စာသင်ကျောင်းစုံညီပွဲတော် လုံခြုံရေးလာပေးသည့်စစ်ကားများ အပြန်၌ မိုင်းဆွဲခံရပြီး ၆ ဦးသေ ၁၀ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ် မြို့သာမြို့တောင်ဘက် နဘူးတောကျေးရွာမှ စာသင်ကျောင်းစုံညီပွဲတော်ကိုလာရောက်လုံခြုံရေးပေးသည့် စစ်ကောင်စီကားများ ပြန်အထွက်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးခန့်သေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီလ၁၀ရက်နေ့ နေ့လယ် ၁နာရီခန့်က ဖောကား တစ်စီး၊ခွေးဘီလူးကားနှစ်စီး အင်အား၆၀ခန့်ဖြင့် လုံခြုံရေးယူပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းကို မြို့သာမြို့နှင့် စက်မှုဇုန်အကြားတွင် မိုင်း ၁၅လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့မနက်ရတဲ့သတင်းအရ စကစတပ်သား ခြောက်ယောက်သေတယ်။၁၀ဦးဒဏ်ရာရတယ်လို့ သိရတယ်။ မြို့သာဘက်ကနေ နာရေးကား သုံးစီးလာပြီး အလောင်းတွေနဲ့ ဒဏ်ရာရသူတွေတင်ပြီး မြို့သာဘက်ပြန်မောင်းသွားတယ်။ အဲဒီကားတွေနဲ့ ကျန်တဲ့သူတွေကတော့ မြင်းခြံဘက်ကိုပြန်ထွက်သွားတယ်”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ )မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များဟာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အနီးနားကျေးရွာများမှ ဒေသခံအမျိုးသား သုံးဦးကိုလည်း မတရားဖမ်းဆီးသွားကြောင်းဒေသခံများထံက သိရသည်။ mizzima