗြဲ -PDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

အောက်တိုဘာလကစပြီး မိုးဗြဲမြို့မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ငြိမ်သက်နေခဲ့ရာမှ ဇန်နဝါရီ ၁ ရက်က စတင်ပြီး လက်နက်ကြီးပစ်ခတ်တာတွေ ရှိလာကာ လူနေရပ်ကွက်တွေထဲ ကျရောက် ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။DVB

လောင်းလုံးတွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကသာ၊ မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီး၌ အကြမ်းဖက် စစ်တပ် ကျင်းပပြုလုပ်မည့် တ ရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ AK 47 သေနတ် တစ်လက် ၊ ကျည် ၂၃ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် တိုက်ကုန်းကျေးရွာ အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား မိနစ် ၃၀ ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁ ဦးသေကာ ၄ ဦး ပြင်းထန်စွာ ဒဏ် ရာရရှိကြောင်း GZ Special Task Force – Wetlet ဘွားကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း GZ Special Task Force – Wetlet အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ၂ ဦးသေဆုံးသွားကြောင်း People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၆ မိနစ်ခန့်က မြင်းမူမြို့မှ မုံရွာမြို့ဘက်သို့ ထွက် ခွာလာသော အကြမ်းဖက်စစ်သားအများအ ပြားလိုက်ပါလာသည့် စစ်ကားနှစ်စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးပျက်စီးခဲ့ပြီးနောက် အနီးရှိကင်းပုန်းရှိရာ နေရာသို့ မောင်းနှင်သွားစဉ် စကားများရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်သား ၂ ဦးသေဆုံးသွား ကြောင်း သိရသည်။

“ကျွန်တော်တို့က ရှေ့ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ နောက်မှာလိုက်တာတဲ့ ကားက ရမ်းသမ်းပစ်ခတ်ပြီး တော့ ရပ်လိုက်တယ်၊ ရပ်လိုက်တာက ကျနော်တို့ မိုင်းပွိုင့်တည့်တည့်ပေါ်ဖြစ်နေတော့ ထပ်ဆွဲတိုက်တာ၊ အဲဒီအချိန်မှာ အပစ်ပါရပ်သွားပြီးတော့ ကားရော၊ လူရော ထိခိုက်မှုတော်တော်ဖြစ်သွားတယ်၊ အဲဒါနဲ့ ရှေ့ နားမှာရှိတဲ့ သူတို့ ကင်းပုန်းဝပ်စခန်းအထိ မောင်းသွားတဲ့အချိန်မှာ ဘယ်လိုဖြစ်တာလဲမသိဘူး၊ ကား သ မားက ထွက်တားတဲ့ စစ်သားကို တိုက်သတ်ပစ်လိုက်တယ်၊ တိုက်သတ်လိုက်တော့ အပြန်အလှန်ပစ်ကြ တာ၊ နောက်ထပ် တစ်ယောက်ထပ်သေတယ်၊ ကျနော်တို့မိုင်းဆွဲလို့ သေဆုံးဒဏ်ရာရတာ အတိအကျ မသိရပေမယ့် သူတို့ အချင်းချင်း ဖြစ်လို့ သေတာနှစ်ယောက်ကတော့အ တည်ပြုလို့ရတယ်” ဟု People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ထိုသို့အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ယင်းအကြမ်းဖက်စစ်သားများမှာ မုံရွာမြို့အထိ ဆက်လက်ထွက်ခွာခြင်းမရှိပဲ သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို တင်ဆောင်ကာ မြင်းမူမြို့သို့ ပြန်ဝင်သွားကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF (MMU) ၊ People’s Knight Defense Force Myinmu (PKDF.MMU).TAUNGTHA People Defense Force (TTA PDF). D.B.B.F.MMU တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော် လှန်ရေးတပ်ဦး (ဝက်လက်) အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝက်လက်မြို့မ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် မင်းစုရပ်ကွက် အနီးနားသို့ ထွက်ခွာလာသည့် စစ်သားနှင့် ပျူစောထီးများကို ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်ဦး (ဝက်လက်)၊ People Revolution Front (Wetlet)၊ အမေ့သား(LPDF)နှင့် မြို့မတိုက်နယ် ပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

လောင်းလုံးမြို့နယ်တွင် မဲစာရင်းကောက်ရာ၌ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သား ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာရှိ မူလတန်းကျောင်းအနီးတွင် ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၁ နာရီ အချိန်တွင် မဲစာရင်း ကောက်ယူသည့်အဖွဲ့ကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သား ပစ်သတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မဲစာရင်းကောက်ရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ) တို့က ပူးပေါင်းပြီး သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံး၍ တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေနတ် တစ်လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု (လောင်းလုံး-ပကဖ ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ပူးပေါင်း အဖွဲ့က စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကောက်နေတဲ့ အဖွဲ့အစည်းကို လုံခြုံရေး ယူပေးတဲ့ စစ်သားတွေကို ပစ်ခတ်ရှင်းလင်းတာ ဖြစ်တယ်”ဟု (လောင်းလုံး-ပကဖ) အဖွဲ့မှ ရဲဘော် တစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းမှုတွင် စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ AK 47 သေနတ် တစ်လက်၊ ကျည် ၂၃ တောင့် နှင့် မက်ကဇင်(ကျည်အိမ်)တစ်ခု တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သားများက လောင်းလုံး-ထားဝယ် လမ်းပိုင်းရှိ ကမြောကင်းတံတားတွင် ခရီးသွားပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ် နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လိုက်ပါဆောင်ရွက်ပေး သူများ၊ စစ်ကောင်စီ တပ်သားများနှင့် နီးကပ်စွာ သွားလာခြင်း၊ မဲစာရင်းများ လိုက်လံ ကောက်ခံနေခြင်းတို့အား ဆက်လက် ပြုလုပ်နေမည် ဆိုပါက ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အနေဖြင့် နောက်ဆက်တွဲ ဖြစ်စဉ်များကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း လောင်းလုံး PDF က ထပ်ဆင့် သတိပေး ထုတ်ပြန်ထားသည်။ mizzima

ထားဝယ် ထီးခီးကားလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ ထားဝယ် ထီးခီကားလမ်းပိုင်းက ရွာတွေ ဖြစ်တဲ့ သင်္ကန်းတုံးနဲ့ ဝကုန်းရွာက အိမ်တွေနဲ့လမ်းဘေးဝဲယာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေ ဆီကသိရပါတယ်။ 

“သူတို့(စစ်ကောင်စီ) တိုက်ပွဲကနေပြန်ဆုတ်တာ လိုက်မရအောင်လို့ မီးရှို့ခဲတာ။ အိမ်တွေတွင်မဟုတ်ဘူး၊ လမ်းဘေးဝဲယာက အပင်တွေ ခြောက်နေတာတွေပါ မီးရှို့ခဲ့တာ။ ၇ ရက်နေ့က သင်္ကန်းတုံးမှာရှို့တယ် အိမ်တွေမပါသွားဘူး။ ၈ ရက်နေ့က ဝကုန်းမှာ ရှို့ခံရတာတော့ အိမ် ၁၅ လုံးလောက်ပါသွားတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ထားဝယ် ပကဖ PDF၊ LPDF၊KTLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာအကြား ဗဲ့မတက်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ပကဖက တိုက်ပွဲသတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ တိုက်ပွဲမကြာခဏဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းက လူနေအိမ်တွေဖောက်ထွင်းတာနဲ့ မီးရှို့တာတွေလုပ်နေတာကြောင့် ထားဝယ် ထီးခီးကားလမ်းတလျှောက်က တချို့ကျေးရွာတွေမှာ လူမနေတော့ဘဲ ထားဝယ်မြို့ပေါ်နဲ့ အခြားဘေးကင်းတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ဇန်နဝါရီ ၆ ရက်ညကလည်း ထားဝယ်အရှေ့တောဒေသ၊ ဟိန္ဒားပြင်ရွာက ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ သက်တော် ၅၀ အရွယ်ရှိ ဦးဝိသုတကို စစ်ကောင်စီတပ်က လူဝတ်လဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

“ဆရာတော်ကို ဖမ်းသွားတာက ဟုတ်ပါတယ်၊ ဘာအတွက်ကြောင့် အဖမ်းခံရမှန်းတော့မသိသေးဘူး။ အဖမ်းခံရတုန်းက မူးယစ်ဆေးနဲ့လက် နက်တွေ ပါ မိတယ်ဆိုတာက မဟုတ်ပါဘူး” လို့ ဆရာတော်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ 

တနင်္သာရီတိုင်းမှာ  ကျောင်းထိုင်ဆရာတော် ၃ ပါးထက်မနည်း PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့သိရပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ထားဝယ် ထီးခီးကားလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ အသုံးပြုပြီး ခရီးမသွားလာကြဖို့ ထားဝယ် ပကဖရဲ့ တိုက်ပွဲသ တင်းထုတ်ပြန်ချက်မှာ ဖော်ပြ အသိပေးထားပါတယ်။

တနင်္သာရီတိုင်းမှာ ၂၀၂၁ ကနေ ၂၀၂၂ ဒီဇင်ဘာလအထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက နေအိမ်ပေါင်း ၁၈ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် Sounther Monitor သုတေသနအဖွဲ့က စာရင်းပြုစုထားပါတယ်။ DVB

အကြမ်းဖက်စစ်အုပ်စုအလိုကျ CDM ကျန်း မာရေးဝန်ထမ်းများအပေါ် သတင်းပေးမှုများနှင့် ဖိနှိပ်တိုက်ခိုက်မှုများ ရပ်တန့်ရန် Non-CDM များကို ပြင်းထန်စွာသတိပေး

Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးကြောင်း ကျန်းမာရေးအင်အားစုများမှ ထုတ်ပြန်သည်။

ငြိမ်းချမ်းစွာ အာဏာဖီဆန်ခဲ့ကြသော CDM ကျန်းမာရေးဝန်ထမ်းသူရဲကောင်းများကို အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ကြောင်း အကြမ်းဖက် စစ်အုပ်စု ထောက်တိုင် Non-CDM. ကျန်းမာရေးဝန်ထမ်းများကလည်း စစ်ကောင်စီအလိုကျ၊ စစ်ကောင်စီနှင့် အလိုတူအလိုပါ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်နေသည်မှာ သက်သေနှင့်တကွ အထင်အ ရှားဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့မှု အဆင့်အလိုက် Non-CDM ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေး ဥပဒေများနှင့်အညီ ပြစ်မှုပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အကြိမ်ကြိမ်ထုတ်ပြန်သတိပေးထားသည့်ကြားမှ CDM. ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက် စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမည်ဆိုပါက အလိုတော်ရိ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် Non-CDMဝန်ထမ်းများကို လက်ပိုက်၍ ကြည့်နေတော့ မည်မဟုတ်ဘဲ အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးလိုသည်ဟု ဆိုသည်။

CDM ဝန်ထမ်းများကို အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်ကြရန် ပြည်သူလူထုကို အထူးတိုက်တွန်းလိုပြီး တော်လှန်ရေးကို ဦးဆောင်လျက်ရှိကြသော အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြု ပေးကြရန် အလေးအနက်တိုက်တွန်းလိုသည်ဟု ကျန်းမာရေးအင်အားစုများမှ ပူးပေါင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ကျန်းမာရေးမိသားစု – မန္တလေး ၊ CDM ဆေးပညာကွန်ရက် ၊ ရန်ကုန်ဆေးပညာကွန်ရက်၊ ချင်းတွင်းဆေးပညာကွန် ရက် ၊ ကရင်နီသားဖွားဆရာမများရပ်ဝန်း၊ ကရင်နီသူနာပြုအစည်းအရုံး၊ ကရင်နီဆရာဝန်များရပ်ဝန်း CDM ကွန်ရက် ၊ CDM Network (Chin State) တို့ကပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။khit thit

မုံရွာမြို့နယ် ခိုးသန်းကျေးရွာမှ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၏မြောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ခိုးသန်းကျေးရွာကို စစ်ကောင်စီတပ် က ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီခွဲအချိန်တွင် ရွာကိုမီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ခိုသန်းကျေးရွာမှ နေအိမ်ရှစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်သား ၁၀၀ လောက်က ကျနော်တို့ရွာကို မနက်အစောကြီးမီးရှို့တယ်။ ရွာကို မီးရှို့ထားခဲ့ ပြီး စစ်ကြောင်းက ထွက်သွားတယ်။ အချိန်မှီ မီးဝင်ငြှိမ်းနိုင်ခဲ့လို့ ရွာကတော့ သက်သာရာရသွားတယ်။ အိမ်ခြေကတော့ ရှစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်” ဟု ၎င်းက မဇ္စျိမကို ပြောသည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများကြောင့် ခိုးသန်း၊ တောင်ပုလူ၊ ကံအိုး၊ ယင်းပန်း၊ ပလ္လင်ကုန်းစသည့် ကျေးရွာများမှ လူဦးရေ ၇,၀၀၀ ခန့် စစ်ရှောင်နေရကြောင်းသိရသည်။mizzima

« Older Entries